သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း
စီးပွားရေးလုပ်ငန်း အခြေအနေ
please wait

No media source currently available

0:00 0:05:22 0:00
တိုက်ရိုက် လင့်ခ်

မြန်မာ့ပြုပြင်ပြောင်းလဲရေးကို စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်လို သဘောထားတယ်ဆိုတာကို သိနိုင်အောင် ရိုလင်ဘာဂါ (Roland Berger) ကုမ္ပဏီက ပထမအကြိမ် စစ်တမ်းကောက်ယူပြီး ၂၀၁၆ ဒီဇင်ဘာလမှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ NLD အစိုးရ တက်လာပြီး အမေရိကန်က ဒဏ်ခတ်အရေးယူမှု ရုတ်သိမ်းလိုက်လို့ စီးပွားရေးလုပ်ငန်းအခြေအနေ ကောင်းမွန်လာမယ်လို့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေ အကြီးအကျယ် မျှော်လင့်ခဲ့ကြပါတယ်။ ဒီသဘောထား ပြောင်းမပြောင်း သိရအောင် လွန်ခဲ့တဲ့ နှစ်လယ်ပိုင်းမှာ ဒုတိယအကြိမ် စစ်တမ်းကောက်ယူပြီး နှစ်ကုန်ပိုင်း ဒီဇင်ဘာလမှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ဒီတခါတော့ မြန်မာ့ကုန်သည်စက်မှုအသင်းချုပ်နဲ့ အတူပူးပေါင်းပြီး စစ်တမ်းကောက်ယူတာမို့ ကုမ္ပဏီကြီးငယ် (၅၀၀) နီးပါးရဲ့  သဘောထားကို မေးမြန်းစုံစမ်းနိုင်ပါတယ်။ ပထမအကြိမ်မှာ ကုမ္ပဏီ (၂၀၀) နီးပါးကိုသာ မေးမြန်းနိုင်တာမို့ ဒုတိယအကြိမ် စစ်တမ်းဟာ ပိုပြီးကျယ်ပြန့်တယ်လို့ ပြောနိုင်ပါတယ်။ ဒီနှစ်ထဲ စီးပွားရေးလုပ်ငန်း အခြေအနေ ကောင်းမွန်လာမယ်လို့ မျှော်လင့်သူဦးရေ ပထမစစ်တမ်းမှာ (၇၀) ရာခိုင်နှုန်း ရှိရာက ဒုတိယစစ်တမ်းမှာ (၅၀) ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။

မြန်မာ့စီးပွားရေးဟာ နာမကျန်းဖြစ်နေတဲ့အတွက် ဆေးဝါးကုသဖို့လိုကြောင်း ကုန်သည်စက်မှုအသင်းချုပ်ရဲ့  စီးပွားရေးအကြံပေး ဦးမြင့်က လွန်ခဲ့တဲ့ ဒီဇင်ဘာလ (၉) ရက်နေ့က ပြောပါတယ်။ NLD အစိုးရ သက်တမ်း (၂) နှစ်အတွင်း ဆောင်ရွက်တာတွေဟာ မျှော်လင့်ထားတာထက် လျော့နည်းနေတယ်လို့ ဆိုပါတယ်။ စီးပွားရေးလုပ်ငန်းရှင်နဲ့ ရင်းနှီးမြုပ်နှံသူတွေဟာ ဘာကိုမျှော်မှန်းရမှန်းမသိဖြစ်နေလို့ စီးပွားရေးဟာ ရပ်တန့်နေပါတယ်။ ရှင်သန်လည်ပတ်လာအောင် ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အားကိုးရမယ်လို့ ဆိုပါတယ်။ စီးပွားရေးမဟာဗျူဟာရေးဆွဲဖို့ အကြံပေးထားပါတယ်။ စီမံကိန်၊ ဘဏ္ဍာရေး၊ ဗဟိုဘဏ်နဲ့ ကုန်သွယ်ရေးမှာ အဓိကလုပ်ကိုင်နေသူ ကျွမ်းကျင်တဲ့ အရာရှိတွေကို လွတ်လပ်စွာပြောဆိုခွင့်ပေးပြီး အမြင်ဖလှယ်ဖို့ ဦးမြင့်က အကြံပြုထားပါတယ်။ ဒီအရာရှိတွေဟာ လုပ်ငန်းကျွမ်းကျင်ကြောင်း သက်သေထူထားသူတွေဖြစ်လို့ သူတို့နဲ့လက်တွဲပြီး ဦးဆောင်ဖို့ ဒေါ်စုကို အကြံပေးထားပါတယ်။

NLD အစိုးရသစ်ရဲ့  ဆောင်ရွက်ချက်တွေကြောင့် လုပ်ငန်းအခြေအနေကောင်းမွန်လာတယ်လို့ ယုံကြည်တဲ့ကုမ္ပဏီတွေကလည်း (၆၀) ရာခိုင်နှုန်းလောက် ရှိပါတယ်။ လွန်ခဲ့တဲ့ တနှစ်အတွင်းမှာ အဂတိလိုက်စားမှု ကျဆင်းလာတယ်လို့ ယုံကြည်တဲ့ကုမ္ပဏီတွေက (၄၅) ရာခိုင်နှုန်း ရှိပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း စီးပွားရေးအခြေအနေနဲ့ ပတ်သက်ပြီး အစီရင်ခံစာအမျိုးမျိုး ထုတ်ပြန်ကြပါတယ်။ ဒါပေမဲ့ ရှင်းလင်းပြတ်သားတဲ့ ဦးတည်ချက်၊ ဘဏ္ဍာရေး၊ စွမ်းအင်၊ ကုန်ထုတ်လုပ်ငန်းစတာတွေမှာ ရှင်းလင်းမှုမရှိတာကို ကုမ္ပဏီတွေ အားမလိုအားမရ ဖြစ်နေပုံရပါတယ်။ စီမံကိန်းအကောင်အထည်ဖော်ဖို့ အစိုးရမှာ စွမ်းအင်ရှိတယ်လို့ ပုဂ္ဂလိကလုပ်ငန်း အတော်များများက ယုံကြည်နေကြပါတယ်။ လျှပ်စစ်ဓါတ်အား မှန်မှန်ရဖို့ကိစ္စဟာ အစိုးရရဲ့  အကြီးဆုံးတာဝန်လို့ ကုမ္ပဏီ (၉၆) ရာခိုင်နှုန်းက ယူဆကြပါတယ်။

