သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ နဲ့ ဒီမိုကရေစီစနစ် (အပိုင်း ၁)


Ms. Priscilla Clapp
Ms. Priscilla Clapp

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ ဒီမိုကရေစီဆိုတာ ဆန့်ကျင်ဘက်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရတဲ့စနစ်ဆိုတာ မြန်မာတွေနားလည် သဘောပေါက်ဖို့ လိုသေးတယ်၊ လူပုဂ္ဂိုလ် တဦးတယောက်ကို အားမကိုးဘဲ institutions တွေ အဖွဲ့အစည်း အဆောက်အအုံတွေ ခိုင်မာအောင်လုပ်ဖို့၊ ပြည်သူတွေ ကိုယ့်အားကိုယ် အားကိုးနိုင်တဲ့အဆင့်ရောက်ဖို့ အဝေးကြီး လိုသေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အဆင့်မြင့်သံတမန် (အငြိမ်းစား) Priscilla Calpp က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲအကြို အထူးအစီအစဉ် အဖြစ် Priscilla Clapp ကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ Priscilla ။

Ms. Priscilla ။ ။ မင်္ဂလာပါရှင်။ နေကောင်းပါလားရှင်။

ဦးကျော်ဇံသာ ။ ။ နေကောင်းပါတယ်။ Priscilla ကော နေကောင်းလား။

Ms. Priscilla ။ ။ ကောင်းပါတယ်။

ဦးကျော်ဇံသာ ။ ။ Priscilla ပထမဦးဆုံး မေးချင်တာက အခု ရွေးကောက်ပွဲ ကျင်းပတော့မယ့် မြန်မာနိုင်ငံကို ကမ္ဘာက စောင့်ကြည့်နေကြပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ရွေးကောက်ပွဲကို အမှန်တကယ် ကျင်းပပေးနေတာပါဆိုတာ နိုင်ငံတကာက ယုံကြည်အောင် လုပ်နိုင်မယ်လို့ ထင်ပါလား။

Ms. Priscilla ။ ။ ဒီ ရွေးကောက်ပွဲက သိပ်ကို အရေးကြီးပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက်သာမက မြန်မာနိုင်ငံအတွက်လည်း သေရေးရှင်ရေးကိစ္စပါ။ မြန်မာနိုင်ငံမှာ ဒီလို ရွေးကောက်ပွဲမျိုး အရင်က မတွေ့ကြုံခဲ့ဘူးသေးတော့ လွတ်လပ်မျှတပါ့မလားဆိုတာတော့ ကျမအနေနဲ့ မပြောနိုင်ပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီရွေးကောက်ပွဲက နိုင်ငံတကာ စံနှုန်းတွေနဲ့ အတော်အသင့် ကိုက်ညီမယ်လို့ ပြောထားပါတယ်။ နိုင်ငံတကာ အကဲခတ်တွေ၊ ပြည်တွင်းက စောင့်ကြည့်လေ့လာသူတွေ လေ့ကျင့်သင်တန်းပေးမှုတွေ ရှိထားလေတော့ ခိုင်လုံစိတ်ချရတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်တဲ့ အလားအလာလည်း ပိုများပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းရာထူးက ဖယ်ရှားလိုက်တဲ့ ပုံစံဟာ စိုးရိမ်စရာ ဖြစ်တယ်ဆိုပြီးတော့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Daniel Russel က ပြောပါတယ်။ ဒါကိုကြည့်ရင် အလားတူဖြစ်ရပ်မျိုး တကယ်လို့ ရွေးကောက်ပွဲရလဒ်ကလဲ သူတို့ စိတ်တိုင်းကျမဖြစ်ရင် ဒီလိုမျိုး လုပ်နိုင်တယ်ဆိုတာကို ပြသလိုက်ခြင်းပဲလို့ ယူဆလို့ မရဘူးလား။

Ms. Priscilla ။ ။ လက်ရှိ စစ်တပ်နဲ့ စစ်တပ်က လူဟောင်းနိုင်ငံရေးသမားတွေကိုတော့ ခွဲခြားပြီးတော့ ရှုမြင်သင့်တယ်လို့ ထင်ပါတယ်။ သူရဦးရွှေမန်းကိစ္စက ပါတီတွင်းပြဿနာသာ ဖြစ်ပါတယ်။ တပ်ချုပ်မင်းအောင်လှိုင်က ဒီကိစ္စ သူနဲ့မဆိုင်ဘူးဆိုတာကို သက်သေပြနိုင်ဖို့အတွက် အတော်လေးကို ကင်းကင်းရှင်းရှင်း နေပြခဲ့ပါတယ်။ ပြီးတော့ အဲဒီဖြစ်ရပ်မှာ ယူနီဖောင်းဝတ် စစ်သားတွေ တိုက်ရိုက်ပါဝင်ခဲ့တာလဲ မရှိဘူးလို့ ကျမ သဘောပေါက်ထားပါတယ်။ လက်ထောက်ဝန်ကြီး Daniel Russel က စိုးရိမ်ဖွယ်လို့ ပြောတဲ့ကိစ္စဟာ ဦးရွှေမန်းကို ရာထူးက ဖယ်ပုံဖယ်နည်း ဖြစ်ပါတယ်။ လုံခြုံရေးတွေ ထူထူထပ်ထပ် ချထားတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်ချုပ်ခေတ်က လုပ်နည်းလုပ်ဟန် ဖြစ်ပါတယ်။ ဒါက လက်မခံနိုင်တဲ့ ကိစ္စပါ။

ဦးကျော်ဇံသာ ။ ။ တချို့ကတော့ တပ်ချုပ်မင်းအောင်လှိုင်က သူမပါဘူးလို့ ထင်ရအောင် တမင်တကာ အဲဒီနေ့မှာ ရှောင်ထွက်သွားတာလို့ ပြောနေကြတယ်။

Ms. Priscilla ။ ။ ကျမလည်း ဒါကိုပဲ ပြောတာပါ။ ဒီလိုဖြစ်တော့မယ်ဆိုတာ သူသိတယ်။ ဒါပေမဲ့ တိုက်ရိုက်မပါဝင်ဘူးဆိုတာကို ပြသလိုက်တာပါ။ စစ်တပ်အနေနဲ့ ဘယ်ဒီမိုကရေစီကိုပြောင်းပြောင်း ဒါဟာ စည်းကမ်းတကျဖြစ်ဖို့ လိုလားတယ်ဆိုတာ ရှင်းနေပါတယ်။ စည်းကမ်းတကျ ဆိုတာဟာလဲ ဖြစ်စဉ်တချို့ကို သူတို့စစ်တပ်က ထိန်းချုပ်ရမယ်ဆိုတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ထိန်းချုပ်မှုမျိုးက စစ်တပ် နောက်မဆုတ်သေးသမျှတော့ ဒီမိုကရေစီ ဖြစ်မလာနိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီ ရွေးကောက်ပွဲမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အခန်းကဏ္ဍကလဲ သိပ်အရေးကြီးပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုက Free and Fair ဖြစ်ရမယ်လို့ မသုံးနှုန်းတော့ဘဲ all inclusive ဖြစ်ရမယ်။ creditability ရှိရမယ်။ transparent ပွင့်လင်းမြင်သာမှု ရှိရမယ် စသဖြင့် ပြောလာပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ သတ်မှတ်ထားတဲ့စံကို လျှော့ပြီးတော့ ပေးလိုက်သလားဆိုပြီး တချို့က ပြောကြပါတယ်။

Ms. Priscilla ။ ။ မဟုတ်ပါဘူးရှင့်။ အသုံးအနှုန်းကို မှန်မှန်ပြန်ပြင်တာလို့ပဲ ထင်ပါတယ်။ Free and Fair လွတ်လပ်ပြီးတော့ တရားမျှတတယ်ဆိုတာဟာ level playing field ညီညာတဲ့ ကစားကွင်းမှာ ခြေတူရည်တူ ယှဉ်ပြိုင်တဲ့သဘောပါ။ အခုဟာက အဲဒီလို မဟုတ်ပါဘူး။ နိုင်ငံရေးမှာ စစ်တပ်က (၂၅) ရာခိုင်နှုန်း ပါဝင်ရမယ်လို့ ဖွဲ့စည်းပုံက ဆိုထားလေတော့ လွတ်လပ်မှုလဲ မရှိ၊ မျှတမှုလဲ မရှိပါဘူး။ ဖွဲ့စည်းပုံက တဖက်ကို အသာပေးထားလေတော့ ခြေတူရည်တူ မဟုတ်တော့ပါဘူး။ ဒါကြောင့်မို့ Free and Fair လို့ သုံးနှုန်းမယ့်အစား အမေရိကန်နဲ့ ကုလသမဂ္ဂ က သုံးလာသလိုမျိုး creditability ခိုင်လုံစိတ်ချရသော၊ inclusive အားလုံးပါဝင်နိုင်သော နဲ့ transparent ပွင့်လင်းမြင်သာမှု ရှိသောဆိုပြီးသုံးတာ ပိုပြီးသင့်တော်ပါတယ်။ ဒါတွေက စံသတ်မှတ်ချက်တွေပါ။

ဦးကျော်ဇံသာ ။ ။ ဒါဆိုရင် inclusive ဆိုတာ ဘာကို ဆိုလိုတာလဲ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် အရွေးပိုင်ခွင့်ကို ဆိုလိုတာလား။

Ms. Priscilla ။ ။ ဒီကိစ္စက ကျမတို့ ဘာမှ မတတ်နိုင်တဲ့ ကိစ္စပါ။ ဒါက အမေရိကန်ပြည်ထောင်စုနဲ့ မဆိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်နဲ့သာ သက်ဆိုင်ပါတယ်။ ဖွဲ့စည်းပုံကို ပြောင်းလဲဖို့က သူတို့ တာဝန်ပါ။ အမေရိကန်က ဘာမှ မလုပ်နိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါဆိုရင် အဲဒါကို ရှင်းပါအုံး။ all inclusive အားလုံး ပါဝင်ရမယ်ဆိုတာ အမေရိကန်က ဘာကို ရည်ရွယ်ပြီး ပြောတာလဲ။

Ms. Priscilla ။ ။ All inclusive မဟုတ်ပါဘူး။ Inclusive ပါ။ ဆိုလိုတာက နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုတဲ့ နိုင်ငံရေးပါတီတွေအားလုံး ပါဝင်ခွင့် ရှိရမယ်။ ဒါမျိုးဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက နဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မရှိခဲ့ပါဘူး။ နောက်တခုက ရွေးကောက်ပွဲပြီးကာလ အစိုးရဟာ inclusive ဖြစ်ရမယ်။ အခုလက်ရှိ အစိုးရလို သူတို့လူချည်းပါဝင်တဲ့ အစိုးရမျိုး မဖြစ်သင့်ဘူး။ လွှတ်တော်မှာ အမတ်ဦးရေ တော်တော်များများ ရထားတဲ့ ပါတီတွေကလည်း အစိုးရထဲမှာ ပါဝင်ရမယ်ဆိုတာ ဖြစ်ပါတယ်။ ဒီ inclusive ဆိုတာက ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ပိုင်ခွင့် ရှိမရှိနဲ့ လုံးဝမဆိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက မြန်မာနိုင်ငံမှာ အခုလာမယ့် ရွေးကောက်ပွဲနဲ့ အမေရိကန်မှာ နောက်နှစ် ကျင်းပမယ့် ရွေးကောက်ပွဲ ဘယ်လို ဆက်စပ်နေသလဲဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။ ရယ်စရာတော့ ကောင်းပါလိမ့်မယ်။ ကျနော် ဆိုလိုတာက မြန်မာနိုင်ငံမှာက အမျိုးသားဒီမိုကရေစီက အနိုင်ရမယ်။ အမေရိကန်မှာ ရီပတ်ဘလင်ကန်က အနိုင်ရမယ်ဆိုပါစို့။ ဘယ်လို ဖြစ်သွားနိုင်လဲ။

Ms. Priscilla ။ ။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒက ပါတီနှစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စလို့ ထင်ပါတယ်။ ရီပတ်ဘလင်ကန် အမတ်တွေက သမ္မတ အိုဘားမား နဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာလီ ကလင်တန်တို့ မြန်မာဘက်ကို တိမ်ညွှတ်တာ သိပ်ပြီးတော့ မြန်လွန်တယ်။ ပိတ်စို့ဒဏ်ခတ်မှုတွေ လျှော့ချတာ မြန်တယ်လို့ ဆိုခဲ့ကြပါတယ်။ ဒါက ဒီဘက်က ပြည်တွင်းနိုင်ငံရေးပါ။ ဒီကိစ္စက မြန်မာ့ရွေးကောက်ပွဲ ရလဒ်နဲ့မှ အဖြေထွက်နိုင်ပါတယ်။ ကျမ အထင်ကတော့ အမေရိကမှာ ရီပတ်ဘလင်ကန်ပဲတက်တက်၊ ဒီမိုကရက်တစ်ပဲတက်တက် မြန်မာနိုင်ငံ မူဝါဒကတော့ မြန်မာနိုင်ငံက အဖြစ်အပျက်၊ အခြေအနေတွေပေါ်မှာ မူတည်တယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ Priscilla က မြန်မာနိုင်ငံမှာ ဝါရင့်သံတမန်တဦးအနေနဲ့ နှစ်နဲ့ချီပြီး နေခဲ့ရတယ် ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဆိုတော့ မြန်မာတွေရဲ့ စရိုက်သဘာဝတွေကိုလည်း သဘောပေါက်တယ်လို့ နားလည်ပါတယ်။ ဆိုတော့ မြန်မာတို့ရဲ့ နိုင်ငံရေး စရိုက်သဘာဝကို မေးချင်ပါတယ်။ မြန်မာလူမျိုးတွေဟာ ဒီမိုကရေစီနဲ့ ထိုက်တန်ပြီလို့ Priscilla သုံးသပ်ပါလား။ ပွင့်ပွင့်လင်းလင်း ပြောပြပါ။

Ms. Priscilla ။ ။ ကျမ စောစောက ပြောပြခဲ့သလိုပါပဲ ဒီမိုကရေစီနိုင်ငံတိုင်းမှာ သူ့စရိုက်နဲ့သူ ရှိကြတာပါ။ နောက်ပြီးတော့ မြန်မာနိုင်ငံဟာ ကျမတို့ဆီက ဒီမိုကရေစီကို ဘယ်အတိုင်းအတာအထိ ရောက်ရှိနိုင်မယ်။ ဘယ်လောက်ကြာကြာ အချိန်ယူရမယ်ဆိုတာလဲ နိုင်ငံတကာအနေနဲ့ လက်တွေ့မကျတဲ့ ခန့်မှန်းချက်တွေ၊ မျှော်မှန်းချက်တွေ အများအပြား ရှိနေတာပါ။ အမေရိကန်နဲ့တူတဲ့ ဒီမိုကရေစီအဆင့်မျိုးတော့ ဘယ်တော့မှ မရောက်ရှိနိုင်ဘူးလို့ ဆိုတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘယ်လို ဒီမိုကရေစီမျိုး ကျင့်သုံးမယ်ဆိုတာ နိုင်ငံအလိုက် ကိုယ့်ဟာကိုယ် ဆုံးဖြတ်ကြတာပါ။ ဒီမိုကရေစီကိုယ်နှိုက်ကလဲ တနေရာတည်းမှာ တည်တန့်နေတာ မဟုတ်ပါဘူး။ ကျမတို့ အမေရိကန်ပြည်ထောင်စုကိုပဲ ကြည့်ပါ ဒီနေ့ ဒီမိုကရေစီက လွန်ခဲ့တဲ့ နှစ် (၂၀၀) က ဒီမိုကရေစီနဲ့ လုံးဝခြားနားသွားပါပြီ။ သိပ်ကို ကွဲလွဲသွားပါတယ်။ ဟိုတုန်းကဆိုရင် ကျွန်တွေဆက်ပြီးတော့ ရှိနေခဲ့ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတခုဟာ ဒီမိုကရေစီကို ဘယ်အခြေအနေဆိုရင် ရောက်ပြီလို့ အတိအကျ မပြောနိုင်ပါဘူး။ လှုပ်ရှားရင်နဲ့ ရွေ့နေတာပါ။ မြန်မာပြည်သူတွေအနေနဲ့ ဒီမိုကရေစီစနစ်ရဲ့ အလှည့်အပြောင်း အရှုပ်အထွေးတွေကို အပြည့်အဝ နားလည်သဘောပေါက်ကြတယ်လို့ ကျမ မထင်ပါဘူး။ အဆင့်အဖြစ် အပေးအယူလုပ် ညှိနှိုင်းရတာတွေ ဒီမိုကရေစီမှာရှိတဲ့ ဆန့်ကျင်ဘက်သဘောတွေကို အပြည့်အဝ သဘောပေါက်ကြမယ် မထင်ပါဘူး။ ဆန့်ကျင်ဘက်ဆိုပေမယ့် အဖျက်သဘောသာ ဖြစ်တယ်။ ဒီမိုကရေစီရဲ့ သဘောသဘာဝလို့ နားလည်ကြမယ်လို့ မထင်ပါဘူး။ တကယ်တော့ ဆန့်ကျင်ဘက် သဘောဆိုတာ ဒီမိုကရေစီရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတခုပါ။ အစိုးရအဖွဲ့အစည်းတွေမှာ ဒါကို ညှိရပါတယ်။ ဒီမိုကရေစီအတွက် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အစိုးရကြားမှာ ညှိနှိုင်းကြရပါတယ်။ ဒါတွေဟာ ဒီမိုကရေစီ ဖြစ်စဉ်တွေပါ။

ဦးကျော်ဇံသာ ။ ။ ဒီမိုကရေစီဆိုတာ ဆန့်ကျင်ဘက် သဘောတွေရှိတယ်။ ဆန့်ကျင်ဘက် သဘောတွေဟာ ဒီမိုကရေစီ ဖြစ်တယ်ဆိုတာ လက်မခံနိုင်သေးဘူးဆိုတော့ မြန်မာပြည်သူ သာမန်လူတွေကို ပြောတာလား။ ဒါမှမဟုတ် ထိပ်ပိုင်းက နိုင်ငံရေးလောကက အာဏာပိုင် အသိုင်းအဝိုင်းကို ပြောတာလား။

Ms. Priscilla ။ ။ လူတိုင်းပါ။ ကျမအနေနဲ့ သာမန်ပြည်သူ၊ အဆင့်မြင့်အသိုင်းအဝိုင်း မခွဲခြားချင်ပါဘူး။ ဒါကို ဘယ်သူမှ အလေ့အကျင့် မရှိကြပါဘူး။ ဒီမိုကရေစီဆိုတာ ဘယ်လိုဆိုတာ သဘောပေါက် နားလည်ဖို့အတွက် အချိန်ယူရပါတယ်။ ကမ္ဘာပေါ်မှာ ဒီမိုကရေစီ ပုံစံမှားတွေ အများကြီး ရှိနေပါတယ်။ အထူးသဖြင့် လူကြိုက်များတဲ့ အာဏာရှင်တွေ ချုပ်ကိုင်ထားတဲ့နေရာ Venezuela က Hugo Chavez လို လူမျိုးဟာ …

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ Hugo Chavez က လူထုက ရွေးကောက်တင်မြောက်ခြင်း ခံရတဲ့ ခေါင်းဆောင်တယောက် ဖြစ်ပါတယ်နော်။

Ms. Priscilla ။ ။ Populist ဆိုတာ အဲဒါကို ကျမ ပြောချင်တာပါ။ ဒါဟာ လူထုကိုယ်နှိုက်က အာဏာရှင် အုပ်ချုပ်ရေးမျိုးနဲ့ ပိုပြီးတော့ နေသားတကျ ဖြစ်နေလို့ ဖြစ်နေရတာပါ။ ဒါကြောင့်လဲ institution လို့ ခေါ်တဲ့ အဖွဲ့အစည်း ခိုင်မာမှုတွေ၊ အဆောက်အအုံတွေ လိုတယ်လို့ ပြောတာပါ။ ဒါမှ လူထုအနေနဲ့ သူတို့ဟာသူတို့ စီမံအုပ်ချုပ်နိုင်တယ်။ ထိပ်ဆုံးမှာ အာဏာရှင်တယောက် ရှိနေစရာမလိုဘူးလို့ ဖြစ်လာကြမျာပါ။ မြန်မာပြည်သူလူထုဟာ ဒီအဆင့်ကိုရောက်ဖို့ အဝေးကြီး လိုပါသေးတယ်။

ဦးကျော်ဇံသာ ။ ။ ဒီကိစ္စမှာ အဲဒီလို institution တွေ ခိုင်မာအားကောင်းလာအောင် ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ် ခံနေရတဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့ ဘယ်လောက်အထိ တာဝန်ရှိတယ်လို့ ထင်ပါလဲ။

Ms. Priscilla ။ ။ လူထုက ခေါင်းဆောင်မှုအတွက် လူတဦးတယောက်ကိုသာ အားကိုးနေသမျှ အဲဒီခေါင်းဆောင်မှာ တာဝန်ရှိတယ်လို့ ထင်ပါတယ်။ အဖွဲ့အစည်း အဆောက်အအုံ ပိုပြီးခိုင်မာလာအောင်လို့ အဲဒီပုဂ္ဂိုလ်က လုပ်ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ (၅) နှစ်အတွင်း ဒီလုပ်ရပ်တွေ တွေ့ခဲ့ရပါတယ်။ သူရဦးရွှေမန်းအနေနဲ့ လွှတ်တော်အားကောင်းလာအောင် လုပ်တဲ့ကိစ္စဟာ အင်မတန် ထိရောက်မှု ရှိပါတယ်။ လွှတ်တော်ဟာ လူထုအသံ ဖြစ်တဲ့အတွက် အားကောင်းခိုင်မာဖို့ လိုအပ်ပါတယ်။ အာဏာရှင် ဒီမိုကရေစီမှာ လွှတ်တော်အင်အား မကောင်းပါဘူး။ အုပ်ချုပ်ရေး အကြီးအကဲသာ အင်အားကြီးမားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကိုကြည့်ရင် လက်ညှိုးထောင်ခေါင်းညိတ် လွှတ်တော်ကို ဖော်ဆောင်ထားတာကို တွေ့ရပါလိမ့်မယ်။ အုပ်ချုပ်ရေးအာဏာကို မြှင့်ထားတယ်။ ဒါကို သူရဦးရွှေမန်း ပြောင်းပြစ်ခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ အတိုက်အခံဘက်မှာလဲ ဒေါ်အောင်ဆန်းစုကြည်က လူပုဂ္ဂိုလ်အရ NLD ပါတီဆိုတဲ့ အဆောက်အအုံထက်ပိုပြီး လူကြိုက်များမနေဘူးလား။

Ms. Priscilla ။ ။ မှန်ပါတယ်။ ဒါက လူထုက ပုဂ္ဂိုလ်တဦးချင်းကို ကြည့်တဲ့သဘောပါ။ ဒါထက်ပိုပြီးတော့ အရေးကြီးတာက သူဟာ စံပြမီးရှူးတန်ဆောင်ပါ။ အပြောအဆို သိပ်ကောင်းတယ်။ လူထုစကားပြောရာမှာ ထူးခြားထက်မြက်တယ်။ လူထုနားဝင်အောင်၊ နားလည်အောင်လို့ ရှင်းရှင်းလင်းလင်း ပြောနိုင်တယ်။ ဒီမိုကရေစီအတွက် ဘာလိုတယ်။ ဘာပြောရမယ်ဆိုတာကို သိတယ်။ ဒီလို အချိန်မျိုးမှာ ဒီလို ခေါင်းဆောင်မျိုးရတာ မြန်မာနိုင်ငံ သိပ်ပြီးတော့ ကံကောင်းပါတယ်။ သူဟာ တိုင်းပြည်အတွက် မရှိမဖြစ်ပါ။ ဒေါ်အောင်ဆန်းစုကြည် မရှိရင် မြန်မာနိုင်ငံ ဒီလို အခြေအနေမျိုး ရောက်လာနိုင်မှာ မဟုတ်ပါဘူး။

XS
SM
MD
LG