သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ရဲ့အခြေအမြစ်မရှိတဲ့ စိုးရိမ်မှု


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ တိုင်းရင်းသား အင်အားစုတွေအားလုံးကို လက်နက်ဖြုတ်သိမ်းနိုင်မှ စစ်တပ်ဟာနိုင်ငံရေးက နောက်ဆုတ်မယ်နိုင်ဆိုတာဟာ “အခြေအမြစ်မရှိတဲ့ စိုးရိမ်မှု” အပေါ်အခြေခံတဲ့ အယူအဆ ဖြစ်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ David Steinberg က ပြောကြားလိုက်ပါတယ်။ ဦးကျော်ဇံသာ က ပါမောက္ခ David Steinberg ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအင်အားစုတွေရဲ့ လက်နက်တွေအားလုံးကို မသိမ်းပိုက်နိုင်သေးသမျှ စစ်တပ်ဟာ နိုင်ငံရေးက နောက်မဆုတ်ဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တလောက ပြောသွားပါတယ်။ ဒါဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ ပြီးသည့်တိုင်အောင် စစ်တပ်ဟာ မြန်မာနိုင်ငံရေးမှာ အခိုင်အမာ ရှိနေအုံးမယ်ဆိုတဲ့ သဘောမျိုး တွေ့နေရပါတယ်။ ဆရာကြီး အဲဒါကို ဘာပြောချင်ပါလဲ။

Prof. Steinberg ။ ။ စစ်တပ်ဟာ ဖွဲ့စည်းပုံ ဥပဒေအရ အရေးပါနေပါတယ်။ ဒါဟာ ဒီအရေးပါတဲ့နေရာကို နိုင်ထက်စီးနင်းရယူထားတာတော့ မဟုတ်ပါဘူး။ ဒီလိုဖြစ်နေအောင် အာဏာရှိနေအောင် ဖွဲ့စည်းပုံကို သူတို့ကိုယ်တိုင် စီစဉ်ပြီး ရေးဆွဲထားခဲ့တာပါ။ သူတို့ တိုင်းရင်းသားအုပ်စုတွေနဲ့ ပတ်သက်ပြီးတော့ အစဉ်အမြဲ စိုးရိမ်နေတာပါ။ သူတို့ရဲ့ ပထမဦးစားပေးဟာ အမျိုးသားညီညွှတ်ရေး ဖြစ်တယ်လို့ ဆယ်စုနှစ်နဲ့ချီပြီး ပြောလာတာပါ။ အမျိုးသားညီညွှတ်ရေး (National Unity) ဆိုတာ ဘယ်တိုင်းရင်းသားအုပ်စုကမှ ခွဲထွက်ချင်း မရှိစေရဘူးဆိုတာ ဖြစ်ပါတယ်။ ဒါကို သူတို့ ရှုထောင့်ကကြည့်ရင် နားလည်နိုင်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေဘက်ကလည်း ဗဟိုအစိုးရ ဗမာတွေအပေါ် အယုံအကြည် မရှိပါဘူး။ ဒါကြောင့် သူတို့ကိုသူတို့ ကာကွယ်ဖို့ လက်နက်ကိုင်ထားရမယ်လို့ ယူဆထားကြပါတယ်။ ဒါဟာ ဘေးကြပ်နံကြပ် အနေအထားပါ။ တဖွဲ့က ငြိမ်းချမ်းရေးအတွက် လက်နက်စွန့်မယ်ဆိုပြီးတော့၊ ကျန်တဖွဲ့က လုံခြုံရေးအတွက် လက်နက်ကိုင်ထားရမယ်လို့ ဆိုနေကြတာပါ။ ဒါဟာဆို မြန်မာ့လွတ်လပ်ရေးရပြီးကတည်းက တည်ရှိလာတဲ့ အဓိက ုပြဿနာကြီး ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလိုဆိုရင် တိုင်းပြည်ရဲ့ အခြေအနေကို စစ်တပ်က သုံးသပ်တာ မမှန်ဘူးလို့ ပြောရမှာပေါ့။ ဘာကြောင့်လဲဆိုရင် အခုလက်နက်ကိုင် တိုင်းရင်းသား၊ ဘယ်အင်အားစုကမှ ပြည်ထောင်စုမှ ခွဲထွက်ဖို့ဆိုတာကို မပြောကြတော့ဘူး။

Prof. Steinberg ။ ။ မှန်ပါတယ်။ အခုအခါမှာတော့ မတောင်းဆိုတော့ပါဘူး။ တချိန်တုန်းကတော့ ရှိခဲ့ပါတယ်။ ဒီစိုးရိမ်မှုက ဆင်ခြင်တုံတရားကို အခြေခံတဲ့ စိုးရိမ်မှုလို့ ကျနော် မထင်ပါဘူး။ ဒီကိစ္စမှာ ကျနော်ဟာ စစ်တပ်နဲ့ သဘောထားချင်း မတူပါဘူး။ ဘယ်တိုင်းရင်းသား လူမျိုးစုမှ သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ်၊ စီးပွားရေးအရပါ၊ နိုင်ငံရေးအရပါ မအောင်မြင်နိုင်ပါဘူး။ အမျိုးသားစည်းလုံးညီညွတ်ရေး ရှိရမယ်လို့ ကျနော် ယုံကြည်ပါတယ်။ မေးစရာရှိတာက ဘယ်လို ညီညွှတ်ရေးမျိုးလဲ။ သမ္မတဦးသိန်းစိန်က ဖယ်ဒရယ်စနစ်ကို လက်ခံပါတယ်လို့ ပြောထားပါတယ်။ ဘယ်လို ဖယ်ဒရယ်ဆိုတာတော့ သူ အသေးစိတ် မပြောထားပါဘူး။ အသေးစိတ်က သိပ်အရေးကြီးပါတယ်။ နိုင်ငံရေးအာဏာ တခုတည်း မဟုတ်ပါဘူး။ တိုင်းရင်းသားတွေက သယံဇာတ ထုတ်ယူပြီးတော့ စီးပွားရေး အမြတ်အစွန်းတွေ၊ ဘယ်ဒေသက ဘယ်လောက် ခံစားခွင့်ရှိမလဲ။ သူတို့ကို လက်နက်အင်အား ဘယ်အတိုင်းအတာအထိ ဆက်လက်ပြီးတော့ စွဲကိုင်ခွင့်ရှိသလဲဆိုတာတွေက အသေးစိတ် ညှိနှိုင်းကြရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ စစ်တပ်ရဲ့ သဘောထားကို နည်းနည်းပြန်ကောက်ရမယ်ဆိုရင် အခု ပြည်ထောင်စု ပြိုကွဲမယ်ဆိုပြီးတော့ စစ်တပ်ဘက်က အမျိုးမျိုး ပြောနေတာဟာ သူတို့ အာဏာဆက်လက် ထိန်းချုပ်ထားချင်လို့ ရမယ်ရှာ အကြောင်းပြတဲ့သဘော ဖြစ်နေတာပေါ့။

Prof. Steinberg ။ ။ ရမယ်ရှာ အကြောင်းပြချက် pretext လို့တော့ ကျနော် မထင်ပါဘူး။ အခြေမြစ်မရှိတဲ့ စိုးရိမ်မှုလို့ ကျနော် ထင်ပါတယ်။ နောက်တနည်းပြောရရင် ဒီစိုးရိမ်မှုကို ခံစားနေရတယ်။ တကယ်တော့ အဲဒါ မမှန်ပါဘူး။ ဒါ ပြဿနာပါပဲ။ အတိတ်ကာလတုန်းက စစ်တပ်ဟာ အရပ်သားနိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားနိုင်ငံရေးသမားတွေ၊ ဗမာနိုင်ငံရေးသမားတွေကိုပါ မနှစ်မြို့ခဲ့ပါဘူး။ အရပ်သားနိုင်ငံရေးသမားတွေက ခြစားပျက်စီးတယ်။ စိတ်မချရဘူး။ တိုင်းပြည်ရဲ့ အနာဂတ်ကို စိတ်မဝင်စားကြဘူးလို့ ထင်မြင်ခဲ့တာပါ။ တိုင်းပြည်အတွက် အနစ်နာမခံချင်ကြဘူး။ သူတို့သာ စွန့်စားနိုင်တာလို့ ထင်ကြတာပါ။ ဒါဟာလဲ ယုတ္တိတန်တဲ့ စွပ်စွဲချက်မျိုး မဟုတ်ပါဘူး။ စစ်တပ်ကတော့ ဒါကို ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြတာပါ။ နောက် အာရှစစ်တပ်တွေထဲမှာ မြန်မာစစ်တပ်ရဲ့ ထူးခြားမှုတရပ်ကတော့ လူမှုရေးဘဝ အခြေအနေတွေ၊ တိုးတက်မြှင့်မားနိုင်တဲ့ အခွင့်အရေးတွေအားလုံးကို စစ်တပ်ကသာ ထိန်းချုပ်ထားမယ်ဆိုတဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။ ဒါမျိုးဟာ ထိုင်း၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ပါကစ္စတန် စတဲ့ စစ်အစိုးရရှိခဲ့ဖူးတဲ့ နိုင်ငံတွေမှာ မတွေ့ရပါဘူး။ တနည်းအားဖြင့် မြန်မာစစ်တပ်ဟာ သူတို့ မလိုလားတဲ့လူကို အဆင့်အတန်း မြှင့်မားခွင့် မပေးဘဲ ဟန့်တားထားခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုလဲပဲ စစ်တပ်က အရာရာမှာ ကြီးစိုးနေတယ်ဆိုတော့ ဒီ ပြီးခဲ့တဲ့ (၃) နှစ် (၄) နှစ်ကြာ ကာလအတွင်းမှာ ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့တယ်ဆိုတာ ဒီအခြေအနေက တိုးတက်ကောင်းမွန်လာအောင် ရှေ့ကိုတိုးတက်အောင် ဘာမှ မလုပ်နိုင်ဘူးဆိုတဲ့ သဘောပေါ့။

Prof. Steinberg ။ ။ မဟုတ်ပါဘူး။ အဲဒီလိုပြောရင်တော့ မမှန်ပါဘူး။ အခုအခါမှာ ပထမဦးဆုံးအကြိမ် ရွေးကောက်ပွဲဆိုတာ ရှိလာပါပြီ။ အရပ်သား ဥပဒေပြုလွှတ်တော်ကို ရောက်လာပါပြီ။ စစ်တပ်အမတ်တွေ နေရာအားလုံးကို ထိန်းချုပ်ထားတာတော့ မဟုတ်ပါဘူး။ တချို့တော့ ယူထားပါတယ်။ ဆိုရှယ်လစ်စနစ်လည်း မရှိတော့ပါဘူး။ စီးပွားရေးအရလည်း လူတွေရဲ့ဘဝ တိုးတက်မြှင့်မားလာနေပါပြီ။ အစိုးရမဟုတ်တဲ့ NGO အရပ်သားအဖွဲ့အစည်းတွေလည်း ဖြစ်ထွန်းလာတာကို တွေ့ရပါတယ်။ အရင်က မရှိဘူးတဲ့ကိစ္စပါ။ တခါ ပညာရေး ကျယ်ပြန့်လာတာကို တွေ့နိုင်ပါတယ်။ ထိန်းချုပ်မှု မထားတော့ပါဘူး။ ဒါတွေက ဖြစ်ထွန်းနေမှုတွေပါ။ နှေးကွေးမယ်။ အလျင်အမြန် မဖြစ်ထွန်းနိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ စစ်တပ်အမတ်အားလုံး နေရာယူထားတာ မဟုတ်ဘူးဆိုပေမယ့် သူတို့ မနှစ်သက်တဲ့ဟာကို ဗီတိုအာဏာနဲ့ ပယ်ချနိုင်အောင် အကွက်ကျကျ စီမံပြီး ဖွဲ့စည်းပုံ ရေးဆွဲထားတာ ဖြစ်ပါတယ်။ မကြာခင်က ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှုကိုကြည့်ပါ။ သူတို့ ဗီတိုအာဏာသုံးပြီး ပယ်ချပစ်ခဲ့တယ်။

