သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်စစ်ပွဲ ဘာကြောင့် အဓွန့်ရှည်သလဲ


လောက်ကိုင်မြေပုံ (Photo by fb)
လောက်ကိုင်မြေပုံ (Photo by fb)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ ဆာလောင်ငတ်ပြတ်နေချိန်မှာ မြန်မာအာဏာပိုင်တွေဟာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံပြီး ကိုးကန့်MNDAA အမှူးပြုတဲ့ တိုင်းရင်းအင်အားစုတချို့နဲ့ ရေရှည်စစ်ပွဲ ဆင်နွှဲနေပါတယ်။ တဘက်က ငြိမ်းချမ်းရေးစေ့စပ်ဖို့ တောင်းဆိုနေပါလျက်နဲ့ အစိုးရဘက်က ဘာကြောင့် လက်မခံတာလဲ ဆိုတာကို စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်၊ မြန်မာ့အရေးစောင့်ကြည့်သူ ဒေါက်တာဒေါ်လှကျော်ဇောတို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုးကန့် ဖုန်းကြာရှင်တို့ရဲ့ MNDAA နဲ့ ဖြစ်နေတဲ့ တိုက်ပွဲဟာ လနဲ့ချီပြီးတော့ ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။ တိုင်းပြည်အတွက်လည်း အတော်နစ်နာတယ်။ တခါ တိုင်းပြည်အတွက် အရေးကြီးတဲ့ နိုင်ငံရေးဖြစ်ရပ် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပဖို့ ပိုနီးကပ်လာတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဆိုတော့ ဒီတိုက်ပွဲ မြန်မြန်ပြီးဆုံးသွားရင်တော့ အကောင်းဆုံးပဲလို့ ထင်ပါတယ်။ ဘာဖြစ်လို့ အဓွန့်ရှည်နေရလဲ ဆိုတာကို စဉ်းစားကြည့်စေချင်ပါတယ်။ ဦးအောင်လင်းထွဋ် ဘယ်လို သဘောရပါလဲ။

ဦးအောင်လင်းထွဋ် ။ ။ ကျနော့်အမြင်ကို ပြောရရင်တော့ လက်ရှိ ဗမာ့တပ်မတော်ရဲ့ အခြေအနေဟာ အကျဆုံးများတယ်။ အသေအဆုံးများတယ်။ အဆုံးအရှုံးတွေများတယ်။ အားလုံးက ဆုံးရှုံးမှုတွေ ဖြစ်နေတဲ့အခါမှာ လက်ရှိ အခြေအနေမှာ ဗမာတပ်မတော်ဟာ သူကိုသူ အဖတ်ဆယ်နိုင်ဖို့အတွက်ကို တော်တော်လေး ရုန်းကန်နေရတဲ့သဘော ရှိပါတယ်။ နောက်တခုက ငြိမ်းချမ်းရေး ယူပြီးတဲ့ကာလ နှစ် (၂၀) ကျော်အတွင်းမှာ ဗမာ့တပ်မတော်ရဲ့ တိုက်ရည်ခိုက်ရည်ဟာ အင်မတန်မှ ကျဆင်းသွားတယ်လို့ ပြောရပါမယ်။ ဒီအပြင် ခေါင်းဆောင်ပိုင်း။ အခုလက်ရှိ လုပ်နေတဲ့ ဦးစီးချုပ်ပိုင်း၊ …မှုးပိုင်း ပုဂ္ဂိုလ်များသည် တချိန်က စစ်တပ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ပါဘူး။ လူကြီးနားမှာ ကပ်ပြီးတော့ နေခဲ့တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လက်ရှိ အခြေအနေကတော့ သိပ်တော့ မလွယ်သေးတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီစစ်ပွဲမှာ လူထုထောက်ခံမှုကလည်း သိပ်အရေးကြီးတယ်လို့ ကျနော် ကြားဖူးပါတယ်။ ကျနော်က စစ်သားမဟုတ်၊ စစ်အတွေ့အကြုံ မရှိတော့။ ဒါပေမဲ့ မြန်မာနိုင်ငံမှာလည်း ဒီတိုက်ပွဲဖြစ်တော့ အစိုးရဘက်က မြန်မာ့တပ်မတော်ဘက်က လူထုထောက်ခံမှုရအောင် အမိမြေကို တလက်မမှ အဆုံးအရှုံးမခံဘူး ဘာညာဆိုတော့ လူထုထောက်ခံမှုကတော့ အတော်ရခဲ့တယ်ဆို ဟုတ်ပါတယ်နော် ဦးအောင်လင်းထွဋ် ဘယ်လို သုံးသပ်ပါလဲ။

ဦးအောင်လင်းထွဋ် ။ ။ ကျနော့်အမြင် ပြောရရင်တော့ ကိုးကန့်နယ်မြေဒေသမှာ ဝါဒဖြန့်မှုတခုပါပဲ။ လူထုထောက်ခံမှု လုံးဝရတဲ့ အနေအထားမျိုး မရှိပါဘူး။ ကျနော်တို့ ပြည်တွင်းက လူထုဆိုတာကလဲ စိတ်ပါတဲ့လူက နည်းပါတယ်။ အခွင့်အရေး လိုချင်လို့။ အခြားအကြောင်းအမျိုးမျိုးကြောင့် လိုက်ပြီးတော့ အနုပညာရှင်တွေအပါအဝင် သွားပြီးတော့ ထောက်ခံပေးတဲ့ အနေအထားပဲ ရှိပါတယ်။ ဒါကို လူထုထောက်ခံတယ်လို့ ပြောလို့မရပါဘူး။ လူထု လိုချင်တာက တကယ့် ငြိမ်းချမ်းရေးပါ။ ပြည်တွင်းက လူတွေ၊ ကိုးကန့်ဒေသက လူတွေအားလုံးက တိုက်ခိုက်ပြီးတော့ ဖြေရှင်းတာကို ဘယ်သူမှ မလိုချင်ဘူး။ အေးအေးချမ်းချမ်းနဲ့ စကားပြောစေချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ငြိမ်းချမ်းစွာ ဖြေရှင်းမယ့်အပိုင်းကို ကျနော်တို့ နောက်ပိုင်းမှာ ဆက်လက်ဆွေးနွေးကြပါမယ်။ အခုဆက်လက်ပြီး စစ်ရေးအမြင်နဲ့ သုံးသပ်စေချင်ပါတယ်။ ဒေါ်လှကျော်ဇော ဘယ်လို သဘောရပါလဲ။ စစ်ရေးအမြင်အားဖြင့် ဘာကြောင့် မနိုင်ရဘူးလို့ ထင်ပါလဲ။ တဘက်ကတော့ နောက်မှာ တရုတ်က အစိုးရမဟုတ်တောင်မှ ဒေသတွင်းကလူတွေ စီးပွားရေးလုပ်ငန်းရှင်တွေ ပုဂ္ဂိုလ်အနေနဲ့ ထောက်ခံမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကြားရပါတယ်။

ဒေါ်လှကျော်ဇော ။ ။ ကျမအမြင်ကတော့ ပြည်တွင်းစစ်တရပ်ဟာ ဘယ်သူနဲ့ပဲဖြစ်ဖြစ် ရေရှည်စစ်ရေးနဲ့ မတိုက်နိုင်ဘူးလို့ မြင်ပါတယ်။ ကိုးကန့်ကိစ္စမှာလဲ ဒီလိုပါပဲ။ ငြိမ်းချမ်းရေး ယူထားတယ်ဆိုပေမယ့် အပစ်အခတ်ရပ်စဲရေးသာ လုပ်ထားပြီးတော့ တကယ့်တကယ် နိုင်ငံရေးအရ အကျေအလည် ဆွေးနွေးတာတွေ မရှိခဲ့ဘူး။ မရှိခဲ့တဲ့အပြင် နဝတ၊ နအဖခေတ်က သဘောထား မမှန်ကန်စွာနဲ့ ကိုးကန့်တွေကို သူနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့အဖွဲ့တွေကို ကွဲအောင်ပြဲအောင် လုပ်ပြီးမှ သူက ဒီနေရာတွေကို ပြန်ယူတဲ့အတွက် သူတို့ရဲ့ သဘောထား အခြေခံတွေ မမှန်ကန်မှုကြောင့် ဒီပြည်တွင်းစစ်က ပိုရှည်နေရတယ်လို့ မြင်ပါတယ်။ ဒီကြားထဲ စစ်ခေါင်းဆောင်တွေ ဘာတွေကလဲ စစ်ဗိုလ်တွေကလဲ မတိုက်တာ ကြာလာတဲ့အခါကြတော့ ဘယ်သူမှ ထက်ထက်မြတ်မြတ် လုပ်ရည်ကိုင်ရည်လည်း မရှိတော့ပါဘူး။ ကိုးကန့်ကြတော့ သူ့နယ်မြေသူ့ဒေသ သူ့အရပ်မှာ လုပ်ရတာ ဖြစ်တဲ့အတွက် သူ့ပြည်သူကို အခြေခံပြီး လုပ်ရတာ ဖြစ်တဲ့အတွက်ကြောင့် သူ့ဘက်က အသာစီးရနေသလို တူပါတယ်။ တရုတ်က ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ ဒီစစ်ပွဲက ဒီအတိုင်း စစ်ရေးသက်သက်နဲ့ ဖြေရှင်းလို့ ရနိုင်မယ် မထင်ပါဘူးလို့ ကျမထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုန ဒေါ်လှကျော်ဇော ပြောတဲ့အထဲမှာလည်းပါတယ်။ ဒီ ကိုးကန့်နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ကတည်းက မူမမှန်ဘူးဆိုတာနဲ့ ပတ်သက်ပြီးတော့ ဦးအောင်လင်းထွဋ် က ကိုယ်တိုင်အတွေ့အကြုံ ရှိခဲ့တဲ့ ပုဂ္ဂိုလ်ဆိုတော့ ကျနော် နည်းနည်းမေးချင်ပါတယ်။ အဲဒီ အပစ်အခတ်ရပ်စဲရေးက နေပြီးတော့ ငြိမ်းချမ်းရေးအဆင့်ကို ဘာကြောင့် မတတ်လှမ်းနိုင်ခဲ့လဲ။