သယ်ယူပို့ဆောင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဘဏ္ဍာရေးပြုပြင်မှုတွေမှာ အစိုးရဟာ အရေးကြီးတယ်လို့ ကုမ္ပဏီ (၉၀) ရာခိုင်နှုန်းက ယူဆပါတယ်။ ဒါပေမဲ့ ကျန်းမာရေး၊ ငြိမ်းချမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ အစိုးရက အရေးကြီးတယ်လို့ ယူဆတဲ့ကုမ္ပဏီ (၇၀) ရာခိုင်နှုန်းကျော်သာ ရှိပါတယ်။ ရေတိုစီးပွားရေး အလားအလာကောင်းဖို့ မမျှော်လင့်ကြပေမယ့် ဒေသခံကုမ္ပဏီ (၉၃) ရာခိုင်နှုန်းဟာ ရေရှည်စီးပွားရေး အလားအလာကောင်းမယ်လို့ ယုံကြည်ကြပြီး နိုင်ငံတကာကုမ္ပဏီ (၈၂) ရာခိုင်နှုန်းနဲ့ အမြင်တူကြပါတယ်။ ၂၀၁၆ မှာ စီးပွားရေး လုပ်ရတာကို ကျေနပ်နှစ်သိမ့်မိတယ်လို့ ယူဆတဲ့ ကုမ္ပဏီ (၆၀) ရာခိုင်နှုန်းရှိပြီး ၂၀၁၇ မှာတော့ ကုမ္ပဏီ (၄၀) ရာခိုင်နှုန်းကပဲ ကျေနပ်ဖွယ် ရှိတယ်လို့ မြင်ကြပါတယ်။ ရိုလင်ဘာဂါ မေးမြန်းစုံစမ်းတဲ့ လုပ်ငန်းတွေထဲမှာ ခရိုနီကုမ္ပဏီတွေ ဘယ်လောက်ပါဝင်တယ်ဆိုတာကိုတော့ မသိရပါဘူး။

လုပ်ငန်းရှင်တွေ မကျေမနပ် ဖြစ်နေတဲ့ မြန်မာ့စီးပွားရေးဟာ ရှေ့ လကုန်မှာ ပြီးဆုံးတဲ့ ဘဏ္ဍာရေးနှစ်အတွင်း (၈) ရာခိုင်နှုန်းနီးပါး တိုးတက်လာဖွယ်ရှိတယ်လို့ ADB အာရှဖွံ့ဖြိုးရေးဘဏ်က မကြာမီက ခန့်မှန်းထားပါတယ်။ မနှစ်က ရေကြီးတဲ့ဒဏ်ခံခဲ့ရတဲ့ စိုက်ပျိုးရေး ပြန်လည်ဦးမော့လာချိန်မှာ လယ်ယာထွက်ကုန်တွေ ဈေးကောင်းတာနဲ့ ကြုံနေတယ်လို့ ဆိုပါတယ်။ အထည်ချုပ်လုပ်ငန်းနဲ့ အခြားကုန်ထုတ်လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံမှု အားကောင်းလာလို့ စက်မှုကဏ္ဍမှာ တိုးတက်မှု ရှိတယ်လို့ ဆိုပါတယ်။ ရခိုင်ပြဿနာဟာ မြန်မာ့စီးပွားရေးကို ထိခိုက်မှာ မဟုတ်ဘူးလို့ The Economist မဂ္ဂဇင်းက သုံးသပ်ထားပါတယ်။

လွန်ခဲ့တဲ့ နှစ်လယ်ပိုင်းအထိ ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေး အခြေအနေကို လေ့လာကြည့်တဲ့အခါ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရတာ အရင်ကထက် လွယ်ကူလာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံပေါင်း (၁၉၀) ရဲ့  စီးပွားရေးလုပ်ငန်း လွယ်ကူမှုနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ မြန်မာနိုင်ငံဟာ အဆင့် (၁၇၁) အောက်ဆုံးပိုင်းမှာ ရောက်နေပါတယ်။ စီးပွားရေးလုပ်ရတာ ခက်ခဲတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ အစောပိုင်းကတော့ NLD အစိုးရ မြေစမ်းခရမ်းပျိုးချိန်မို့ စီးပွားရေး တိုးတက်မှု နှေးကွေးပေမယ့် ကျန်ရှိနေတဲ့ သက်တမ်း (၃) နှစ်ကာလမှာ အရှိန်အဟုန်နဲ့ တိုးတက်လာလိမ့်မယ်လို့ လုပ်ငန်းရှင်အများစုက ယုံကြည်နေကြပါတယ်။

သင့်အမြင်

မှတ်ချက်များပြပါ

XS
SM
MD
LG