Prof. Steinberg ။ ။ မှန်ပါတယ်။ သူတို့ဟာ ဗီတိုအာဏာ သုံးနိုင်အောင် စီစဉ်ထားပါတယ်။ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ယူထားပါတယ်။ ၇၅ ရာခိုင်နှုန်းရမှ ဖွဲ့စည်းပုံကို ပြင်နိုင်မယ်ဆိုပြီးတော့ လုပ်ထားပါတယ်။ ဆိုတော့ ဒါဟာ သူတို့အာဏာကို ဆက်ပြိးယူထားနိုင်အောင် ဂရုတစိုက် စီစဉ်ထားတာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီလိုဆိုတော့ ဒီလို လုပ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်သေးသ၍ မြန်မာနိုင်ငံဟာ အခုလက်ရှိ အခြေအနေကနေ ရှေ့ကိုတိုးဖို့ မဖြစ်နိုင်ဘူးပေါ့။

Prof. Steinberg ။ ။ မဟုတ်ပါဘူး။ ပြဿနာက စစ်တပ်အနေနဲ့ ဘယ်လောက်အထိ စိတ်ချလက်ချ နေနိုင်ပြီဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။ နောက်နှစ်အနည်းငယ်အတွင်းမှာ တိုင်းပြည်ဟာ ဘယ်ကိုရွေ့နိုင်မလဲဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ သူတို့က တိုင်းပြည်အခြေအနေ စိတ်ချရပြီလို့ ခံစားရရင် သူတို့ဆိုတာက သူတို့ ခေါင်းဆောင်ပိုင်းပေါ့။ သူတို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ၇၅ ရာခိုင်နှုန်း ထောက်ခံမှုရဖို့ မလိုတော့ပါဘူး။ (၃) ပုံ (၂) ပုံ ပဲ လုပ်တော့မယ်လို့ ပြောလာနိုင်ပါတယ်။ ဒါမှမဟုတ် ပုံစံတမျိုး လုပ်လာနိုင်ပါတယ်။ ဆိုတော့ အပြောင်းအလဲ ရှိလာနိုင်ပါတယ်။ ပြီးတော့ အခုနောက်ပေါက် စစ်ဗိုလ်တွေဟာ အရင်စစ်ဗိုလ်ချုပ်ဟောင်းတွေထက် ပိုပြီး ပညာတတ်လာကြတယ်လို့ ထင်ပါတယ်။ စစ်တပ်က ပြင်ပလောကထက် အရင်ကထက် ထိတွေ့ဆက်ဆံမှုတွေ ရှိလာပါတယ်။ သတင်းအချက်အလက်တွေလည်း ပိုပြီး ရလာနိုင်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေနဲ့ အပြန်အလှန်ကတော့ စိုးရိမ်မှု ရှိနေဆဲပါ။ ဥပမာ ဝ ဒေသဆိုပါစို့။ အစိုးရက တခါမှ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒီကိစ္စကို အစိုးရက စိုးရိမ်ပါတယ်။ စစ်ရေးအရ မလုပ်နိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခု ကျနော် မေးချင်တာက နိုင်ငံတကာ ဖိအားကိစ္စ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဖိအားပေးနိုင်တဲ့အထဲမှာ အင်အားအကောင်းဆုံးဆိုတဲ့ အမေရိကန်ပြည်ထောင်စုက အခုအခါမှာ မြန်မာနိုင်ငံကို ဘာလုပ်လုပ် သူတို့ဟာ အကောင်းကြီးပဲ ပြောနေတဲ့သဘော တွေ့ရတယ်။ သမ္မတအိုဘားမား မကြာခင်က အာဖရိကတိုက်က ကင်ညာနိုင်ငံကို သွားတယ်။ လူ့အခွင့်အရေးသမားတွေက ဝေဖန်တာကို မြန်မာနိုင်ငံ သူသွားခဲ့တဲ့အတွက် တိုးတက်မှုရှိတယ်လို့ ကင်ညာ သွားတဲ့ခရီးစဉ်ကို မြန်မာနိုင်ငံနဲ့ ကာကွယ်ပြီး ပြောသွားတာကို တွေ့ရတယ်။

Prof. Steinberg ။ ။ မဟုတ်ပါဘူး။ သူက ကင်ညာ ခရီးစဉ်ကို မှန်တယ်လို့ ပြောသွားတာ မဟုတ်ပါဘူး။ ဘီဘီစီမှာ လွင့်သွားတာ ကျနော် ကြားလိုက်ပါတယ်။ သူ့အနေနဲ့ သဘောကွဲလွဲတဲ့ သူတွေနဲ့ တွေ့ဆုံစကားပြောပါတယ်။ ဥပမာ မြန်မာပြည်ကိုကြည့်ပါ အစိုးရကို မကြိုက်ပေမယ့် ပြည်သူလူထုနဲ့ ပြောဆိုဆက်ဆံနိုင်ပါတယ်။ အပြောင်းအလဲ ဖြစ်ထွန်းအောင် ကူညီနိုင်ပါတယ်။ အပြောင်းအလဲတချို့လည်း ဖြစ်ထွန်းနေပါတယ်။ အခု မြန်မာနိုင်ငံမှာ ဘာပဲဖြစ်နေတယ်ဆိုဆို ၂၀၀၈-၂၀၀၉ အစိုးရနဲ့ မတူတော့ပါဘူးဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက မကြာခင် ကျင်းပလာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတပါ့မလားဆိုတာ လူတိုင်း စိတ်ဝင်စားကြ၊ စိုးရိမ်ကြပါတယ်။ ဒီနေရာမှာ အမေရိကန်ပြည်ထောင်စုက အရင်တုန်းကလို Free and Fair လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲလို့ မသုံးတော့ဘဲနဲ့ Creditable ဖြစ်ရမယ်။ All inclusive ဖြစ်ရမယ် စသည်ဖြင့် စကားတွေကို ပြောင်းလဲသုံးလာပါတယ်။ ဒါဟာ အမေရိကန်ရဲ့ အခြေခံ သတ်မှတ်ချက် လျှော့ပေးလိုက်တာလို့ တချို့က သုံးသပ်ပြောကြပါတယ်။ ဒီကိစ္စကို ဘာပြောချင်ပါလဲ။

Prof. Steinberg ။ ။ All inclusive ဆိုတာ သူတို့ အမြဲပြောနေတဲ့ကိစ္စပါ။ ဗြိတိန်အစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ၊ ဒါမှမဟုတ် ဒုသမ္မတ အရွေးခံနိုင်ဖို့ ဒီလိုပဲ ပြောဆိုခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုကတော့ ရွေးကောက်ပွဲမှာ တိုင်းရင်းသားအားလုံး ပါဝင်ဖို့ကို ပိုပြီးတော့ လိုလားတယ်ဆိုတဲ့သဘောနဲ့ ဒါကို သုံးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သွယ်ဝိုက်သောအားဖြင့်တော့ ရည်ရွယ်တယ်ဆိုတာ သေချာပါတယ်။ လေသံလျှော့တယ်လို့တော့ ကျနော် မထင်ပါဘူး။ အမေရိကန်ပြည်ထောင်စုကလည်း နိုင်ငံခြားရေးကဏ္ဍတခုတည်းတင် မဟုတ်ပါဘူး။ ကွန်ဂရက်လွှတ်တော်ဟာ အင်မတန် အရေးကြိးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒီနေရာမှာ ကွန်ဂရက်အမတ်တွေက ပိုပြီးတော့ သံသယ ရှိပါလိမ့်မယ်။ သူတို့ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေးသမားတွေရဲ့ ပြောဆိုတင်ပြချက်တွေကို ပိုပြီးတော့ ဂရုတစိုက် နားထောင်ကြပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး မေးချင်တာကတော့ အခု မကြာခင် ပြုလုပ်လာမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားဒေသအသီးသီးမှာ တိုင်းရင်းသားပါတီတွေ ပိုပြီးအနိုင်ရလိမ့်မယ်။ ပိုပြီး အင်အားကောင်းလာလိမ့်မယ်လို့ တွက်နေကြပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုတခုလုံးကို လွှမ်းခြုံတဲ့ ပါတီတွေက ဒေသအလိုက်၊ ကျဉ်းမြောင်းတဲ့ ဒေသတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ များလာချင်းဟာ တကယ် စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ စစ်မှန်တဲ့ ဖယ်ဒရှင်း ထူးထောင်ရေးအတွက် ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာလို့ ဆရာကြီး မြင်သလားခင်များ။

Prof. Steinberg ။ ။ ခင်များပြောတာ မှန်တယ်လို့ ကျနော် ထင်ပါတယ်။ လူမျိုးစုပါတီတွေ ပိုမိုအားကောင်းလာပါလိမ့်မယ်။ ဒီလူတွေဟာ သူတို့ရဲ့ လူ့အဖွဲ့အစည်းကို ကိုယ်စားပြုခွင့် တခါမှ မရရှိခဲ့ပါဘူး။ လူမှုအဆင့်အတန်း တိုးတက်မြှင့်မားခွင့်လည်း တခါမှ မရရှိခဲ့ကြပါဘူး။ ဆိုတော့ တိုင်းရင်းသားပါတီတွေ အင်အားကြီးထွားလာမယ်ဆိုတာကတော့ ကျနော် မျှော်လင့်ထားပြီးသားပါ။ ဒါပေမဲ့ တိုင်းရင်းသားပါတီအားလုံး တခုနဲ့တခု မပြောဆို၊ မဆွေးနွေးနိုင်ကြတာ သိပ်မကောင်းပါဘူး။ ဒါကလဲ မကြာခင် ပြောင်းလဲလာမယ်လို့ ကျနော် ထင်ပါတယ်။ အချိန်နဲ့အမျှတော့ တိုးတက်မှုတော့ ရှိပါတယ်။ ဒါပေမဲ့ ကြန့်ကြာမယ်။ ကျနော်တို့အားလုံး လျင်မြန်တဲ့ အပြုသဘောဆောင်တဲ့ အပြောင်းအလဲကို လိုချင်ကြပါတယ်။ အကောင်းဘက် ပြောင်းလဲတဲ့နေရာက ပြောင်းလဲ၊ ဆုတ်ယုတ်တဲ့နေရာက ဆုတ်ယုတ် ဒီလိုပဲ တဖြည်းဖြည်းတော့ အကောင်းဘက်ကို ပိုပြီးတော့ ရွေ့သွားမယ်လို့ ထင်ပါတယ်။ နောက်တခု ပြောရရင် အမေရိကန် ပြည်ထောင်စုအနေနဲ့ နိုင်ငံခြားဝန်ကြီး Hillary Clinton လက်ထက် ဒေသတွင်း တိုးတက်မှု ရရှိခဲ့တဲ့ တခုတည်းသော နေရာက မြန်မာနိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမှသာ အာဆီယံတခုလုံးနဲ့ ဆက်ဆံရေးလည်း ကောင်းနိုင်မှာမို့ ဖြစ်ပါတယ်။

XS
SM
MD
LG