ပြီးခဲ့တဲ့ သီတင်းပတ်က အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ ရုရှားအကြား သဘောထား တင်းမာမှုတွေပြင်းထန်ခဲ့ပြီးနောက် နှစ်ဘက်စလုံးက လေသံလျော့လိုတဲ့ သဘောတွေ့ရပါတယ်၊၊
သမ္မတ ထရမ့်က ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက်နဲ့ ရက်စက်စွာတိုက်ခိုက်မှုအပေါ် ဆီးရီးယား သမ္မတ Bashar al-Assad ကိုအပြစ်တင်ခဲ့ပြီး အပြစ်ပေးတဲ့ အနေနဲ့ ဆီးရီးယား ကိုဒုံးကျည် တွေ ပြစ်လွှတ်ဖို့ အသင့်ပြင်ထားတယ်လို့ သတိပေးပြောကြားခဲ့ပါတယ်၊၊
အမေရိကန် ဘက်က ဆီးရီးယားကိုဒုံးကျည်တွေပစ်လွှတ်ရင် ကြားဖြတ်ပစ်ချမယ်လို့ လက်ဘနွန်ဆိုင်ရာ ရုရှားသံအမတ်အပါအ၀င် သံတမန်များက ဆိုခဲ့ ပါတယ်၊၊
ကြာသာပတေးနေ့မှာတော့ နှစ်နိုင်ငံလုံးအပြောလျော့ပြီး လက်တွေ့မှာ ဆီးရီးယားအပေါ်အမေရိကန်က တစုံတရာတိုက်ခိုက်လာရင် ရုရှားအနေနဲ့ ဘယ်လို တုန့်ပြန်သင့်သလဲလို့ ပြန်လည်စဉ်းစားရတော့မယ့် အနေအထားဖြစ်နေပါတယ်၊၊
တချိန်တည်းမှာပဲ ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ စစ်ရေးပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်ကြောင်း ရုရှားက သတိပေးနေချိန်မှာ၊ ဓာတုလက်နက်လို့ ယူဆရတဲ့ တိုက်ခိုက်မှုအပေါ် အမေရိကန်က တုံ့ပြန်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ သမ္မတ Donald Trump က အမျိုးသား လုံခြုံရေးကောင်စီနဲ့ တိုင်ပင်ခဲ့ပါတယ်။
ဆီးရီးယား အခြေအနေနဲ့ ပတ်သက်လို့ အမျိုးသားလုံခြုံရေးအဖွဲ့ဝင်တွေနဲ့ သမ္မတတွေ့ဆုံဆွေးနွေးခဲ့ပြီး၊ နောက်ဆုံး ဆုံးဖြတ်ချက်တော့ မချရသေးတဲ့အကြောင်းလည်း အိမ်ဖြူတော်ပြောခွင့်ရ Sarah Sanders က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။ထောက်လှမ်းရေး သတင်းတွေကို ဆက်လက် ဆန်းစစ်နေဆဲဖြစ်ပြီး လက်တွဲဘက်တွေ၊ မဟာမိတ်နိုင်ငံတွေနဲ့ ဆွေးနွေးပြောဆိုနေသလို၊ ပြင်သစ်သမ္မတ၊ ဗြိတိန်ဝန်ကြီးချုပ် တို့နဲ့ စကားပြောဖို့ စီစဉ်ထားတယ်လို့လည်း ပြောခဲ့ပါတယ်။