သုံးရလွယ်ကူစေသည့် Link များ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံအနာဂတ်အတွက် အင်မတန်အရေးကြီးတဲ့ ရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာချိန်ထိ ပြန်ပြင်မရနိုင်တော့တဲ့ မဲစာရင်း မှားယွင်းမှုတွေကြောင့် ပြည်သူတချို့ ရဲ့  မဲပေးခွင့် ဆုံးရှုံးကြရမှာဖြစ်သလို ရွေးကောက်ပွဲရလဒ်မှာပါ ရိုက်ခတ်မှုတွေရှိလာနိုင်တယ်တဲ့ အခြေအနေ ရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပါဝင်ယှဉ်ပြိုင်ကြမယ့် အမတ်လောင်းတွေ၊ နိုင်ငံရေးပါတီတွေက ပိုပြီးထိထိရောက်ရောက် ထောက်ပြပြောဆိုသင့်တယ်၊ တိုင်တန်းအရေးယူတာတွေ လုပ်သင့်တယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ ၁၉၉၀ ပြည့် ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်လောင်း၊ NLD ဗဟိုကော်မီတီဟောင်း ဦးစောနိုင်းနိုင်း၊ ABSDF ခေါင်းဆောင်ဟောင်း မြန်မာ့အရေးသုံးသပ်သူ ဦးအောင်သူငြိမ်း တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး မေးချင်တာက အခု ရွေးကောက်ပွဲ ကျင်းပဖို့ လုပ်လာတဲ့အချိန်မှာ မဲမမှန်ကန်မှု။ မဲမသမာမှုလို့တော့ လောလောဆယ်မှာ ကျနော် ကင်ပွန်းမတပ်ချင်သေးပါဘူး။ မဲစာရင်း မှားယွင်းမှု။ ဘယ်လောက်တောင် မှားယွင်းသလဲဆိုရင် အပြင်မှာ ရောက်နေတဲ့ မြန်မာပြည်သူတွေကို ကြည့်မယ်ဆိုရင် ထိုင်းမှာ (၂) သန်းကျော်လောက်ရှိတယ်။ ကိုအောင်သူငြိမ်းတို့ အများကြီး သိပါတယ်။ အဲဒီအထဲမှာ ခြောက်ရာလောက်ပဲ ကြိုတင်မဲပေးပိုင်ခွင့် စာရင်းမှာပါပြီးတော့ လေးရာကျော်လောက်ပဲ မဲပေးခွင့် ရရှိခဲ့တယ်ဆိုတာ အင်မတန်မှ စိတ်မကောင်းရာ၊ ဝမ်းနည်းစရာ ကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်။ အလားတူစွာပဲ မြန်မာနိုင်ငံအတွင်းမှာ Local Migrants တွေ ပြည်တွင်းမှာပဲ ကိုယ့်အိမ်မှာမနေဘဲ၊ အခြားနေရာမှာ အလုပ်လုပ်နေတဲ့လူတွေရဲ့  မဲစာရင်းမပါမှုတာလဲ အလွန်ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်ဆိုတာကို တွေ့နေရပါတယ်။ ဦးစောနိုင်းနိုင်းအနေနဲ့ တစုံတရာ ပြောချင်ပါလား။ ဒီမှားယွင်းမှုနဲ့ ပတ်သက်လို့။ ဘယ်လောက်မှားတယ်ဆိုတဲ့ အမှားကို။

ဦးစောနိုင်းနိုင်း ။ ။ မဲစာရင်းမှားတာကတော့ မကြုံဘူးလောက်အောင် မှားတယ်။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲက ရွေးကောက်ပွဲတခု လုပ်တာပဲ။ အဲဒီမှာလဲ ဌာနနေရာ (၄၀) ကျော်လောက်ရှိတယ်။ သို့သော်လဲ အဲဒီလောက်ကြီးမှားတာ မရှိဘူး။ အခုမှ ထူးထူးခြားခြား ဒီ မဲစာရင်းမလုပ်ခင်ကာလမှာ သန်းခေါင်းစာရင်း ကောက်တာကို သေသေချာချာ လုပ်တယ်။ အိမ်တိုင်းရာရောက် စစ်ဆေးပြီးလုပ်တာ။ လူဦးရေစာရင်း၊ အိမ်ထောင်စုစာရင်းတွေ။ သေသေချာချာ လုပ်ပြီးတဲ့အခါမှာ မကြာဘူး နောက်ထပ် (၇) လလောက်အကြာမှာ မဲစာရင်းဆိုတာ ပေါ်လာတယ်။ မဲစာရင်း ပေါ်လာတဲ့အခါမှာ ဒီလို မှားတာတွေတွေ့တော့ ဒါ ဘာကြောင့် မှားတာလဲဆိုတာ ဘယ်လိုမှ တွေးလို့မရဘူး။ အဲဒီတော့ ဒီဥစ္စာက သမာရိုးကျ မှားတာလား။ Clerical error က ဒီခေတ်ကြီးထဲမှာ နည်းပညာ၊ နည်းစနစ် ကွန်ပြူတာတွေ အသုံးပြုလို့ရတယ်။ Clerical error စာရေးစာချီ မှားစရာတွေ မရှိဘူး။ သို့သော်လဲ ဒီဥစ္စာတွေ မှားရတယ်ဆိုတာ မှားအောင်လုပ်လို့ မှားတာပဲလားဆိုတာ သံသယဝင်စရာကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးအောင်သူငြိမ်း … ဒီလို မဲစာရင်းဟာ အဆမတန် မှားယွင်းနေမှုကြောင့် မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အလားအလာ ဘယ်လောက်အထိ ထိခိုက်စေမယ် ထင်ပါလဲ။ ဒီလို မှားယွင်းမှုက။

ဦးအောင်သူငြိမ်း ။ ။ အရင်ရွေးကောက်ပွဲတွေတုန်းက ကျနော်တို့ မှတ်ပုံတင်ပြတယ်ဆိုလိုရှိရင် သတ်မှတ်ထားတဲ့ မဲရုံတွေမှာ မဲပေးခွင့်ရတဲ့ အနေအထားပါ။ အခုအချိန်မှာတော့ မဲစာရင်းထဲမှာပါတဲ့လူပဲ မဲပေးခွင့်ရှိတယ်ဆိုတဲ့ ကန့်သတ်ချက် လုပ်လိုက်ပါတယ်။ လုပ်လိုက်တဲ့အခါကြတော့ မဲစာရင်းထဲမှာ ပါမပါဆိုတဲ့ ပြဿနာက ပိုပြီးအရေးကြီးသွားတာပေါ့။ အဲဒီအနေအထားမှာကြတော့ အမှားအယွင်းတွေက အများကြီးရှိပါတယ်။ ဒါပေမဲ့ တဘက်မှာလဲ နိုင်ငံတကာအဖွဲ့ကြီးတွေနဲ့ပေါင်းပြီးတော့ ရွေးကောက်ပွဲကော်မရှင်က လုပ်နေတာတွေ ရှိပါတယ်။ အထူးသဖြင့် IFES (International Foundation for Electoral Systems) လို့ခေါ်တဲ့ အမေရိကန်အခြေစိုက် အဖွဲ့တွေနဲ့လည်း ပေါင်းပြီးလုပ်နေပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့အစည်းတွေဘက်က ဒီကိစ္စတွေနဲ့ ပတ်သက်လို့ တစ်လုံးတစ်ပါဒ မပြောဘဲ ရှိနေတယ်။ နောက်တခါ ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင် မဲစာရင်းတွေ မှားတာနဲ့ ပတ်သက်ပြီး တာဝန်ခံမှုက တော်တော်အားနည်းတယ်လို့ မြင်ပါတယ်။ အဲဒီတော့ ဘာဖြစ်လာနိုင်သလဲဆိုတော့ ရွေးကောက်ပွဲနေ့မှာ လူတွေက နာမည် မဲစာရင်းထဲ မပါတာတို့။ အခုတခါကြတော့ မဲပေးခွင့် သက်သေခံကဒ်ပြားတွေ ထပ်ထုတ်ပေးတယ်ဆိုတော့။ ဒါမျိုးတွေက ဖောင်းပွမှုတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီတော့ အများကြီး အငြင်းပွားစရာတွေ ရှိတယ်လို့တော့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်သူငြိမ်း ပြောသွားသလို ကြိုတင်လက်မှတ်တွေ ထုတ်ပေးမယ်ဆိုတော့ အဲဒီ လက်မှတ်ထဲမှာ လက်မှတ်ကိုင်ဆောင်သူရဲ့  identity ဘာမှ မပါဘူးတဲ့။ ဓါတ်ပုံတွေ ဘာတွေဆိုတော့ သူတို့ကြိုက်တဲ့လူကို ထုတ်ပေးပြီးတော့ ပေးချင်သလိုပေးကြ ဆိုတာမျိုးလဲ ဖြစ်လာနိုင်တယ်ပေါ့။

ဦးစောနိုင်းနိုင်း ။ ။ မဲစာရင်းမှာပါတဲ့ လူတွေက မဲသွားပေးတဲ့အခါမှာ မဲရုံမှာ သူပြရမယ့် အထောက်အထားက သူ့ရဲ့  မှတ်ပုံတင်ပြရင် လုံလောက်တယ်။ အခုတခါကြတော့ ဒီဥစ္စာကို မလုပ်ဘဲနဲ့ ကဒ်ပြားကို သွားထုတ်။ ဒီ သွားထုတ်တဲ့ လုပ်ငန်းတခု ပိုသလို၊ သွားမထုတ်တဲ့ကိစ္စတွေလဲ ရှိတယ်။ အဲဒီတော့ အခုတခါ ပြန်ကြားရတာက အတိအကျတော့ မဟုတ်သေးဘူး။ အဲဒီကဒ်ပြား မဲစာရင်းကဒ်ပြား မထုတ်ယူဘဲ၊ မှတ်ပုံတင်ရှိရင် ရပါတယ်ဆိုပြီး ပြောပြန်တယ်။ ဝိဝါဒတွေ ကွဲတာပေါ့။ လုပ်တဲ့လုပ်ငန်းတွေက အကုန်လုံး ရှုပ်ထွေးလာတဲ့အခါကြတော့ မှားယွင်းမှုတွေ မကဘူး။ ဒီမှားယွင်းမှုကို အမြတ်ထုတ်ပြီးတော့ မတရားလုပ်တဲ့ကိစ္စတွေကို အခွင့်အလမ်းပေးသလို ဖြစ်နေတယ်။ ဒီဥစ္စာက လုပ်ထုံးလုပ်နည်း လုပ်တဲ့ ကော်မရှင်အနေနဲ့ မူဝါဒချသူတွေမှာ အများကြီး တာဝန်ရှိတယ်။ ရှင်းရှင်းပြောရရင် ဒီရွေးကောက်ပွဲကြီးက ရှုပ်ထွေးပွေလီမှုတွေ ဖြစ်ပေါ်နေတာတော့ သေချာနေပြီ။

ဦးကျော်ဇံသာ ။ ။ ဦးစောနိုင်းနိုင်းက ဒီဟာမှားယွင်းမှုကြောင့် မသမာမှုတွေ ဖြစ်လာတယ်။ ကျနော် စဉ်းစားမိတာက မသမာမှု ဖြစ်စေချင်လို့ တမင်မှားနေသလားဆိုပြီး လူအတော်များများက တွက်ကြပါတယ်။ အဲဒါကို ကိုအောင်သူငြိမ်း ဘယ်လို ကြားပါလဲ။ ဘယ်လို ထင်သလဲ။

ဦးအောင်သူငြိမ်း ။ ။ ကျနော့်အမြင်က ဒီကိစ္စကို တမင်တကာ မသမာမှုလို ဖန်တီးချင်လို့ ဒီလိုလုပ်တယ်လို့ ကျနော် မယူဆဘူး။ ဘာဖြစ်လို့ ကျနော် ဒီလို ပြောသလဲဆိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပေါင်းပြီး လုပ်နေတာလည်း ရှိတာပေါ့။ နောက်တခါကြတော့ ကျနော် ဖတ်ရတဲ့ သတင်းတစ်ခုက အဲဒီမှာ ဘာပြောထားလဲဆိုတော့ အောက်ခြေမဲရုံမှုးတွေက တင်ပေးလိုက်ပြီးတော့ ရပ်ကွက်ထဲမှာ အမှန်တကယ်ရှိတဲ့ စာရင်းကို တင်ပေးလိုက်ပါတယ်။ တင်ပေးလိုက်တဲ့အခါမှာတော့ တကယ်မှာက IFES က အကြံပြုတာက ပုံစံ ၆၆/၆ လို့ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးမှာရှိတဲ့ စာရင်းကို အတည်ယူဖို့ဆိုပြီး အတည်ပြုတယ်။ အဲဒီကာလမှာပဲ နှစ်ဘက်မှာ အမှားအယွင်းတွေက ပိုမိုပြီးရှုပ်လာတယ်။ နောက်တခါ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေမှာလဲ စာရိုက်မှုဘာမှုတွေမှာ Sub-contract ပေးလိုက်တဲ့ကိစ္စတွေမှာ တော်တော်များများ ပြဿနာတွေ ရှိပါတယ်။ အဲဒီတော့ ကျနော် မြင်တာကတော့ တမင်တကာ မှားယွင်းတာထက်စာရင် ကျနော်တို့က ပင်ကိုယ်မှာက အစိုးရရဲ့  ကဏ္ဍအသီးသီးမှာ ဒီလို အားနည်းချက်တွေရှိလို့ အခုအချိန်မှာ ပေါင်းစုံပြီးတော့ ဖော်ပြတာလို့ ကျနော် ယူဆတယ်။

ဦးကျော်ဇံသာ ။ ။ ဦးစောနိုင်းနိုင်းရဲ့  သဘောထားလဲ သိချင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့။

ဦးစောနိုင်းနိုင်း ။ ။ ရှင်းရှင်းပြောရရင် မဲစာရင်း၊ မဲဆန္ဒပေးမယ့် စာရင်းကိုလုပ်တဲ့ လုပ်ငန်းက ဘာမှရှုပ်ထွေးစရာ မရှိဘူး။ ဘဏ္ဍာငွေတွေလည်း ရှိတယ်။ အပြင်ကလည်း ကူညီတာတွေရှိတယ်။ ကုလသမဂ္ဂ နဲ့ အခြားအဖွဲ့အစည်းတွေက ကူညီတာတွေရှိတယ်။ ရုံးလုပ်ငန်းကလဲ ခက်ခက်ခဲခဲ ဘာမှလုပ်စရာ မရှိတဲ့ဥစ္စာကို၊ ဒါကို ရှုပ်ထွေးအောင်လုပ်တဲ့ ဥစ္စာက၊ ဒီရှုပ်ထွေးအောင်လုပ်တဲ့ ကော်မရှင်က လူတွေရဲ့  လုပ်ရည်ကိုင်ရည် အင်မတန် ညံ့ဖျင်းလို့လား။ ဒီလိုပြောလို့ ဒီထက်မက အခြားကိစ္စတွေလဲ သူတို့ လုပ်နေတာပဲ။ ရှုပ်ထွေးအောင် တမင်တကာ ဘာကြောင့်လုပ်သလဲဆိုတာ သံသယဖြစ်စရာ ဖြစ်နေတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဒီလောက်တောင် ညံ့သလား ဆိုတာ ကျနော်လည်း အမြဲတမ်း မေးနေတဲ့ကိစ္စပါ။ စာရင်းတောင်မှန်အောင် မလုပ်နိုင်ဘူးဆိုတဲ့ ပုဂ္ဂိုလ်က ရွေးကောက်ပွဲကော်မရှင်က ဘယ်နဲ့လုပ်ပြီး ဒီလူကို ဥက္ကဋ္ဌ ခန့်ရသလဲဆိုတာတော့ အဓိက မေးစရာ ဖြစ်ပါတယ်။ ဒါဖြင့်ရင် သူတို့က တမင်တကာလုပ်တယ်ဆိုရင်လဲ၊ ကိုအောင်သူငြိမ်း ပြောတဲ့ နိုင်ငံတကာအသိုင်းအဝိုင်း ဘာလုပ်နေလဲ။ ဒီလူတွေ မြန်မာနိုင်ငံ အခု ရွေးကောက်ပွဲကို ကြည့်ကတည်းက သူတို့ရဲ့  သဘောထားဟာ တကယ့်အမှန်အတိုင်း ဖြစ်စေချင်တဲ့ဆန္ဒ ရှိရဲ့ လား။ ကျနော် ဒီဘက်က အမေရိကက မြန်မာ့အရေး ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ကျနော် မကြာခဏ မေးဖြစ်ပါတယ်။ သူတို့ အရင်တုန်းကလို Free and Fair Election ဖြစ်ရမယ်လို့ မပြောတော့ဘူး။ Inclusive တို့၊ Liberty တို့၊ Transparent တို့ လျှောက်ပြောလာတယ်။ အဲဒါကို မေးကြည့်တော့ တချို့ က ဘာပြောလဲဆိုတော့ Free and Fair လို့မှ သုံးလို့မရတာ။ သူတို့က ဖွဲ့စည်းပုံမှာ အားနည်းနေတာ။ နောက်ပြီးတော့ သမ္မတကို ရွေးချယ်ခွင့် qualification ကို ပိတ်ပင်ထားတာ။ စစ်တပ်က အာဏာအများကြီး ယူထားတာ။ ဒီကိစ္စတွေကြောင့် Level plain field မဟုတ်ဘူးဆိုပြီးတော့ Free and Fair မသုံးဘဲနဲ့ ပိုပြီးမှန်ကန်တဲ့ အသုံးအနှုန်းဖြစ်တာကို လျှော့ပြီးတော့ သုံးတာလို့ ပြောကြပါတယ်။ ဆိုတော့ အခုကိစ္စမှာလဲ ဒီ အမေရိကန် IFES က ဒီအဖွဲ့တွေက ဘာဖြစ်လို့ ဒီကိစ္စကို မှန်ကန်အောင် မလုပ်နိုင်တာလဲ။ ဒီအမှားအယွင်းကို ဘာကြောင့် ပြင်းပြင်းထန်ထန် ထောက်ပြီး မပြောကြတာလဲဆိုတာ မေးစရာ ရှိပါတယ်။ ကိုအောင်သူငြိမ်း ဘာပြောချင်ပါလဲ။

ဦးအောင်သူငြိမ်း ။ ။ ကျနော် မြင်တာကတော့ အခုန ဦးကျော်ဇံသာ ပြောသလိုပါပဲ … သူတို့အနေနဲ့ ဒီကိစ္စတွေမှာ အတွင်းကျကျလည်း ပါဝင်ပတ်သက်နေတယ်။ အခုနလို Contract တွေ၊ ရန်ပုံငွေတွေ အများကြီး ပေးနေတဲ့ကိစ္စတွေလည်း ရှိပါတယ်။ ဘာဖြစ်လို့ အခုအချိန်မှာ နှုတ်ဆိတ်နေလဲ။ ဘာလို့ မပြောသလဲဆိုတာ ကျနော်လည်း မေးခွန်းထုတ်ချင်တာ ကြာပါပြီ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုလို ဖြစ်လာရင် ကျနော် ထင်ပါတယ်… ရွေးကောက်ပွဲပြီးတဲ့အခါ မဲတွေ ရေတွက်တဲ့အခါ ဒီလူတွေ မှန်မှန်ကန်ကန် ရေတွက်နိုင်ပါ့မလား။ ကျနော်ကတော့ သံသယ ရှိတယ်။ ဦးနိုင်းနိုင်း ဘယ်လို သဘောရပါလဲ။

ဦးစောနိုင်းနိုင်း ။ ။ အရင် ၁၉၉၀ တုန်းက မဲရေတွက်တာ တော်တော်ရိုးစင်းပါတယ်။ သက်ဆိုင်ရာ မဲရုံ၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့  မဲရုံကိုယ်စားလှယ်တွေရှေ့ မှာ ရေရတယ်။ … လုပ်တယ်။ ပြီးတော့ မြို့ နယ်ကော်မရှင်ကို ပေါင်းတယ်။ ဒီလို ရှင်းရှင်းလင်းလင်းလုပ်တယ်။ အခုတော့ ဒီမှာ မဲရုံအသီးသီးမှာတော့ လွှတ်တော်ကိုယ်စားလှယ်နဲ့ မဲရုံကိုယ်စားလှယ်တွေ ရှိကြပါတယ်။ သို့သော်လဲ မဲရေတဲ့အခါမှာ မဲပြားကို သတ်မှတ်တဲ့အခါမှာ အခုနပြောသလို တရားဝင်မဲ ဖြစ်တယ်၊ ပယ်မဲ ဖြစ်တယ် သတ်မှတ်တဲ့အခါမှာလဲ ပြဿနာ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ လုပ်ငန်းတခုကို ကြိုတင်ပြီးတော့ နမိတ်ဖတ်တာတို့ မလုပ်ချင်ဘူး။ ဒါပေမဲ့ အခြေခံကျတဲ့ စာရင်းအင်းတောင် မှားနေလို့ရှိရင် ကျန်တဲ့ကိစ္စတွေမှာ မှားယွင်းမှုတွေ ဖြစ်ဖို့ဆိုတာ အခွင့်အလမ်းများတယ်လို့ပဲ ကျနော် ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ တကယ်လို့များ အဲဒီလို ဆက်လက်ပြီး မှားနေခဲ့ရင် အခု ကူညီနေတဲ့ နိုင်ငံတကာအဖွဲ့တွေ၊ စောင့်ကြည့်ရေးအဖွဲ့တွေက ဘယ်လောက်အထိ တတ်နိုင်မယ် ထင်ပါလဲ။

ဦးအောင်သူငြိမ်း ။ ။ နိုင်ငံတကာအဖွဲ့အစည်းတွေဘက်ကတော့ ရွေးကောက်ပွဲမှာ ကျနော်တို့ မြင်တဲ့အတိုင်းပဲ မျှတတယ်၊ ပွင့်လင်းမှုရှိတယ် စသည်ဖြင့် ဒါတော့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ အခုန ပြောသလိုပဲ ကျနော်တို့ သုတေသနလုပ်ငန်းမှာပြောရင် baseline data လို့ခေါ်တဲ့ အခြေခံအချက်အလက်တွေက မှားနေမယ်ဆိုရင် အဖြေထုတ်တဲ့အခါ နောက်ဘိတ်ဆုံး မှားနိုင်တဲ့ ပြဿနာ ရှိပါတယ်။ အခုနပြောသလိုပဲ အဓိက မဲစာရင်းတွေကစလို့ မှားတယ်ဆိုရင် ကျနော်တို့က ဘယ်အခြေခံပေါ်ယူပြီး တွက်မှာလဲ။ ဘယ်လိုမျိုး တွက်မှာလဲဟာက နောက်ပိုင်းပြဿနာတွေ အများကြီး ရှိနိုင်တယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အလားအလာ၊ ပြန်ပြီးတော့ တည်မတ်အောင် မှန်မှန်ကန်ကန် ပြည်သူတွေရဲ့  တသက်မှာတခါ၊ အင်မတန် အရေးကြီးတဲ့ ရွေးကောက်ပွဲပါ။ ဒီဟာမှာ မှန်မှန်ကန်ကန်ဖြစ်အောင် ပြည်သူတွေရဲ့  သဘောထားဆန္ဒအမှန် ပေါ်လာအောင် ပြန်လည်ဆောင်ရွက်နိုင်မယ့်နည်းလမ်းကို တွေ့မိပါလား။

ဦးအောင်သူငြိမ်း ။ ။ အခုလောလောဆယ်မှာတော့ ကျနော် မတွေ့ဘူး။ အခုလောလောဆယ်မှာတော့ မဲစာရင်းတွေ မှန်ကန်အောင်လို့ လုပ်ဖို့ဆိုရင် ထပ်ပြီးအချိန်ယူရမယ့်သဘောလဲ ရှိပါတယ်။ အဲဒီတော့ တချို့ ပါတီတွေကလဲ ရွေးကောက်ပွဲကို ရွှေ့ ဆိုင်းသင့်တယ်ဆိုတဲ့ဟာမျိုး ပြောနေတာတွေ ရှိပါတယ်။ နောက်တခုကတော့ အခုပါတဲ့ NLD အပါအဝင်၊ ပါတီတော်တော်များများက ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်လို့၊ မဲစာရင်းတွေနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ ဒီထက်ပိုပြီးတော့ ပြောသင့်ဆိုသင့်တယ်လို့ ထင်ပါတယ်။ သူတို့တွေရဲ့  ဝေဖန်ပြောဆိုတာတွေ နည်းတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးနိုင်းနိုင်း ဘယ်လို သဘောရပါလဲ။ ဒီအမှားအယွင်းတွေ ရွေးကောက်ပွဲပြီးတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ အမှားအယွင်းတွေအထိ တကယ်လို့ အဲဒီလို မှားလာခဲ့ရင် ပြန်လည်ပြုပြင်နိုင်မယ့် နည်းလမ်းကော ရှိပါလား။ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေရမှာလား ပြည်သူတွေက။

ဦးစောနိုင်းနိုင်း ။ ။ ကျနော် ထင်တာကတော့ အခုရှုပ်မှ နောင်ရှင်းဆိုတဲ့ သဘောမျိုး။ အခုကတည်းက ဘာရှုပ်ထွေးနေလို့ရှိရင် နောင်မှ ပြန်ပြင်ဖို့တော့ အခွင့်အလမ်း သိပ်မရှိတော့ဘူး။ အချိန်ကာလ သိပ်တိုသွားပြီ။ မဲစာရင်းတွေက တပြည်လုံးမှာ အဲဒီလို မှားနေတဲ့ဟာတွေရှိတဲ့အခါကြတော့ ဒီဥစ္စာကို ပြန်ပြင်ဖို့တော့ မမျှော်လင့်နိုင်တော့ဘူး။ ဖြစ်သလိုပဲ စခန်းသွားရမယ်လို့ ထင်ပါတယ်။ အဲဒီတော့ အဓိက တာဝန်ရှိတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ကြတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ဒီဥစ္စာနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ ပြောဖို့ဆိုဖို့ တာဝန်ရှိပါတယ်။ ဒါပေမဲ့ ဘယ်လို လုပ်ရမယ်ဆိုတဲ့ နည်းလမ်းတော့ ကျနော် မသိဘူး။ ကျနော် ညံ့လို့လား မသိဘူး။

ဦးကျော်ဇံသာ ။ ။ ဦးအောင်သူငြိမ်း ဘာပြောချင်ပါလဲ။ ပြန်လည်အဖတ်ဆယ်နိုင်မယ့် နည်းရှိပါလား။ ပြည်သူတွေက ဒီလို မတော်မတရား၊ မမှန်မကန် ဖြစ်သွားတာကို လက်ပိုက်ကြည့်နေရတော့မလား။

ဦးအောင်သူငြိမ်း ။ ။ ကျနော်တို့ ရေတိုအတွက်တော့ နည်းလမ်းမရှိပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲကာလတွေမှာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ရှိပါတယ်။ ပါတီတွေဘက်က၊ အရပ်ဘက်အဖွဲ့အစည်းတွေဘက်က၊ နိုင်ငံတကာဘက်က။ အဲဒီတော့ အတတ်နိုင်ဆုံးတော့ ရွေးကောက်ပွဲရက်တွေမှာ ဘယ်လောက်အထိ မျှမျှတတ ဖြစ်တယ်ဆိုတာမျိုးတော့ စောင့်ကြည့်နေလိမ့်မယ် ထင်ပါတယ်။ ကျနော်တို့ များများကြီး ဆောင်ရွက်နိုင်လိမ့်မယ်လို့ မထင်ပါဘူး။

XS
SM
MD
LG