သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၇ မြန်မာအနှစ်ချုပ် သုံးသပ်ချက်


၂၀၁၇ မြန်မာအနှစ်ချုပ် သုံးသပ်ချက်
please wait

No media source currently available

0:00 0:12:02 0:00
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ကုန်ဆုံးတော့မယ့် ၂၀၁၇ ခုနှစ်ဟာ မြန်မာဒီမိုကရေစီ ရှေ့ခရီးကို အပြင်းအထန်တားဆီးလိုက်တဲ့ ကာလတခုဖြစ်ခဲ့တဲ့အပြင်၊ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ အခက်အခဲ သာမက အရှုံးနဲ့ကြုံတွေ့ရမယ့် အခြေတောင်ရောက်ခဲ့ရတယ်လို့ ဆိုရင်လဲ မှားလိမ့်မယ် မဟုတ်ပါဘူး။ ဘာကြောင့် ဒီလောက်တောင် ဖြစ်ခဲ့ရပါသလဲ။ ၂၀၁၇ မြန်မာ့အရေး အနှစ်ချုပ်သုံးသပ်ချက်မှာ ဦးကျော်ဇံသာ က ဆွေးနွေးတင်ပြထားပါတယ်။

၂၀၁၇ ဟာ နုနယ်တဲ့ မြန်မာ့ဒီမိုကရေစီ ခရီးအစမှာ အကြီးမားဆုံး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နှစ်တနှစ်ဆိုရင် မှားမယ် မဟုတ်ပါဘူး။ ၂၀၁၇ နှစ်ဦးမှာပဲ NLD ဥပဒေအကြံပေး ရှေ့နေကြီး ဦးကိုနီ ပြည်ပခရီးကအပြန် ရန်ကုန် နိုင်ငံတကာလေဆိပ်မှာ နေ့ခင်းကြောင်တောင် လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရပါတယ်။ ဦးကိုနီဟာ မူစလင်တဦးဖြစ်တဲ့အပြင် စစ်တပ်ကို အာဏာကြီးစိုးခွင့်ပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုလည်း တစိုက်မတ်တပ် ကြံဆအားထုတ်ခဲ့သူတဦး ဖြစ်ပါတယ်။ ဒီအချက်နှစ်ချက်ကြောင့် မလိုလားတဲ့လူတွေက လုပ်ကြံသတ်ဖြတ်တာ ဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။ ဦးကိုနီ လုပ်ကြံခံရတဲ့အပေါ် ပြည်သူအများအပြားက နှမြောတသ စိတ်မကောင်းဖြစ်ကြပေမယ့် မူစလင် မုန်းတီးစိတ်ရှိသူတချို့ရဲ့ နှစ်ထောင်အားရဖြစ်မှုတွေကို အင်တာနက်စာမျက်နှာ Facebook ပေါ်မှာ တွေ့ရှိရပါတယ်။ ဒါ့အပြင် လုပ်ကြံသတ်ဖြတ်မှုမှာ အဓိက တာဝန်ရှိသူဟာ စစ်တပ်အရာရှိဟောင်းတဦး ဖြစ်နေတယ်ဆိုတဲ့အချက်။ တခါ စစ်အရာရှိကြီးများ သြဇာကြီးစိုးတဲ့ နေပြည်တော်မှာ အခုအချိန်အထိ ပျောက်ဆုံးနေတယ်ဆိုတဲ့ အချက်တွေကလည်း ဒီသုံးသပ်ချက်တွေ မှန်ကန်နေကြောင်း ပြသသလို ဖြစ်နေပါတယ်။ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က …

“ဦးကိုနီ ကို ရဲဘော်ရဲဖက် တယောက်အနေနဲ့ ကျမတို့ အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တယောက်အနေနဲ့ တရားဥပဒေ ဥပဒေပညာရှင်တယောက်အနေနဲ့ကော အင်မတန်ကိုမှ လေးစားပြီး၊ အင်မတန်ကိုမှ တန်းဖိုးထားပါတယ်။ ဒီလို ပုဂ္ဂိုလ်တွေ များများရှိလာအောင် ကျမတို့ မြန်မာနိုင်ငံမှာ ကိုယ်လုပ်ချင်တဲ့ကိစ္စကို တရားဥပဒေဘောင်အတွင်းကနေ လုပ်တယ်ဆိုတဲ့ အစဉ်အလာ ခိုင်မြဲသွားမှာ ဖြစ်ပါတယ်။ ကိုနေဝင်းရဲ့ လုပ်ဆောင်ချက်က နံပတ်တစ် တန်းဖိုးအကြီးဆုံးက စိတ်ဓါတ် ဖြစ်ပါတယ်။ ဒီလို စိတ်ဓါတ် ကျမတို့ နိုင်ငံသားတွေထဲမှာ ရှိနေတယ်ဆိုတာ ကျမတို့အားလုံးအတွက် ဂုဏ်ယူစရာ ဖြစ်တယ်။ … ကျေနပ်စရာတွေထဲမှာ ကျမတို့ရဲ့ အဖွဲ့ချုပ်ထဲမှာ ဦးကိုနီ၊ ဦးနေဝင်းတို့လို ပုဂ္ဂိုလ်တွေ ပါခဲ့တယ်ဆိုတာကတော့ ကျမတို့အတွက် အင်မတန်မှ ကျေနပ်စရာကိစ္စတခု၊ ဂုဏ်ယူစရာကိစ္စတရပ် ဖြစ်ပါတယ်။”

သူတို့ဟာ မူစလင်တွေ ဖြစ်ကြပေမယ့် မြန်မာနိုင်ငံ မြန်မာမှုကို ဘယ်လောက် တန်းဖိုးထား ချစ်မြတ်နိုးကြောင်း ဦးကိုနီ၏ သမီးကြီး ဒေါက်တာယဉ်နွယ်ခိုင် က မျက်ရည်ချုပ်တည်းပြီး ပြောကြားသွားတာဟာ အမျိုးသားရေးနဲ့ ဘာသာအယူဝါဒကို မခွဲခြားနိုင်သူတွေအတွက် ဆင်ခြင်စရာ ဖြစ်သလို၊ ရင်နစ်စရာလည်း ကောင်းလှပါတယ်။

“မြန်မာဗုဒ္ဓဘာသာထက် မလျော့တဲ့ အချစ်မျိုးနဲ့ ကျမတို့ ဒီနိုင်ငံကို ချစ်ပါတယ်။ ကျမတို့ အစ္စလာမ် ဖြစ်သွားလို့ မြန်မာနိုင်ငံကို မချစ်တော့တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကို ကျမအဖေဟာ အသက်ပေးပြီး ချစ်သွားပါတယ်။ နောက်ဆုံးအချိန်အထိ မြန်မာအစဉ်အလာ ဂုဏ်နဲ့ နေသွားတာပါ။ အဲဒီအတွက် ကျမ အဖေကို အရမ်းလည်း ဂုဏ်ယူပါတယ်။ ကျမ အဖေ့သမီး ပီသအောင် မြန်မာနိုင်ငံကို နောက်ဆုံးအချိန်အထိ ချစ်သွားမှာပါ။ မြန်မာလူမျိုးဖြစ်ရတာ သိပ်ဂုဏ်ယူပါတယ်။”

တခါ ဒီနှစ်အတွင်းမှာပဲ မူစလင်ဆုပေါင်း ဝတ်ပြုတယ်ဆိုတဲ့ အဆောက်အအုံတချို့ကို အတင်းအဓမ္မ ပိတ်ခိုင်းခဲ့တာ၊ ဗုဒ္ဓဘာသာ ဘုရားပရဝုဏ်မှာ ဈေးလာရောင်းတဲ့ မူစလင်တချို့ကို မောင်းထုတ်ခဲ့တာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ဒီလို အနိုင်ကျင့်တဲ့ လုပ်ရပ်မျိုးကို မလိုလားဆန့်ကျင်တဲ့ ပြည်သူတွေ အများကြီးရှိခဲ့ပေမယ့် နိုင်ငံတကာကတော့ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်သူတွေလို့ သိမ်းကြုံသတ်မှတ်ခဲ့ကြပါတယ်။ ဒီလို သတ်မှတ်ခံခဲ့ရတဲ့အတွက်လည်း ရခိုင်မြောက်ပိုင်းပြဿနာ ကြီးထွားလာတဲ့အခါ မြန်မာနိုင်ငံအနေနဲ့ တဘက်သတ် စဉ်းစားဆုံးဖြတ်ပြီး မြန်မာနိုင်ငံကိုပဲ အပြစ်တင်လာစရာ အကြောင်းတရာ ဖြစ်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

၂၀၁၇ သြဂုတ်လမှာတော့ ARSA အမည်ခံ ဘင်္ဂလီ မူစလင်အကြမ်းဖက်သမားတွေဟာ ပြည်ထောင်စုရဲစခန်းတွေကို စတင်တိုက်ခိုက်ပြီး မြန်မာစစ်တပ်က အင်အားအလွန်အကျွံသုံး တုံ့ပြန်တိုက်ခိုက်လာပြီးနောက်ပိုင်း ပြဿနာဟာ ပိုမိုကြီးထွားလာခဲ့ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက မူစလင် သိန်းနဲ့ချီပြီးတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးခဲ့ပါတယ်။ ဒီအခါမှာ အထက်က ပြောခဲ့တဲ့ ဘာသာရေးအစွန်းရောက် လုပ်ရပ်တွေကို လုပ်ထားဖူးတဲ့၊ ဖြစ်ထားဖူးတဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက မျှမျှတတ နေနိုင်ဖို့ အခက်အခဲ ရှိလာခဲ့ပါတယ်။ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ဆိုတဲ့ ရခိုင်မြောက်ပိုင်းက မူစလင်တွေအပေါ် လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းရေး လုပ်တာဟာ ဒီလူတွေနဲ့ ဘာသာအယူဝါဒ မတူညီလို့ဖြစ်တယ်လို့ တနည်းအားဖြင့် ဒီလူတွေဟာ မူစလင်တွေဖြစ်နေလို့ ဘာသာရေးအစွန်းရောက်မြန်မာပြည်သူတွေကိုယ်တိုင်က ဒီလူတွေကို မုန်းတီးနေကြတာ ဖြစ်တယ်လို့ လွယ်လွယ်ကူကူ ကောက်ချက်ချကြတာကို တွေ့ရပါတယ်။

ဒီလို ARSA ရဲ့ တိုက်ခိုက်မှု မဖြစ်ခင်ကတည်းက မြန်မာနိုင်ငံ အနောက်တံခါးပေါက် အန္တရာယ် ရှိနေတယ်ဆိုတာကို ရခိုင်နိုင်ငံရေးသမားတချို့က သတိပေးပြောကြားခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ တာဝန်ရှိသူတွေက တုံ့ပြန်အရေးယူမှု မရှိခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တချို့ဟာ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံပြီး ဒီပြဿနာကို တင်ပြခဲ့ကြပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ ARSA တွေဟာ ပြည်ထောင်စုလုံခြုံရေးစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ကြပါတယ်။

ARSA တို့ဟာ ဒီဒေသကို မူစလင်တွေအတွက် သီးခြားလွတ်မြောက်တဲ့ဒေသ ဖြစ်စေချင်သလို၊ ပြဿနာရဲ့ အခြေခံအကြောင်းရင်းတခုကတော့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုတာမခံရဘဲ၊ နိုင်ငံမဲ့တွေ ဖြစ်နေရတယ်။ ဖိနှိပ်ချုပ်ချယ်မှုတွေ ခံနေရတယ်ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံအာဏာပိုင်တွေက ဥပဒေနဲ့ ကိုက်ညီသူတွေအပေါ် နိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ်လို့ ဆိုပြန်တော့ သူတို့က သူတို့သဘောကျတဲ့ ရိုဟင်ဂျာနာမည်နဲ့ မှတ်ပုံတင်ပေးရမယ်လို့ တောင်းဆိုခဲ့ကြတာပါ။ ဒီနေရာမှာတော့ ရခိုင်တိုင်းရင်းသားတွေအပါအဝင် ပြည်ထောင်စုသား အများစုဟာ ဒီလိုနာမည်သစ် ခံယူပြီး၊ သီးခြားနယ်မြေ တောင်းဆိုလာမယ့်အရေးကို စိုးရိမ်နေကြတာ တွေ့ရပါတယ်။

