သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ ဒုက္ခသည်တွေ ရေရှားပါးမှုနဲ့ကြုံ


ကရင်နီဒေသမှာ ရေလှူဒါန်းနေစဉ် (ဧပြီ ၃၀၊ ၂၀၂၄)
ကရင်နီဒေသမှာ ရေလှူဒါန်းနေစဉ် (ဧပြီ ၃၀၊ ၂၀၂၄)

စံချိန်တင် အပူဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေက တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ ရေရှားပါးတဲ့ ပြဿနာနဲ့ပါ ရင်ဆိုင်နေကြရပါတယ်။ စစ်ရေးပဋိပက္ခတွေ ပြင်းထန်ခဲ့တဲ့ ကရင်နီဒေသမှာ ဆိုရင်လည်း သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံနေရတယ်လို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးသူတွေက ပြောပါတယ်။ ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ ရေအခက်အခဲနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး အလိမ္မာ တင်ပြထားပါတယ်။

ကရင်နီဒေသ ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်တွေမှာ စစ်ဘေးက တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ သောက်သုံးရေ မလုံလောက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ ခန့်မှန်းခြေ ဒုက္ခသည် တစ်သိန်းခွဲလောက်ဟာ ရေရှားပါးမှု ဒဏ်ခံစားနေကြရတယ်လို့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက ပြောပါတယ်။

“ဒီရေရှားပါးတာကတော့ နေရာတော်တော်များများမှာ ဖြစ်နေတာပေါ့နော်။ အထူးသဖြင့် စစ်ရှောင်တွေ များတဲ့ ဒီးမော့ဆိုနဲ့ ဖရူဆိုဘက်မှာ ပိုဖြစ်တာပေါ့နော်။ ဒီးမော့ဆိုနဲ့ ဖရူဆိုက စစ်ရှောင်က ၁သိန်းခွဲရှိတယ်။ အများစုက ၇၅ ရာခိုင်နှုန်းလောက်အထိက ရေရှားပါးမှုဒဏ်ကို ခံရတယ်။ အဲ့ဒီနေရာက ရေရှိခဲ့တဲ့နေရာမဟုတ်ဘူးလေနော်။ တောကြိုတောင်ကြားမှာ စိတ်ချယုံကြည်ရနိုင်တဲ့နေရာနေတဲ့အတွက်ကြောင့်မို့လို့ အစကလည်း အဲ့ဒီမှာ ရေမရှိဘူး၊ အဲ့ဒီတော့ ရေကို ပုံစံအမျိုးမျိုးနဲ့ပဲ ကျနော်တို့ ရှာဖွေစုဆောင်းထားတာပေါ့နော်။ ဒါပေမယ့် နွေရာသီရောက်ရင်လည်း ရေကကုန်တာပဲ။”

စစ်ရေးပဋိပက္ခတွေ ရှိနေတာကြောင့် သောက်သုံးရေ ရနိုင်တဲ့ ဒေသတွေကို ဒုက္ခသည်တွေ မသွားရဲပဲ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ ပြီးခဲ့ မတ်လဆန်ပိုင်းကတည်းက စတင်ပြီး ရေရှားပါးမှုဒဏ်ခံနေရတာပါ။ ဧပြီလကတည်းက တိုင်းနဲ့ ပြည်နယ်အလိုက် နေ့အပူချိန်တွေ ပျမ်းမျှထက် ပိုမိုတိုးလာနေတဲ့အထဲ ကယားပြည်နယ်မှာလည်း အပူချိန် ပျမ်းမျှချက် ၂ ဒီဂရီဆဲလ်စီးယက် ပိုခဲ့ပါတယ်။

ပူပြင်းခြောက်သွေ့တဲ့ဒဏ်အောက် ရေရှားပါးမှုကိုပါ နောက်ဆက်တွဲ ရင်ဆိုင်နေရတာလို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။ ရေရဖို့ ဝေးလံတဲ့နေရာအထိ သွားကြရတာကြောင့် ချွေတာသုံးစွဲနေရတယ်လို့လည်း ဖရူဆိုမြို့နယ်က ဒေသခံတယောက်က ပြောပါတယ်။


“ရေသန့်မဝယ်နိုင်တာကြောင့် ရေကျိုသောက်ရမယ် အဲ့ဒါတွေပေါ့။ ရေချွေသာသောက်ရတယ် အဲ့လိုမျိုးတွေပေါ့။ စားဖို့နဲ့ သောက်ဖို့ပဲ အဓိကထားတဲ့အခါကျတော့ အဝတ်အစားတွေကျ တစ်ပတ်တခါမှပဲ လျှော်ရတာရော၊ လူက ဘယ်လိုပြောမလဲ နည်းနည်းပါးပါးတော့ ကျန်းမာရေးနည်းနည်းတော့ မကောင်းဘူးပေါ့။ နေ့တိုင်း သန့်ရှင်းမှု မလုပ်နိုင်ဘူးပေါ့။”

ရေရှားပါးတဲ့ နေရာတွေအတွက် ကူညီထောက်ပံ့တာတွေ ရှိပေမဲ့ လုံလောက်မှု မရှိဘူးလို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။

“လာလှူတယ်တဲ့ ဒါပေမယ့် တချို့နေရာကျတော့ မရဘူး၊ မရဘူးဆိုတာ မရောက်ဘူးပေါ့ ရေကားကလည်း ရေအလှူရှင်တော့ ရှိပါတယ်။ ဒါပေမယ့် နေရာအနှံ့မသွားနိုင်ဘူး၊ မရောက်သေးဘူး၊ မသွားနိုင်သေးတာလားတော့ မပြောတတ်ဘူး။ ဘာဖြစ်ဆို ကားလမ်းအခက်အခဲ၊ စစ်ရှောင်တွေက ဘယ်လိုပြောမလဲ တောကြောင်တောင်ကြားထဲမှာပဲနေတာ လမ်းဘေးမှာမှမနေရတာ ကားအကြီးဆို ဝင်လို့ မရဘူးလေ။ စစ်ရှောင်စခန်းမှာ ရေသန့်တွေ လှူနိုင်ရင် ပိုကောင်းတယ်။ အမြဲတမ်းချောင်းရေပဲ ကျိုသောက်ရင်လည်း ထုံးဓာတ်ရှိတယ်လေ၊ အလှူရှင်ရှိရင်တော့ ရေသန့်တွေ ဘာတွေ ဝယ် ဝယ်ပြီးတော့ တစ်အိမ်ထောင် တစ်ကဒ်လောက် ဝေးဝေးတခါသောက်ရလည်း ကျေနပ်တယ်ပေါ့နော်။ ရေသန့်ကားတွေဆိုလည်း ဈေးပေါပေါနဲ့ပေါ့ အလကား မလှူနိုင်ရင်တောင်မှ ဓာတ်ဆီဖိုးလေး ပြန်ပေးလည်း အဲ့လိုမျိုးတော့ ကောင်းတာပေါ့။”

မိုးတွင်းကာလမှာ သိုလှောင်ထားလေ့ ရှိတတ်ပေမဲ့ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်ကိုတော့ မဖြည့်ဆည်းနိုင်ဘူးလို့လည်း ဒေသခံတွေနဲ့ အကူအညီပေးသူတွေက ပြောပါတယ်။ ရာသီဥတု ပူပြင်းမှုနဲ့ ကြုံနေရချိန်မှာ ရေရှားပါးမှုက သက်သာရာရဖို့ အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG