သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်နီညိုဒဏ်ကြောင့် ကျေးရွာ ၁၆၀ ကျော်မှာ ရေစတင်ပြတ်လပ်


ပြင်းထန်တဲ့ အယ်နီညိုရာသီဥတုကြောင့် တိုင်းနဲ့ပြည်နယ် ၉ ခုက ကျေးရွာပေါင်း ၁၆၀ ကျော်မှာ ရေပြတ်လပ်မှုတွေ စတင်ဖြစ်ပွားနေပြီလို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပြောဆိုလိုက်ပါတယ်။ ရေပြတ်လပ် တဲ့ ကျေးရွာတွေကို ဝန်ကြီးဌာနနဲ့အတူ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပရဟိတ လူမှုရေးအဖွဲ့တွေကလည်း ရေပေးဝေရာမှာ ကူညီပေးနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မသိင်္ဂီလင်းက တင်ပြထားပါတယ်။

ပြင်းထန်တဲ့ အယ်နီညိုရာသီဥတုကြောင့် မြန်မာနိုင်ငံအနှံ့ ရေပြတ်လပ်မှုတွေ စတင်ဖြစ်ပွားနေပြီး တိုင်းနဲ့ပြည်နယ် ၉ ခုက ကျေးရွာပေါင်း ၁၆၇ ရွာမှာ ရေပြတ်လပ်နေပြီလို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အခုလို ပြောဆိုလိုက်ပါတယ်။

“မနေ့ကအထိဆိုရင် ကယားပြည်နယ်မှာ ၇ ရွာ၊ ကရင်မှာ ၂ ရွာ၊ စစ်ကိုင်းမှာ ၁၂ ရွာ၊ ပဲခူးမှာ ၁၈ ရွာ၊ နောက် မကွေးမှာ ၂၅ ရွာ၊ မန္တလေးက ရွာ ၆၀၊ မွန်က ၂၀၊ ရန်ကုန်က ၇ ရွာ၊ ဧရာဝတီ ၄ ရွာ၊ နေပြည်တော် ၆ ရွာ၊ စုစုပေါင်း ၁၆၇ ရွာမှာ စပြီးတော့ ရေပြတ်နေတယ်။”

လာမယ့် ဧပြီလနဲ့ မေလတွေမှာ ရေပြတ်လပ်မယ့် ကျေးရွာအရေအတွက် ပို တိုးလာမှာကို ခန့်မှန်းထားပြီး ရေဖြန့်ဝေပေးဖို့ ပြင်ဆင်ထားတယ်လို့လည်း ဦးခန့်ဇော်က ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း ရေကို ချွေတာသုံးဖို့၊ ရေအရင်းမြစ်တွေကို ထိန်းသိမ်းဖို့အပြင် ရေဖြန့်ဝေပေးတဲ့ ဦးစီးဌာနနဲ့လည်း အမြဲ ဆက်သွယ်နေကြဖို့ ဦးခန့်ဇော်က တိုက်တွန်းလိုက်ပါတယ်။