ဦးအောင်လင်းထွဋ် ။ ။ ကျနော့်အမြင် ပြောရရင်တော့ မူမမှန်ဘူးလို့တော့ မဟုတ်ပါဘူး။ အဲဒီအချိန်မှာ ကျနော်တို့ရဲ့ အဓိကရန်သူက ဗမာပြည်ကွန်မြူနစ်ပါတီပါ။ ဗမာပြည်ကွန်မြူနစ်ပါတီကို ချေမှုန်းဖို့အတွက် နည်းလမ်းတခုအနေနဲ့ သုံးခဲ့တယ်။ ကိုးကန့်၊ ဝ တောက်လျှောက် ကျနော့်တို့ရဲ့ မဟာမိတ်တွေ ဖြစ်သွားတဲ့အခါမှာ ဗမာပြည်ကွန်မြူနစ်ပါတီကလည်း အလိုလိုနေရင် ငုပ်သွားတဲ့အနေအထား၊ ပျောက်သွားတဲ့အခြေအနေ ရှိခဲ့ပါတယ်။ ဆိုတော့ ကျနော်တို့ လုပ်စဉ်တုန်းက တပ်မတော်က နိုင်ငံတော်ကို ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ တကယ့် နောင်ပေါ်လာတဲ့ အစိုးရမှ ဆွေးနွေးပါဆိုတဲ့ လမ်းစဉ်နဲ့ သွားခဲ့ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့အထဲ အထူးသဖြင့် ခေါင်းဆောင်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးစောမောင် လက်ထက်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ အများကြီး ကွာသွားပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကြတော့ သူက ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးကို နိုင်ငံရေးလက်နက်တခုအနေနဲ့ သုံးခဲ့တယ်။ ကျနော်တို့အားလုံး ကြားပါလိမ့်မယ်။ အပစ်အခတ်ရပ်စဲရေး (၁၇) ဖွဲ့ဆိုပြီး ပြောပြောပြီးမှ ကျနော်တို့ ခေါ်သွားတယ်။ နောက်ဆုံး ဘယ်မှသွားပြီးမှ ကျနော်တို့ကိုယ်တိုင် ခံစားရလဲဆိုတော့ ကေအန်ယူနဲ့ ငြိမ်းချမ်းရေးလုပ်တယ်။ ၉၆ မှာ။ ကျနော်တို့ ငြိမ်းချမ်းရေးရဖို့ကို နည်းနည်းလေးပဲ လိုတော့တယ်။ စကားလုံးလောက်ပဲ လိုတယ်။ အဲဒီအချိန်မှာ ကျနော်တို့ကို ပြန်ပြီးတော့ အမိန့်ပေးတာက ကေအန်ယူနဲ့ ပတ်သက်ပြီး ကေအန်ယူ ဟာ သက်တမ်းအရှည်ဆုံး သူပုန်အဖွဲ့ဖြစ်တယ်။ နိုင်ငံရေးလမ်းစဉ် ရှိတယ်။ ဘာသာရေးအရ ခရစ်ယာန်ဖြစ်တယ်။ နိုင်ငံတကာ ဆက်ဆံရေး ရှိတယ်ဆိုတဲ့ ဒီအချက်တွေကြောင့် ကေအန်ယူကိုတော့ ကျန်တဲ့အဖွဲ့တွေလို မပေးနိုင်ဘူး။ ကေအန်ယူကိုတော့ ငြိမ်းချမ်းရေးနဲ့ လက်နက်လှဲခိုင်း၊ ချခိုင်းမယ်ဆိုတဲ့ မူကိုချပြီးတဲ့အခါမှာ ကရင်နဲ့ ဆွေးနွေးပွဲ ပျက်သွားတယ်။ မူလရည်မှန်းထားတဲ့ အမျိုးသားညီလာခံမှာလဲ တိုင်းရင်းသားနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခွင့် မပေးတော့ဘူး။ နောက်တခါ ကိုးကန့်ကိုလည်း ၂၀၀၉ မှာ နယ်ခြားစောင့်တပ် လုပ်ရမယ်ဆိုပြီးတော့ မောင်းထုတ်ခဲ့တယ်။ အခု ဒီပြဿနာတွေက ပြန်ပေါ်လာတဲ့ အနေအထား ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု ကျနော် မေးချင်တာက စစ်ရေးနဲ့ မပြေလည်နိုင်ဘူး၊ စစ်ရေးနဲ့ ဒီကိစ္စကို မဖြေရှင်းနိုင်ဘူးဆိုတာကို နှစ်ဘက်စလုံးက သဘောပေါက်ကြမယ်လို့ ထင်ပါသလား။ တကယ်လို့များ သဘောပေါက်ခဲ့ရင် ဘာဖြစ်လို့ မြန်မာ့တပ်မတော်ဘက်က စစ်ရေးမဟုတ်ဘဲနဲ့ ငြိမ်းချမ်းစွာဖြေရှင်းနည်းကို မရွေးခဲ့လဲ။

ဦးအောင်လင်းထွဋ် ။ ။ ကျနော် အခုန ပြောခဲ့သလို လက်ရှိ စစ်ဗိုလ်ချုပ်တွေ လုပ်နေတဲ့လူက စစ်မတိုက်ဖူးဘူး။ နိုင်ငံရေး အတွေးအခေါ် မရှိလို့ဘဲ။ သူတို့ ထင်တာက သူတို့မှာ ရုရှားကဝယ်တဲ့ လက်နက်တွေရှိတယ်။ စလားဗီးယားက ဝယ်မယ့် လက်နက်တွေရှိတယ်။ ပါကစ္စတန်ကဝယ်တဲ့ လက်နက်တွေရှိတယ်။ တိုက်ရင်တော့ရတယ်။ ဒါပေမဲ့ အားလုံးသိတဲ့အတိုင်း ဗိယက်နမ်လို့ နိုင်ငံမျိုးကိုတောင် အမေရိကန်က တိုက်လို့မရခဲ့ဘူး။ အမြှောက်က ပြောက်ကျားကို လိုက်တိုက်လို့ မရဘူး။ ကိုးကန့်အဖွဲ့ဆိုတာက ပြောက်ကြားနည်းနဲ့ တိုက်မှာ။ အမြှောက်တွေနဲ့ ဘယ်လောက်ပစ်ပစ် ကျည်ဆံပဲ ကုန်မယ်။ အမြှောက်တလုံးက ဒေါ်လာမနည်းပေးရပါတယ်။ ကျနော် သိသလောက် အခုစစ်ပွဲမှာ ဒေါ်လာ ဘီလီယံနဲ့ချီ သုံးနေတယ်။ အဲဒါ ပြည်သူစစ်ပွဲတွေပါ။

