သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံဆွေးနွေးပွဲ ရေပိုင်နက်အငြင်းပွားမှု အရေးပါ


အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများအဆင့်နဲ့ ကိုယ်စားလှယ်များ နေပြည်တော်မှာကျင်းပတဲ့ ၂၄ ကြိမ်မြောက် အစည်းအဝေးမှတ်တမ်း။ (မေ ၁၀၊ ၂၀၁၄)
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများအဆင့်နဲ့ ကိုယ်စားလှယ်များ နေပြည်တော်မှာကျင်းပတဲ့ ၂၄ ကြိမ်မြောက် အစည်းအဝေးမှတ်တမ်း။ (မေ ၁၀၊ ၂၀၁၄)
အရှေ့တောင်အာရှနိုင်ငံတချို့နဲ့ တရုတ်နိုင်ငံအကြား တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတာ နဲ့ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်တရပ်ကို အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ASEAN နိုင်ငံခြားရေး ဝန်ကြီးတွေအကြား ဒီကနေ့ သဘောတူခဲ့ကြပါတယ်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေး အကြို နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်း အဝေးအတွင်း အဲဒီလို သဘောတူခဲ့ကြတာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

နေပြည်တော်မှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဒီကနေ့ အစည်းအဝေးမှာ အကြောင်းအရာမျိုးစုံကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပေမယ့် လူအများစိတ်အဝင်စားဆုံးနဲ့ အဓိကအကျဆုံး ကိစ္စကတော့ တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စပဲဖြစ်ပါတယ်။
အထူးသဖြင့်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းကပဲ တရုတ်နဲ့ဗီယက်နမ်အကြား၊ တရုတ်နဲ့ဖိလစ်ပိုင်အကြား အဲဒီရေပြင်မှာ တင်းတင်းမာမာ အခြေအနေတွေရှိခဲ့ပြီး လက်ရှိမှာကိုပဲ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံက သင်္ဘောတွေဟာ တဘက်နဲ့တဘက် ရင်ဆိုင် တွေ့နေကြဆဲဖြစ်ပါတယ်။

ဒီကနေ့မနက်ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်း ဒီအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ အိမ်ရှင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အစည်းအဝေးအပြီးကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။
နေပြည်တော်မှာ စတင်ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးအကြို နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် မိန့်ခွန်းပြောကြားစဉ်။ (မေ ၁၀၊ ၂၀၁၄)
နေပြည်တော်မှာ စတင်ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးအကြို နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် မိန့်ခွန်းပြောကြားစဉ်။ (မေ ၁၀၊ ၂၀၁၄)

“အခြေအနေပေါ်မှာ ကျနော်တို့ရဲ့စိုးရိမ်ချက်ကို ဖော်ပြပြီး သက်ဆိုင်တဲ့နိုင်ငံအားလုံးက တကယ့် ကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းထားတဲ့ အာဆီယံဝန်ကြီးတွေအားလုံး သဘောတူတဲ့ ထုတ်ပြန်ချက်တရပ်ကို ချမှတ်ခဲ့ပါတယ်။”

ဗီယက်နမ်ကမ်းလွန်က အငြင်းပွားနေတဲ့ ရေပြင်ပိုင်နက်မှာ တရုတ်နိုင်ငံက ကမ်းလွန်ရေနံတူးစင်တခု တည်ဆောက်ဖို့ ကြိုးစားတာကြောင့် ဗီယက်နမ်နဲ့ ထိပ်တိုက်တွေ့နေသလို ဖိလစ်ပိုင်ကလည်း တရုတ်ငါးဖမ်းသင်္ဘောတစင်းကို ပြီးခဲ့တဲ့သီတင်းပတ်က ဖမ်းခဲ့တာကြောင့် အခြေအနေက တင်းမာနေတာပါ။
လက်ရှိအာဆီယံအတွင်းရေးမှူးချုပ် ဗီယက်နမ်နိုင်ငံသား Le Luong Minh ကလည်း ဦးဝဏ္ဏမောင်လွင်ပြောသွားသလိုပဲ ထပ်တူပြောခဲ့ပါတယ်။

“တောင်တရုတ်ပင်လယ်မှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ အခြေအနေအပေါ် အထူးစိုးရိမ်တဲ့အကြောင်း ဝန်ကြီးတွေက ဖော်ပြခဲ့ကြပါတယ်။ အခုဒီမှာဖော်ပြထားတဲ့ အထောက်အထားတွေအားလုံးဟာ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး တရုတ်နဲ့ အာဆီယံနိုင်ငံတွေ လိုက်နာလုပ်ဆောင်ရမှာတွေနဲ့ ပတ်သက်ပါတယ်။”

အာဆီယံနိုင်ငံတွေဟာ ၂၀၁၅ ခုနှစ်မှာ AEC လို့ခေါ်တဲ့ အာဆီယံ စီးပွားရေးအဝန်းအဝိုင်းကို တည်ထောင်ဖို့ သတ်မှတ်ထားကြ ပေမယ့် အဲဒီရည်မှန်းချက်အတိုင်း ပြည့်မီအောင် အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေက ထွက်နေတာပါ။

လက်ရှိအာဆီယံအတွင်းရေးမှူးချုပ်ကတော့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ၂၀၀၉ ခုနှစ်ကတည်းကနေဆိုရင် တနှစ်ကို ၁၃% လောက် နှုန်းနဲ့ အကောင်အထည်ဖော်နေကြတာမို့ ရည်မှန်းချက်ကို ပြည့်မီမှာပါလို့ အခိုင်အမာ ပြောသွားပါတယ်။

“ကျနော်တို့မှာ နောက်ထပ် တနှစ်ခွဲ နှစ်နှစ် အချိန်ကျန်ပါသေးတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ၂၀၁၄ နှစ်ဆန်းကတည်းက အကောင်အထည်ဖော်ပြီးတာတွေကို ထည့်မတွက်ရသေးပါဘူး။ ကျနော်ပြောခဲ့တဲ့ အကောင်အထည်ဖော်ပြီး သား ရာခိုင်နှုန်းတွေက ၂၀၁၃ နှစ်ကုန်ထိပဲ ရှိပါသေးတယ်။ ဒါကြောင့် အားလုံးခြုံပြောရင် ကျနော်တို့ ရည်မှန်းချက်ပြည့်မီရေး လမ်းကြောင်းမှာရှိနေပါတယ်။ ဒါကြောင့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှာ အာဆီယံ စီးပွားရေးအဝန်းအဝိုင်းကို အကောင်အထည် ဖော်ရေး သတ်မှတ်ထားတဲ့ ရည်မှန်းချက်ကို ပြည့်မီပါလိမ့်မယ်။”

မေလ ၁၁ ရက်၊ တနင်္ဂနွေနေ့မှာတော့ အာဆီယံနိုင်ငံခေါင်းဆောင်တွေ တက်ရောက်မယ့် ထိပ်သီးအစည်းအဝေးကို ကျင်းပမှာပါ။

အဲဒီထိပ်သီးအစည်းအဝေးကနေ ဒီကနေ့ နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူထားတဲ့ ကြေညာချက်ကို အတည်ပြုပြီး ထုတ်ပြန် လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
XS
SM
MD
LG