“ပြည်သူတွေကတော့ ခုနကပြောသလို ချွေတာဖို့ပါပဲ။ ဒါ သိနေတဲ့အတွက်ကြောင့် ဒီနှစ်မှာ ကျနော်တို့က ချွေတာရမယ်။ နောက်ပြီးတော့ ရေအရင်းအမြစ်တွေကို ကျနော်တို့က ဝိုင်းဝန်း ထိန်းသိမ်း ကာကွယ်ပေးရမယ်ဆိုတာ ကျနော်တို့ကလည်း ဒီဌာနဆိုင်ရာ ဝန်ထမ်းတွေဆိုတာ ကန့်သတ်ချက် အခက်အခဲတွေ ရှိတယ်လေ။ အကုန်လုံး ကျနော်တို့ချည်းပဲ လိုက်လုပ်ပေးလို့မရဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့က ကိုယ့်ရဲ့ ရေအရင်းအမြစ်တွေကို ကာကွယ်ပေးရမယ်။ ကိုယ့်မှာရှိတဲ့ ရေတွင်းတွေ၊ ရေကန်တွေကို တိရစ္ဆာန်တွေ မဝင်အောင်လို့ တားဆီးပေးရမယ်။ ချွေတာသုံးရမယ်ဗျာ။ နောက်ပြီး ကျနော်တို့က ဌာနဆိုင်ရာတွေနဲ့ အမြဲ ပူးပေါင်းနေရမယ်ဗျာ။ လိုအပ်လို့ရှိရင် ကျနော်တို့က ကျနော်တို့ လာတာကိုပဲ အမြဲ စောင့်နေလို့မရပါဘူး။ ကျနော်တို့အတွက်ကလည်း ကန့်သတ်ချက်ရှိပါတယ်။ မြို့နယ် တမြို့နယ်မှာဆိုရင် တချို့နေရာတွေမှာက ရွာ ၁၀၀ ကျော်၊ တချို့က ရွာ ၃၀၀၊ တချို့ ရွာ ၄၀၀ ရှိတာပေါ့လေ။ ကျနော်တို့ မြို့နယ် တမြို့နယ်မှာရှိတဲ့ ဝန်ထမ်း ၁၅ ယောက်လောက် ရှိတာဗျ။ ဒါကြောင့်မို့လို့ ကျနော်တို့တွေကို ဒါ communication ဆိုတာ ကျနော်တို့က နှစ်ဘက်သွားမှဆိုတော့ ကျနော်တို့ကို စောင့်နေရင်တော့ ကြန့်ကြာပါလိမ့်မယ်။ ကျနော်တို့ကို ဆက်သွယ်နေဖို့ လိုပါတယ်ခင်ဗျ။”

လက်ရှိ ရေပြတ်လပ်မှု ကြုံတွေ့နေရတဲ့ ကျေးရွာတွေအတွက် ရေပေးဝေတဲ့အခါ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့အတူ ကျေးရွာ ထွေအုပ်တွေအပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ဝေဠုကျော် ဖောင်ဒေးရှင်း စတဲ့ ပရဟိတအဖွဲ့အစည်းတွေကလည်း ပါဝင်ကူညီနေကြတာပါ။

မန္တလေးမြို့အခြေစိုက် ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းက ကိုညီညီနိုင်ကလည်း သူတို့အဖွဲ့အနေနဲ့ ရေပြတ်လပ်မှုကြုံရတဲ့ ကျေးရွာတွေကို ကူညီဖို့ အသင့်ပြင်ထားတယ်လို့ အခုလို ပြောပါတယ်။

“ဂါလံ ၁၂၀ ဆံ့တဲ့ ရေတိုင်ကီ ကျနော်တို့ စီမံထားပါတယ်။ အဲဒီ ရေတိုင်ကီတွေထဲကို သောက်သုံးရေတွေပေါ့နော် ဂါလံ ၁၂၀ ဆံ့ သောက်သုံးရေတွေ ထည့်မယ်။ ထည့်ပြီးရင် အဲဒါတွေကို ရေပြတ်တဲ့နေရာတွေကို ပို့မယ်ပေါ့။ အဲဒါတွေကို စဉ်းစားထားပါတယ်။ နောက်ပြီးတော့ ၁၂ ပေ၊ ၁၈ ပေ မိုးကာတွေနဲ့ အဲဒါတွေကိုလည်း သုံးရေတွေ ဖြန့်ဝေမယ်လို့လည်း စဉ်းစားထားပါတယ်။ ဂါလံ ၉၀၀ ဆံ့တဲ့ ရေလှောင်ကန်လေးလည်း ကျနော်တို့ စီမံထားပါတယ်။ အဲဒီအတွက် ကြိုတင် ပြင်ဆင်ထားပါတယ်ခင်ဗျ။”

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ ပြင်းထန်တဲ့ အယ်နီညိုရာသီဥတုကြောင့် ၂၀၁၆ ခုနှစ် နွေရာသီမှာ တနိုင်ငံလုံးက ကျေးရွာပေါင်း ၁၇၀၀ ကျော်မှာ ရေပြတ်လပ်နိုင်မယ်လို့ ခန့်မှန်းထားပြီး နိုင်ငံတော် ထောက်ပံ့ငွေ သန်း ၁၀၀ ကျော်ကို အသုံးပြုပြီး ရေဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG