သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက် ၂ ဦးအယူခံ ပယ်ချတဲ့အတွက် သံတမန်နဲ့ မီဒီယာ အသိုင်းအဝိုင်း ဝေဖန်

ဖမ်းဆီးခံထားရစဉ် ရုံးထုတ်ချိန်တွေ့ရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (သြဂုတ် ၂၀၊ ၂၀၁၈)
ဖမ်းဆီးခံထားရစဉ် ရုံးထုတ်ချိန်တွေ့ရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (သြဂုတ် ၂၀၊ ၂၀၁၈)

သတင်းထောက်တွေ ဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင် ဒဏ် ၇ နှစ် စီရင်ချက်အတွက် အယူခံတင်သွင်းထားတာကို ရန်ကုန်တိုင်း တရားလွှတ်တော်က ဒီကနေ့ပဲ ပယ်ချလိုက်တဲ့အပေါ် သတင်းမီဒီယာ အဖွဲ့အစည်းတွေနဲ့ သံတမန်တွေက ပြစ်တင်ဝေဖန်လိုက်ကြပါတယ်။

“သတင်းထောက်တွေ ဆက်လက်ဖမ်းဆီးခံနေရတဲ့ တခုတည်းသော အကြောင်းရင်းဟာ အာဏာရှိသူ တွေက အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားချင်တဲ့အတွက်သာ ဖြစ်”….ကြောင်း Reuters သတင်းဌာန အယ်ဒီတာချုပ် Stephen Adler ပြောဆိုလိုက်တာပါ။

ဥရောပသမဂ္ဂ (EU) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Kristian Schmidt ကလည်း ဒီနေ့ တရားရုံး ဆုံးဖြတ်ချက်ဟာ တရားစီရင်ရေးစနစ်ရဲ့ လွဲမှားမှုအဖြစ် ပြောဆိုလိုက်သလို မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်ရဲ့ လွတ်လပ်မှုအပေါ် အလွန်အမင်း စိုးရိမ်စရာကောင်းကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

Reuters သတင်းထောက်တွေ ဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကိုတော့ မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ စုံစမ်းသတင်း ယူနေစဉ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ လထဲမှာ ဖမ်းဆီးခံခဲ့ရပြီး ရခိုင်ပြည်နယ်က လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ အပါအဝင် အစိုးရရဲ့ လျို့ဝှက် သတင်း အချက်အလက်တွေကို ဥပဒေနဲ့ဆန့်ကျင်ပြီး ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူခဲ့တာ ဖြစ်ပါ တယ်။ ဒါပေမဲ့လည်း သတင်းထောက်တွေကို အမှုဆင်ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်းလည်း တရားခွင်မှာ အမှုသည် တွေဘက်က ချေပခဲ့တာပါ။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ကတော့ မြန်မာခေါင်းဆောင်တွေ ကိုယ်တိုင် အမှုကိုအာရုံစိုက်ဖြေရှင်းဖို့နဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်ဖို့လည်း ဒီကနေ့ပဲ တိုက်တွန်းခဲ့ ပါတယ်။

ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ကလည်း သတင်းထောက်တွေအမှု အယူခံကို ပယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် တုန်လှုပ်မိကြောင်းနဲ့ သတင်းထောက်တွေ ခံစားနေရတဲ့ ဒုက္ခတွေ အဆုံးသတ်စေဖို့ နိုင်ငံမှာ အမြင့်ဆုံး အာဏာရှိသူတွေအနေနဲ့ ကြိုးပမ်းဖို့လည်း ဒီနေ့ပဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG