သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းပြည်ပ ဖိအားတွေ ရင်ဆိုင်နေရတဲ့ NLD အစိုးရ


တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံ NLD အစိုးရဟာ အခုအချိန်မှာ ပြည်တွင်းပြည်ပ ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်အောက် ရုန်းထွက်ခါစ နုနယ်တဲ့ ဒီမိုကရေစီနိုင်ငံတိုင်းလိုလို ကြုံတွေရစမြဲ ဒီစိမ်ခေါ်မှုတွေဟာ ဘယ်လောက် ပြင်းထန်သလဲ၊ ဘယ်လို ရင်ဆိုင်ကျော်လွှားနိုင်မလဲဆိုတာ မြန်မာနိုင်ငံရေး သုံးသပ်သူတွေဖြစ်ကြတဲ့ ၁၉၉၀ ပြည့်ရွေးကောက်ပွဲ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာတင့်ဆွေ၊ ဦးအောင်သူငြိမ်းတို့ နဲ့ ဆွေးနွေးသုံးသပ်ထားတဲ့ "မြန်မာ့အရေးဆွေးနွေးခန်း"မှာ ဦးအောင်သူငြိမ်းက အခုလိုစတင်ပြောကြားထားပါတယ်။

ဦးအောင်သူငြိမ်း ။ ။ တိုင်းပြည်ထဲမှာ အခုလက်ရှိ စီးပွားရေး အကျပ်အတည် - ဗမာကျပ်ငွေက ဈေးကျလာတယ်။ ဒေါ်လာဈေးက တက်လာတယ်။ အဲဒီတော့ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေက မကောင်းဘူးဆိုတဲ့ အနေအထား ပြောလို့ရပါတယ်။ တခြားဘက်ကို လှည့်ကြည့်ကြပါစို့။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ရှိရင် လာမယ့် ၂၀၁၇ ဖေဖေါ်ဝါရီမှာ ဒုတိယအကြိမ်မြောက် ပင်လုံညီလာခံ Timing ကြည့်လိုက်ရင်လဲ မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ပြီးဖြစ်လာတယ်။ ငြိမ်းချမ်းရေး ညီလာခံကလဲ ဘယ်လို အခြေအနေမျိုး ဆက်သွာမလဲဆိုတဲ့ အနေအထားမျိုး ရှိပါတယ်။ နောက်တခါ အစိုးရရဲ့ အထူးသဖြင့် စွမ်းဆောင်မှု Performance အနေအထားမှာလဲ လူတော်တော်များများက စိတ်တိုင်းမကျကြဘူး။ ဒီလိုအနေအထားတွေနဲ့ ကြုံရတာ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးတင့်ဆွေရဲ့ သုံးသပ်ချက်ကိုလည်း ကြားချင်ပါတယ်။

ဦးတင့်ဆွေ ။ ။ ဒီကနေ့ NLD ဦးဆောင်တဲ့ အစိုးရ ရင်ဆိုင်နေရတာ မြန်မာနိုင်ငံ လွတ်လပ်ရေးရခါစက တက်လာတဲ့ ဝန်ကြီးချုပ်ဦးနု လက်ထက်က ပြဿနာပေါင်း သောင်းခြောက်ထောင်ဆိုတဲ့ ကာလနဲ့ ခပ်ဆင်ဆင်လို့ ပြောရလိမ့်မယ်။ အဲဒီတုန်းက ဝန်ကြီးချုပ်ဦးနု က ပြည်တွင်းစစ်ကို ရင်ဆိုင်နေရတယ်။ အဲဒီ ဦးနုထက် ပိုကံဆိုးတယ်လို့ ဆိုရမယ့် NLD အစိုးရကတော့ အတိုက်အခံ နိုင်ငံရေးပါတီတွေကနေ နိုင်ငံရေးကစားမှုတွေဆိုတဲ့ ရင်ဆိုင်မှုတွေကို ရင်ဆိုင်နေရပါတယ်။ အခုန ကိုအောင်သူငြိမ်း ဆွေးနွေးသလို တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေကလည်း ဆိုးဝါးပါတယ်။ အဲဒီတော့ အချုပ်ပြောရင် NLD အစိုးရဟာ အင်မတန် ကြီးမားတဲ့ စိန်ခေါ်မှုကြီးကို ရင်ဆိုင်ဖြတ်သန်းပြီးတော့ ကြိုးစားပြီး ကျော်လွှာနေရတဲ့ ကာလတခုဖြစ်တာ NLD အတွက် တနည်းအားဖြင့် ကံနိမ့်တဲ့ကာလတခုကို ဖြတ်သန်းနေရတယ်။ တနည်းအားဖြင့် တိုင်းပြည်လည်း ကံနိမ်တဲ့ကာလတခုကို ဖြတ်သန်းနေရတာနဲ့ တူပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ တကယ်တမ်းကြတော့ ရာစုတဝက်ကျော်ကျော် ယိုးယွင်းပျက်ပြားလာတဲ့ အခြေအနေမှာ ဒီမိုကရေစီဆိုပြီး အစိုးရတက်လာတာ တနှစ်တောင် မပြည့်သေးတဲ့ ကာလဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီလို နုနယ်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ ပြဿနာတွေ ချက်ချင်းမပြေလည်သွားဘူးဆိုတာတော့ ကမ္ဘာနဲ့အဝှမ်း ကြုံနေရတာ ဖြစ်တယ်ဆိုတော့ ဒီကိစ္စကို လူတွေဟာ ဆန္ဒစောနေကြတာများ ဖြစ်နေကြလား။ ဆရာ သုံးသပ်ပါ ဒီကိစ္စကို။

ဦးတင့်ဆွေ ။ ။ ပြည်သူလူထုကို အပြစ်မတင်လိုပါဘူး။ တခုတော့ရှိတော့ ပြည်သူလူထုက အမျှော်လင့်ကြီးခဲ့ကြတယ်ဆိုတဲ့ တချက်တော့ ရှိတယ်။ မျှော်လင့်တဲ့အခါ ဖြစ်လာတာတွေက မျှော်လင့်သလို မဖြစ်ဘူးဆိုရင်တော့ အားမရကြဘူး ဖြစ်တယ်။ အဲဒီလို အားမရကြတာလဲ သဘာဝတော့ကျတယ်။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကနေ ရွေးချယ်စရာလမ်းက NLD ဖြစ်တယ်ဆိုတဲ့ မှန်ကန်တဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်နဲ့ မဲပေးလာတဲ့အချိန်မှာ အခုလို ပြဿနာတွေ ကြုံတဲ့အခါမှာ တချို့သော အစိတ်အပိုင်းတွေကနေ စစ်တပ်ကပဲ ပိုကောင်းသလားဆိုတဲ့ မှားယွင်းတဲ့ မျှော်လင့်ချက်ကတော့ မရှိသင့်ဘူးလို့ ထောက်ပြလိုပါတယ်။ ဒါကိုလဲ စစ်တပ်ကိုတိုင်းက သိတယ်လို့ ကျနော် ယူဆတယ်။ သူတို့ကြီး အုပ်ချုပ်လည်း ဒီထက်ထိ ကောင်းစရာ မရှိဘူးဆိုတာကို စစ်တပ် သဘောပေါက်မှာပါ။ အဲဒီတော့ ပြဿနာ ဖြေရှင်းတဲ့အခါမှာ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ပွင့်လင်းမြင်သာမှုနဲ့ ပြည်သူလူထု ပါဝင်မှု ပိုကောင်းတဲ့အတွက် ကျနော်တို့က ဒီလို အဆိုးကြီးကနေ နောက်ထပ် အဆိုးလေးတွေဖြစ်အောင် အဆင့်ဆင့် ဆင့်ကဲဆင့်ကဲဖြစ်စဉ်အပေါ်မှာ နိုင်ငံရေးလမ်းစဉ်ကို လျှောက်ရမှာ ဖြစ်တဲ့အတွက် ဝေဖန်သုံးသပ်တဲ့လူတွေ၊ ရွေးချယ်စရာလမ်း ရှာတဲ့လူတွေမှာ ချင့်ချိန်ဖို့နဲ့ ရေရှည်ကြည့်မှုကို ဦးတည်သင့်တယ်လို့ ကျနော် အကြံပေးပါရစေ။

ဦးကျော်ဇံသာ ။ ။ ဆရာ ပြောတဲ့အထဲမှာ ပါတီရယ်၊ ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေးသမားတွေရယ်၊ စစ်တပ်၊ ပြည်သူလူထု အကုန်လုံးက ဒီဒုက္ခတွေကို ကြံ့ကြံ့ခံပြီးေ အဲဒီမှာ ပြည်သူလူထု ပါဝင်နိုင်တဲ့ အခန်းကဏ္ဍကိုလည်း နည်းနည်းလေး ပြောပြပါအုံး။ တကယ်တော့ အစိုးရကြီးလုံးလုံး လုပ်လို့မရတဲ့ကိစ္စပါ ဒီမိုကရေစီ ထူထောင်တယ်ဆိုတာ။

ဦးတင့်ဆွေ ။ ။ မှန်ပါတယ်။ ပြည်သူလူထု ပါဝင်ဖို့က အတော့်ကို အဓိကကျတယ်။ အုပ်ချုပ်နေတဲ့ အစိုးရကလည်း လမ်းဖွင့်ပေးဖို့ လိုတယ်။ နောက်တခါ အစိုးရသာမကဘဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို .. ပြည်သူလူထုရဲ့ကဏ္ဍကို ဖွင့်ပေးဖို့လိုတယ်။ အဲဒီအခြေအနေမှာ ပြည်သူလူထုအနေနဲ့ ကိုယ်တိုင်ပါဝင်မှု၊ နောက်တခါ ဝေဖန်သုံးသပ်မှု၊ အကြံပေးမှုတွေမှာ ဉာဏ်ပညာသုံးပြီးတော့ စိတ်လှုပ်ရှားမှုကို အခြေခံတဲ့ ထောက်ခံမှု၊ စိတ်လှုပ်ရှားမှုကို အခြေခံတဲ့ ကန့်ကွက်မှုတွေမျိုး မဟုတ်ဘဲနဲ့ သမာသမတ်ကျပြီးတော့ နိုင်ငံရေး ရေချိန်ရှိရှိနဲ့ ဝေဖန်သုံးသပ်မှုမျိုးဆိုရင် အစိုးရဖြစ်ဖြစ်၊ စစ်တပ်ကဖြစ်ဖြစ် နောက်ဆုံး နိုင်ငံတကာကဖြစ်ဖြစ် လေးစားတဲ့ အနေအထားတရပ်ကို ကျနော်တို့တိုင်းပြည် ရနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်သူငြိမ်း သဘောထားလဲ သိချင်ပါတယ်။ နုနယ်တဲ့ ဒီမိုကရေစီနိုင်ငံတွေ ကမ္ဘာမှာ ပြည်တွင်းစစ်က နလန်ထတဲ့ နိုင်ငံတွေ၊ စစ်အာဏာရှင်စနစ်က ရုန်းကန်ထလာတဲ့ နိုင်ငံတွေမှာ ဒီလို အခက်အခဲတွေက အနည်းနဲ့အများဆိုသလို တွေ့ရမယ်လို့ ထင်ပါတယ်။ သူတို့တွေ ဘယ်လို ဖြေရှင်းကြလဲ။ မြန်မာနိုင်ငံအနေနဲ့ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်သင့်ပါလဲ။

ဦးအောင်သူငြိမ်း ။ ။ မြန်မာပြည်အနေအထားနဲ့ ပတ်သက်လို့ ပြောရရင် အခုန ဆရာဒေါက်တာတင့်ဆွေ ပြောသွားတဲ့အထဲမှာ တချို့အဖြေတော့ ပါသွားပါတယ်။ ကျနော် မြင်တာကတော့ အစိုးရက ဒီထက်ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိသင့်တယ်လို့ ထင်ပါတယ်။ အရင် ဦးသိန်းစိန်ကာလမှာ လစဉ်တိုင်းပြည် အခြေအနေနဲ့ ပတ်သက်လို့ သူ့ရဲ့လုပ်ငန်းနဲ့ ပတ်သက်လို့ မိန့်ခွန်းပြောပါတယ်။ အခုလက်ရှိ အစိုးရက တိုင်းပြည်ရဲ့ အခြေအနေ ဘယ်လို ရှိနေသလဲ စသည်ဖြင့် နိုင်ငံတော်အခြေပြမိန့်ခွန်းမျိုး ပြောသင့်တဲ့ကာလလို့လဲ ကျနော် ယူဆပါတယ်။ နောက်တခုကတော့ နိုင်ငံရေးပါတီတချို့ကနေ တိုင်းပြည်မှာ အထွေထွေအကျပ်အတည် ဆိုက်နေပြီဆိုတဲ့ ဝေဖန်ချက်မျိုး ရှိနေပါတယ်။ အဲဒါဆိုရင် အစိုးရက တိုင်းပြည်မှာ အထွေထွေအကျပ်အတည် ရှိသလား၊ မရှိဘူးလားဆိုတဲ့ စသည်ဖြင့် နိုင်ငံတော်အခြေပြမိန့်ခွန်း State of the Union Address ဒီလို မိန့်ခွန်းမျိုး ပြောသင့်တယ်လို့ ကျနော် ယူဆပါတယ်။ ဒါက တချက်ပါ။ နောက်တခုက ဆရာဒေါက်တာတင့်ဆွေ ဆွေးနွေးသလိုပဲ ပြည်သူလူထု ပါဝင်မှုအပိုင်းပါ။ အဲဒီလိုဆိုရင်လဲ ပြည်သူလူထုက ဘယ်လို အခန်းကဏ္ဍမှာ ပါဝင်နိုင်မလဲ စသည်ဖြင့် ဒီလို ကိစ္စမျိုးနဲ့ ပိ

ဦးကျော်ဇံသာ ။ ။ နိုင်ငံတကာ ဖိအားပေးမှုကိုလည်း NLD အစိုးရ တော်တော်လေး ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာဆိုတဲ့ မူစလင်ဘင်ဂါလီတွေရဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံအချို့ကလဲ မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေးကို အားပေးခဲ့တဲ့ နိုင်ငံတွေ။ ဒီအခြေအနေဟာ ဘယ်လောက်အထိ NLD အစိုးရအနေနဲ့ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အတွက် ဘေးကျပ်နံကျပ် အခြေအနေ ဖြစ်နေတယ်ဆိုတာ သူတို့ နားမလည်နိုင်ကြဘူးလား။ ဖိအားပေးခြင်းအားဖြင့် ဒီကိစ္စဟာ ပြေလည်နိုင်မယ်လို့ ထင်သလား။ အခြေအနေ ပိုဆိုးလာနိုင်မယ်လို့ ထင်သလား။ ကိုအောင်သူငြိမ်း ဒီကိစ္စကို ဆက်ဆွေးနွေးပေးပါ။

ဦးအောင်သူငြိမ်း ။ ။ အခု ကျနော် မြင်တာကတော့ ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာကို ဖြေရှင်းနိုင်ဖို့ ပြီးခဲ့တဲ့ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးဟောင်း ကိုဖီအာနန်ကို ပြန်ပြီးတော့ ကော်မရှင်မှာ ပြန်ပြီးတာဝန်ပေးတာ တွေ့ရပါတယ်။ အဲဒီတော့ ဆိုလိုတာကတော့ တနည်းအားဖြင့် နိုင်ငံတကာ ပြဿနာတွေကို တစုံတရာ ဖြေရှင်းလိုတဲ့သဘောလို့ ယူဆပါတယ်။ ဒါပေမဲ့ ကျနော့်အမြင်ကတော့ ဒီထက်ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိတယ်လို့ ယူဆပါတယ်။ တကယ်တော့ ကျနော်တို့ အခုလက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိနေတယ်။ မျိုးတုန်းသတ်ဖြတ်မှု Ethnic Cleansing တွေ ရှိနေတယ်ဆိုရင် နိုင်ငံတကာသတင်း မီဒီယာတွေ၊ ကျနော်တို့ ဗမာပြည်တွင်းက သတင်းမီဒီယာတွေကို ပိုပြီးတော့ လွတ်လပ်ခွင့် ပေးမယ်ဆိုရင်တော့ တချို့ပြဿနာတွေက ပြေလည်သွားနိုင်မယ်လို့ ကျနော် ယူဆပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ အခုလို ဆက်ပြီးတော့ ပိတ်စို့ထားမယ်ဆိုရင်တော့ မေးခွန်းတွေက ဆက်ပြီးတော့ ဖြစ်နေမယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာဒေါက်တာတင့်ဆွေ ပြောပါ။

ဦးတင့်ဆွေ ။ ။ ဒီကိစ္စတခုတည်း ကွက်ပြောရင်တော့ နိုင်ငံတကာဆိုတဲ့ နေရာမှာ ကျနော်ကတော့ လိုတာထက် ပိုပြီးတော့ စိုးရိမ်မှု မရှိဘူး။ ဒီလောက်ကြီးလဲ ဆိုးလှသလား ဆိုတာကိုတော့ မေးခွန်းထုတ်ချင်တယ်။ အခုကိစ္စမှာ နိုင်ငံတကာထဲမှာ ဒီလူမျိုးစု နာမည်တခုနဲ့ ပတ်သက်တဲ့ သတင်းကို Campaign လုပ်နေတဲ့ နိုင်ငံ တခုတည်းပဲ ရှိပါတယ်။ ဒီ Campaign ဟာ ၂၀၁၂ ခုနှစ်တုန်းက မှန်တာတွေ၊ မှားတာတွေ၊ လွဲတာတွေနဲ့ လုပ်ခဲ့တာ။ အခုလဲပဲ အဲဒီလို လုပ်နေတယ်လို့ တွေ့ရပါတယ်။ အဲဒီတော့ ဒီလိုကိစ္စမျိုးကို ကိုင်တွယ်တဲ့အခါမှာ NLD ဟာ အရင်အစိုးရလက်ထက်၊ စစ်အစိုးရလက်ထက်နဲ့ မတူတဲ့ ချဉ်းကပ်မှုနဲ့ ချဉ်းကပ်နေတာတော့ အမှန်ပဲ။ အဲဒီတော့ ဒီလို ချဉ်းကပ်မှုမျိုး အသစ်ကို ကျနော်တို့ ကြိုဆိုရမှာပေါ့။ လူ့အခွင့်ရေးသမားတွေကတော့ လူ့အခွင့်အရေးကို တသက်လုံး ပြောသွားကြမှာပါ။ ဘယ်အစိုးရတက်တက် ပြောကြမှာပါ။ ဒါအတွက်တော့ ထူးပြီးဆိုးလှတယ်လို့ မသုံးသပ်ပါဘူး။ NLD အနေနဲ့ ပြည်သူလူထု မျက်နှာကိုမူတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ဒီနိုင်ငံတကာကိစ္စကို ဖြေရှင်းနေရတယ်။ ပြည်သူလူထု ဘာလိုချင်သလဲဆိုတဲ့အပိုင်း။ နောက်တခုက တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဆိုတဲ့အပိုင်း။ ဒီနှစ်ခုကို ကိုင်ပြီးဖြေရှင်းနေရတဲ့အခါမှာ အပြောကတော့ ဘယ်လိုမှ လွတ်မှာမဟုတ်ဘူးလို့ မြင်တယ်။ အဲဒီတော့ ပြောရရင် ဒီကိစ္စကြီးဟာ ကျယ်ပြန့်တယ်။ ဒီအပေါ်မှာ ဖြေရှင်းမှုဟာ ခုနှစ်လလေးပြောပြော နောက်ထပ်နှစ်ပိုင်းပြောပြော ခက်သေးတော့ ကျနော် မြင်တာကတော့ NLD က အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကြိုးစားနေတယ်လို့ပဲ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ ကိစ္စတခုကတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။ ဆရာဒေါက်တာတင့်ဆွေ ပြောသလို ဖွဲ့စည်းပုံကို မပြင်နိုင်တာလဲ တပ်မတော်က လုံးဝလက်မခံလို့ ဖြစ်ပါတယ်။ အဲဒီဟာကို မပြင်နိုင်လို့လဲ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရှေ့ကို မရွေ့ဘူး၊ နှေးတယ်ဆိုပြီးတော့ သုံးသပ်သူတွေ အများကြီး ရှိပါတယ်။ ဆိုတော့ တပ်မတော်သည် NLD အစိုးရကို ဘေးကျပ်နံကျပ်ဖြစ်အောင် တမင်စောင့်ကြည့်ပြီးတော့ အခုနိုင်ငံရေးသမားတချို့က Lobby လုပ်နေသလို အခွင့်ကောင်းယူပြီး အာဏာချုပ်ကိုင်နိုင်ဖို့ စောင့်ဆိုင်းနေသလား။ ကြံစည်နေနေလား။ ဒီမိုကရေစီ ထွန်းကားအောင် သူတို့ပါ NLD၊ ပြည်သူလူထုနဲ့ ပူးပေါင်းပါဝင်ပြီးတော့ လုပ်ဆောင်ချင်တဲ့ဆန္ဒ ရှိပါရဲ့လား။ အဲဒီလို ဆန္ဒရှိတယ်ဆိုရင် ဖွဲ့စည်းပုံကို ညှိနှိုင်းပြီး မပြင်သင့်သလဲဆိုတာ သုံးသပ်စေချင်ပါတယ်။ ကိုအောင်သူငြိမ်း သဘောထားကို ပြောပါ။

ဦးအောင်သူငြိမ်း ။ ။ ကျနော်အမြင်ကတော့ တခါတလေ လက်ရှိ ဖွဲ့စည်းပုံထဲကနေ ကျော်လွန်ပြီးတော့ အပြင်ကို သိပ်ထွက်သွားမယ့်ကိစ္စမျိုးတွေဆိုရင် တပ်မတော်ဘက်က ပိုပြီးတော့ စိုးရိမ်မှုတွေ ပိုရှိနိုင်တဲ့ အနေအထား ရှိတယ်လို့ ထင်ပါတယ်။ တပ်မတော်ဘက်က Protocol လို့ခေါ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအတိုင်း ကြိုတင်ရှေ့ဘာဖြစ်မလဲဆိုတဲ့ ခန့်မှန်းနိုင်တဲ့ အနေအထားမျိုး သွားချင်တယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဒေါက်တာတင့်ဆွေ ပြောပါအုံး။ တပ်မတော်ရဲ့ သဘောထားသည် ဒီမိုကရေစီ အောင်မြင်အောင် NLD နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ သဘောထား အပြည့်အဝ အဓိက တွေ့ရပါလား။

ဦးတင့်ဆွေ ။ ။ အဲဒီလိုများ တမင်တကာ လုပ်နေသလားဆိုတဲ့ သံသယကတော့ သံသယ ရှိသင့်တယ်။ အဲဒီလို လုပ်ပြီးတော့ အနီးကပ်ဆုံး ထိုင်းနိုင်ငံလိုများ ဖြစ်မလားဆိုတဲ့ဟာမျိုး။ ဒီဟာကတော့ ဘယ်လိုမှ ဖြစ်သင့်တဲ့အရာ။ အဲဒီလို လုပ်ပြန်ရင်လဲ ဘယ်နှစ်နှစ် လုပ်နိုင်မလဲ။ အဲဒီလိုဆိုရင် ပိုဆိုးသွားမယ်ဆိုတဲ့ အနေအထား တပ်မတော်ကို ပိုဆိုးသွားမယ်။ အဲဒါကြောင့် ကျနော် မြင်တာကတော့ တပ်မတော်ဟာ ပွင့်လင်းတဲ့ စဉ်းစားတွေးခေါ်မှု အသစ်ကို အခုထိ မရသေးတဲ့ အနေအထားတရပ်။ ဒါမှ စိတ်မကောင်းစရာပါ။ NLD အစိုးရနဲ့ ပိုပြီးလုပ်နိုင်တဲ့ဟာမျိုးကို တပ်မတော်က ပြနိုင်ရင်တော့ ကျနော်တို့ ကောင်းကြမှာပေါ့။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးဆိုပေမယ့် နောက်ဆုံး ဗေဒင်တွက်ပေးကြပါအုံး။ NLD အစိုးရ ပထမသက်တမ်းအတွင်းမှာ တိုင်းပြည်ရဲ့ အခြေအနေဟာ အကောင်းဘက်ကို ဦးတည်လာမယ် ထင်သလား။ အနုတ်လက္ခဏာတွေနဲ့ ရောထွေပြီးတော့ ပြဿနာတွေ ပိုများလာမယ့် ထင်ပါသလား။ ကိုအောင်သူငြိမ်း ခပ်တိုတိုလေး ပြောပါ။

ဦးအောင်သူငြိမ်း ။ ။ ပြည်သူလူထုက စီးပွားရေး ကောင်းနေမယ်ဆိုရင် သိပ်ပြောစရာ မရှိလှပါဘူး။ အခုလို တိုင်းပြည်ရဲ့ စီးပွားရေး ဆက်ပြီးတော့ ချွတ်ခြုံကျလာမယ်ဆိုရင်တော့ ပြည်သူလူထုဘက်ကလဲ ပြဿနာ ရှိလာမယ်လို့ ထင်ပါတယ်။

ဦးတင့်ဆွေ ။ ။ တပ်မတော်မှာလဲ နှစ်ပေါင်းများစွာ သမိုင်းကြောင်း ရှိတယ်။ NLD မှာလဲ နှစ်ပေါင်းများစွာ သမိုင်းကြောင်းရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုမှာလဲ နှစ်ပေါင်းများစွာ သမိုင်းကြောင်းရှိတယ်ဆိုတော့ ဒီသုံးပွင့်ဆိုင်းဟာ ကောင်းတဲ့လမ်းကြောင်းကို ရွေးကြရင်တော့ ကျနော်တို့တိုင်းပြည်ရဲ့ ကံကြမ္မာ ပိုကောင်းမယ်လို့ ကျနော် ယူဆပါတယ်။

XS
SM
MD
LG