ဦးကျော်ဇံသာ ။ ။ အခု သူတို့ စေ့စပ်ဖို့ မဆွေးနွေးတာ နိုင်ငံရေးအမြင် မရှိလို့လို့ ယူဆလား။

ဦးအောင်လင်းထွဋ် ။ ။ ကျနော်အမြင်ကတော့ အဲဒီအတိုင်းပဲ။ တခုတော့ရှိတယ်။ သူတို့ လှည့်ကွက်တော့ လုပ်တတ်တယ်။ စစ်ဗိုလ်ချုပ်တွေက ကိုးကန့်အရေးအခင်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ချိတ်ကောင်းချိတ်ထားနိုင်တယ်။ ဒါက သံသယရှိဖွယ်အချက်။

ဦးကျော်ဇံသာ ။ ။ ဒေါ်လှကျော်ဇော အမြင်လဲ သိချင်ပါတယ်။ ဒီနေရာမှာ စေ့စပ်တဲ့ကိစ္စမှာ တရုတ်ဘက်ကလည်း ငြိမ်းချမ်းစေချင်တယ်။ စေ့စပ်စေချင်တယ်။ မကြာခဏ ပြောနေတာ တွေ့ရတယ်။ သူတို့က ဘယ်လောက် ဝင်ရောက်ဆောင်ရွက်ပေးနိုင်မယ် ထင်သလဲ။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုရင်။

ဒေါ်လှကျော်ဇော ။ ။ ကျမ ကြားသိသလောက် တရုတ်ဘက်က စဉ်းစားတာကတော့ အခု အပစ်အခတ်ရပ် လက်မှတ်ထိုးစေချင်တယ်။ ထိုးစေပြီးတဲ့နောက်မှာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို စောင့်ကြည့်တဲ့အဖွဲ့ကို ကုလသမဂ္ဂတို့၊ တရုတ်တို့ကို ထားစေချင်တယ်လို့ ရေးထားတာကို တွေ့ရတယ်။ အဲဒီတော့ ကုလသမဂ္ဂ နံမည်နဲ့ ငြိမ်းချမ်းရေး စောင့်တပ်သားအဖြစ်နဲ့ အဲဒီဒေသတွေ ဝင်ပြီးတော့ ဒေသဖွံ့ဖြိုးရေးတွေ တိုးတက်ရေးတွေကို လုပ်လိုက်လို့ရှိရင် စစ်ပွဲတွေလည်း တစုံတရာ ငြိမ်းချမ်းသွားလိမ့်မယ်လို့ တွက်ပူကြပါတယ်။

ဦးကျော်ဇံသာ ။ ။ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ အသာစီးရနိုင်တယ်။ ဒီတိုက်ပွဲကို တိုက်ပြနေချင်းအားဖြင့်လို့ အဲဒီလို တွက်တယ်ဆိုရင်ကော ဒေါ်လှကျော်ဇော ဘယ်လိုမြင်လဲ။ မှန်ကန်တဲ့ အမြင်လား။ တကယ်ပဲ သူတို့ လူထုရဲ့ အမြင် ဒီထက်ကောင်းလာနိုင်စရာ ရှိလား။

ဒေါ်လှကျော်ဇော ။ ။ ကျမ ကြည့်တာကတော့ ၂၀၁၅ ရွေးကောက်ပွဲ မလုပ်ချင်လို့ ဒီလိုပဲ တိုက်နေတယ်လို့ ထင်ပါတယ်။ ဒီတိုက်ပွဲကို အကြောင်းပြပြီး ရွေးကောက်ပွဲကို ရွှေ့ချင်လို့ လုပ်နေသလားလို့ ထင်ပါတယ်။ သူတို့ မနိုင်နိုင်ဘူးဆိုတာ ဗမာတပ်မတော်က သိနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ ဦးအောင်လင်းထွဋ်ရဲ့ သဘောပြောပါ။

ဦးအောင်လင်းထွဋ် ။ ။ ပထမဦးဆုံး ဖွဲ့စည်းပုံပြင်ဖို့ မပြင်ဖို့ကိစ္စက စစ်တပ်ပါဖို့ မပါဖို့ကိစ္စတွေက ကျနော်တို့ ဒီအချိန်အခါမှာ စစ်တပ်ရဲ့ အရေးပါမှု ရှိတယ်ဆိုတာကို သူတို့ကို ပြချင်တယ်။ ဒါကြောင့်မို့ သူတို့ ရခိုင်၊ ပလောင်း၊ ကချင် ဒီအဖွဲ့တွေနဲ့ ဆက်ပြီးတော့ စစ်တိုက်ပြနေတယ်ဆိုတာက စဉ်းစားစရာ ဖြစ်ပါတယ်။ နောက်တခုက ကျနော်တို့ စစ်တပ်ထဲနေစဉ်တုန်းက စစ်တပ်ဆိုတာက သူပုန်မရှိရင် အလကားပဲဆိုတဲ့ ပုံစံမျိုး ခေါင်းထဲမှာ ရိုက်သွင်းထားတဲ့ အတွေးအခေါ်မျိုးတွေ ရှိပါတယ်။ သူပုန် ရှိအောင်များ တမင်တကာ ဖန်တီးပြီးတော့ တိုင်းပြည်ကို စစ်တပ်က ဆက်ပြီးတော့ စိုးမိုးလို့ရအောင် လုပ်နေသလားလို့ သံသယ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးကတော့ စစ်ရေးနည်းဖြစ်ဖြစ်၊ နိုင်ငံရေး ငြိမ်းချမ်းရေးနည်းဖြစ်ဖြစ် ပြေလည်အဆုံးသတ်သွားမယ့် အချိန် ဘယ်လောက် လိုသေးသလဲလို့ အကြမ်းမျဉ်း ခပ်တိုတို တွက်ကြည့်ပါလား။

ဦးအောင်လင်းထွဋ် ။ ။ စစ်ရေးအရ ဖြေရှင်းဖို့ကတော့ လုံးဝမဖြစ်နိုင်ဘူး။ အခုန ဒေါ်လှကျော်ဇော ပြောသလိုပဲ တရုတ်လို နိုင်ငံမျိုးက ကြားဝင်ပြီးတော့ ဗမာအစိုးရကို ဖြောင်းဖြောင်းဖျဖျနဲ့ ပြောတာကတမျိုး။ တဘက်ကလဲ ဒုတ်ကိုပြမှ ဗမာအစိုးရအနေနဲ့ စစ်ကိုရပ်အောင် လုပ်လိမ့်မယ်လို့ ကျနော် ထင်တယ်။

ဦးကျော်ဇံသာ ။ ။ တရုတ်အစိုးရက ဒုတ်ပြပြီးတော့ ခိုင်းလို့ ဖြစ်နိုင်ပါ့မလား။

ဒေါ်လှကျော်ဇော ။ ။ တရုတ်ကတော့ သံခင်းတမန်ခင်း ကိစ္စတွေကို အရင်တုန်းကလို သိုသိုသိပ်သိပ် low profile နေစရာ မလိုတော့ဘူး။ နေလို့ မဖြစ်တော့ဘူးလို့တွက်တယ်။ ဒါကြောင့်မို့ သူတို့က Hot spot တွေ အပူဒေသတွေကို တတ်နိုင်သမျှ လက်ဦးမှုှရှိရှိ ဝင်ရောက်ရှင်းပေးသင့်တယ်လို့ ပြောနေတဲ့အတွက် ဗမာပြည်အရေးမှာလည်း တစုံတရာ ပါဝင်ပတ်သက်လာမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျမ စဉ်းစားတာကတော့ ဗမာတပ်မတော်အနေနဲ့ တသက်လုံး ရရှိထားတဲ့ နိုင်ငံရေးသြဇာ၊ စီးပွားရေးသြဇာတွေကို တခြားလူတွေနဲ့ မျှဝေရမယ်၊ မျှဝေပေးရမယ်ဆိုတာကို သဘောပေါက်လာမှ ဒီကိစ္စတွေက ပြေလည်နိုင်မယ်လို့ ထင်ပါတယ်။

XS
SM
MD
LG