“Ethnic identity ဆိုတာကို အဲဒီ ရိုဟင်ဂျာဆိုတဲ့လူတွေက တောင်းဆိုတယ်။ ကျနော်တို့က ရခိုင်တွေက Ethnic identity ကို လက်မခံဘူး။ ကျနော်တို့က သူတို့ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးကိစ္စတွေ၊ နိုင်ငံတကာ စံနှုန်းတွေကို ကျနော်တို့ အကုန်လက်ခံတယ်။ လွတ်လပ်စွာ ခရီးသွားလာခွင့်၊ လူသားတယောက်အနေနဲ့ ရသင့်ရထိုက်တာတွေ လက်ခံတယ်။ Ethnic identity ကို ကျနော်တို့ လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ Ethnic identity ရသွားရင် ၂၀၀၈ ဖွဲ့စည်းပုံအရ အဲဒီနေရာမှာ ကျနော်တို့ ဓနု၊ ပလောင်း၊ ပအို့ဝ်တို့လို ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတခု ပေါ်လာပါလိမ့်မယ်။ ပေါ်လာမယ်ဆိုရင် ဘူးသီးတောင်၊ မောင်တောတို့ ဆုံးရှုံးသွားပြီ၊ ပေးလိုက်ရပြီ။ အဲဒီမှာ ရခိုင်တွေ နေလို့မရဘူး။ အခုတောင်မှ ဘူးသီးတောင်၊ မောင်တောဒေသမှာ Muslim population က (၉၅) ရာခိုင်နှုန်းလောက် ရှိတယ်။”

ဒီလိုနဲ့ တင်းမာမှုအရှိန် မြင့်မာလာတဲ့ ဒီပြဿနာကို အဖြေရှာရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီ အာနန် ဦးဆောင်တဲ့ ကော်မရှင်တရပ်ကို ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပေးခဲ့ပါတယ်။ အချိန်ယူ ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဒီကော်မရှင်က အစီရင်ခံစာတရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။

“နိုင်ငံသားဖြစ်ခွင့်နဲ့ လွတ်လပ်စွာ ခရီးသွားလာခွင့်ဆိုင်ရာ ကျနော်တို့ရဲ့ ထောက်ခံတင်ပြချက်တွေဟာ ရခိုင်ပြည်သူတွေရဲ့ ခိုင်မာတဲ့ သဘောတူမှုကို မရရှိနိုင်ဘူးဆိုတာ ကျနော်တို့ ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ ကော်မရှင်အနေနဲ့ ဒီအကဲဆတ်တဲ့ကိစ္စရပ်တွေကို တည့်တည့်မတ်မတ်၊ ရိုးရိုးသားသား ရင်ဆိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီကိစ္စရပ်တွေကို ချန်လှပ်ထားခဲ့ရင် ရခိုင်ပြည်နယ်အပါအဝင် မြန်မာတနိုင်ငံလုံးရဲ့ အနာဂတ်ဟာ ပြန်တည့်မတ်လို့ မရနိုင်လောက်အောင် အန္တရာယ်ရှိလာနိုင်လို့ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ရှုပ်ထွေးတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ စစ်ဘက်နဲ့ အရပ်ဘက် အာဏာပိုင်တွေဟာ ပြည်ထောင်စု၊ ပြည်နယ်၊ ဒေသန္တရအဆင့်ဆင့်မှာ ပူးပေါင်းဆောင်ရွက်မှ ဒီစိန်ခေါ်မှုတွေကို ကျော်လွှာနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်သူတွေအားလုံး ပါဝင်ဆောင်ရွက်ဖို့ကတော့ မရှိမဖြစ်ကို လိုအပ်ပါတယ်။”

ဒီလို အစီရင်ခံစာ ထုတ်ပြန်ပြီး နာရီပိုင်းအတွင်းမှာပဲ ARSA အမည်ခံ အကြမ်းဖက်သမားတွေက ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေထဲက လုံခြုံရေးစခန်းတွေကို လူအင်အားနဲ့ စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက တုံ့ပြန်ချေမှုန်းရာက စတင်ပြီး၊ မူစလင်အများအပြား တဘက်နိုင်ငံကို ထွက်ပြေးခဲ့ကြတာပါ။ ARSA တွေရဲ့ တိုက်ခိုက်မှုဟာ ကိုဖီအာနန်ရဲ့ အစီရင်ခံစာကို မှေးမှိန်ပျက်ပြားသွားအောင် လုပ်တာ ဖြစ်တဲ့အပြင်၊ မြန်မာစစ်တပ်က တုံ့ပြန်တိုက်ခိုက်လာအောင် တမင်ရည်ရွယ်ချက်ရှိရှိ နိုးဆွတိုက်ခိုက်မှု ဖြစ်တယ်လို့ သတင်းစာဆရာကြီး Bertil Lintner က သုံးသပ်ထားပါတယ်။

“ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုဟာ အချိန်ကိုက် တွက်ချက်ပြီး လုပ်တယ်ဆိုတာ သိထားရပါလိမ့်မယ်။ ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာ ထွက်လာပြီး နာရီပိုင်းအတွင်းမှာ တိုက်ခိုက်တာပါ။ တကယ်တမ်းတော့ ဒီအစီရင်ခံစာဟာ မြန်မာအစိုးရကို ဝေဖန်ထားတာပါ။ ဒီတိုက်ခိုက်မှုကြောင့် အဲဒီအစီရင်ခံစာ လုံးဝမှေးမှိန်သွားပါတယ်။ ဒါဟာ တိုက်ဆိုင်မှု လုံးဝမဟုတ်ပါဘူး။ သူတို့ဟာ စစ်ရေးအရ လှုပ်ရှားဖို့ ပိုလိုချင်နေတာပါ။ ဒါကြောင့် တဘက်မှာ စစ်တပ်ကို သွားစရကောင်းလာဆိုပြီး လူထုက အပြစ်တင်နေချိန်၊ တခြားတဘက်မှာ သူတို့မျှော်လင့်တဲ့အတိုင်း ဒေါသထွက်နေတဲ့ လူငယ်အများအပြား သူတို့ဘက်ကို ဝင်လာကြပါတယ်။”

ဒါပေမဲ့ နိုင်ငံတကာ အထူးသဖြင့် အနောက်တိုင်းမီဒီယာနဲ့ မူစလင်နိုင်ငံ၊ အနောက်နိုင်ငံတွေက ဒီဖြစ်ရပ်မှာ မြန်မာအာဏာပိုင်တွေ၊ မြန်မာနိုင်ငံသားတွေကိုသာ တဘက်သတ် အပြစ်ပုံချ ဝေဖန်ရေးသားခဲ့ကြပါတယ်။

ကျနော် အစောပိုင်းက အစီရင်ခံခဲ့သလိုပါပဲ ဗုဒ္ဓဘာသာဝင် အများစုဖြစ်တဲ့ မြန်မာ့လူ့အသိုင်းအဝိုင်းကိုယ်တိုင်က ရိုဟင်ဂျာ ဆိုသူတွေကို မူစလင်တွေမို့လို့ မလိုမုန်းထား ရှိနေကြတာ၊ ရှင်းလင်းဖယ်ရှားချင်ကြတာလို့ လုံးချလာကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာက ဒီအခင်းဖြစ်ပွားတဲ့ နေရာတွေကို မီဒီယာတွေ သွားရောက်ခွင့် ပိတ်ပင်ထားတဲ့အတွက်လည်း ပိုမိုကြီးထွားလာစေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံတကာ မီဒီယာတွေဟာ မှားယွင်းစွာ ရေးသားနေကြတာ၊ အများအပြား ရှိနေကြောင်း၊ တူရကီ မီဒီယာတွေရဲ့ လွဲမှားတင်ပြမှုတရပ်ကို ထောက်ပြပြီး ပြောကြားခဲ့ပါတယ်။ သို့သော်လဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ကတော့ မြန်မာအာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ Ethnic Cleansing လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားဖို့ ကြိုးပမ်းမှု ဖြစ်တယ်လို့ သုံးသပ်ပြောကြားလာပါတယ်။

“ရိုဟင်ဂျာလူမျိုးတွေရဲ့ သုံးပုံတပုံဟာ တိုင်းပြည်က ထွက်ပြေးနေရတယ်ဆိုမှတော့ ဒါကို Ethnic Cleansing လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုလို့ မခေါ်ရင် တခြား ဘယ်လိုခေါ်ရမလဲ။”

အလားတူစွာပဲ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကလည်း အစောပိုင်းမှာ လေသံသိပ်မတင်းမာလှပေမယ့် Congress အမတ်တွေရဲ့ ဖိအားပေး တောင်းဆိုမှုတွေ များပြားလာပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် Ethnic Cleansing လို့ခေါ်တဲ့ လူမျိုးနွယ်အလိုက် ရှင်းလင်းဖယ်ရှားရေး ပြုမှုနေပြီး ဒီအတွက် တာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်တဦးကို ပြစ်မှတ်ထားပြီး အရေးယူမယ်လို့ စတင်ပြောကြားလာပါတယ်။

“မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခတွေမှာ ရိုဟင်ဂျာ မူစလင်တွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုတွေ ကျူးလွန်ခဲ့ကြောင်း အမေရိကန်အစိုးရက တရားဝင်သတ်မှတ် ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ ရရှိထားတဲ့ အချက်အလက်တွေအရ Ethnic Cleansing လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုတွေ ကျူးလွန်ရာရောက်ကြောင်း ထင်ရှားနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်သူတွေကိုလည်း အပြစ်ပေးအရေးယူဖို့ အရေးကြီးကြောင်းနဲ့ ရခိုင်အရေး ဖြေရှင်းရာမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံ တတိယကော်မတီတွေရဲ့ ဆောင်ရွက်ချက်တွေကို အမေရိကန်က အားပေးကြောင်းလည်း ကြေညာချက်မှာ ပြောဆိုထားပါတယ်။”

အဲဒါကတော ဝန်ကြီး Tillerson ရဲ့ ကြေညာချက်ကို ကျနော်တို့ VOA မြန်မာပိုင်းက ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရခိုင်ပြဿနာနဲ့ နှပန်းလုံးနေရတာဟာ နဂိုကမှ အခက်အခဲမျိုးစုံနဲ့ ရှေ့မတိုးနိုင် ဖြစ်နေတဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း နှေးကွေးစေခဲ့ပါတယ်။

တခါ ၂၀၁၇ ခုနှစ် မြန်မာ့နိုင်ငံခြား ဆက်ဆံရေးကို ကြည့်မယ်ဆိုရင်လည်း အဲဒီ ရခိုင်ပြဿနာအရေးကြောင့် အမေရိကန်အပါအဝင် အနောက်တိုင်းနိုင်ငံတွေနဲ့ နည်းနည်းကင်းကွာပြီ၊ အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ ပိုရင်းနှီးစရာ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က တိုးတက်မှု ရှိလာခဲ့တယ်ဆိုတဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေကလည်း ၂၀၁၇ ခုနှစ်အတွင်း သတင်းထောက်တချို့ ဖမ်းဆီးအရေးယူခံရတာတွေကြောင့် ပြန်လည်ကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။

သောတရှင်များခင်များ … အားလုံးကို ခြုံကြည့်မယ်ဆိုရင် ၂၀၁၇ ခုနှစ်ဟာ မြန်မာ့ဒီမိုကရေစီခရီးအတွက် အင်မတန် ကြီးမားတဲ့ စိန်ခေါ်မှု အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နှစ်တနှစ် ဖြစ်တဲ့အပြင် ဘာသာရေး၊ လူမျိုးရေး အစွန်းရောက် လုပ်ရပ်တွေဟာ နိုင်ငံပုံရိပ်ကို ထိခိုက်စေရုံသာမက နိုင်ငံတကာနဲ့ တကယ်တမ်း ပက်ပင်တိုး ရင်ဆိုင်ရတဲ့အခါမှာ ရှုံးနှိမ့်စေနိုင်တဲ့ လုပ်ရပ်တွေပါလားဆိုတာကို သင်ခန်းစာယူရမယ့်နှစ် ဖြစ်တယ်လို့လည်း ယူဆမိကြောင်းပါ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG