သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

စာရင်းကိုင်စံ နဲ့ စာရင်းစစ်စံ လိုက်နာမှု


စာရင်းကိုင်စံ နဲ့ စာရင်းစစ်စံ လိုက်နာမှု
please wait

No media source currently available

0:00 0:05:19 0:00
တိုက်ရိုက် လင့်ခ်

စစ်တပ်အာဏာသိမ်းချိန်ကစပြီး စာရင်းဇယားလိမ်ပြီး အထက်ကလူကြီးအကြိုက် တင်ပြတဲ့ အကျင့်ရှိလာခဲ့ပါတယ်။ စာရင်းစစ်မခံနိုင်တဲ့ အစိုးရဌာနနဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ စာရင်းကိုင်စာရင်းစစ်လုပ်ငန်းကို နိုင်ငံခြားမှာ အလေးထားပေမယ့် အာဏာအလွဲသုံးစားလုပ်တဲ့ တိုင်းပြည်မှာတော့ ဂရုမစိုက်ပါဘူး။ ဒါကြောင့် နိုင်ငံခြားအကူအညီနဲ့ တိုင်းပြည်ကို ပြန်လည်ထူထောင်တဲ့အခါ နိုင်ငံတကာလက်ခံကျင့်သုံး စာရင်းကိုင်စံနဲ့ စာရင်းစစ်စံအတိုင်း လိုက်နာကျင့်သုံးဖို့ လိုအပ်လာပါတယ်။ ဒီရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေကို ၂၀၁၅ ဇွန်လမှာ ပြဌာန်းပါတယ်။

နောက် (၂) နှစ်ကြာတော့ ၂၀၁၇ ဇွန်လမှာ စာရင်းကိုင်စာရင်းစစ် စံသတ်မှတ်ချက်ကို လိုက်နာမှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့က ပူးတွဲအစီရင်ခံစာ ထုတ်ပြန်ပါတယ်။ Report on Observance of Standards, Accounting and Auditing ဆိုတဲ့ အစီရင်ခံစာကို လက်မှတ်ရ ပြည်သူ့စာရင်းကိုင်အသင်းနဲ့ မြန်မာနိုင်ငံစာရင်းကောင်စီရဲ့  အကူအညီနဲ့ ရေးသားပြီး တောင်ကိုရီးယားက ရန်ပုံငွေ ထောက်ပံ့တယ်လို့ ဆိုပါတယ်။ ဘဏ္ဍာရေးနဲ့ ငွေကြေးကိစ္စ သိသာမြင်သာမှု၊ ငွေမဲတိုက်ဖျက်မှု၊ ဘဏ်ကြီးကြပ်မှုနဲ့ စာရင်းကိုင်စနစ် စတာတွေကို စီစစ်ပြီး ရေးသားတာ ဖြစ်ပါတယ်။

ပြည်တွင်းကုမ္ပဏီတွေရဲ့  ဘဏ္ဍာရေးနဲ့ စာရင်းရှင်းတမ်း အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းရှိလာတာကို နိုင်ငံခြားကုမ္ပဏီတွေ လိုလားပါတယ်။ ဈေးကွက်စီးပွားရေးအခြေခံဟာ ဘဏ္ဍာရေးအစီရင်ခံစာ အဆင့်အတန်းနဲ့ စာရင်းကိုင်စာရင်းစစ် လုပ်နည်းလုပ်ထုံး ဖြစ်ပါတယ်။ ဒီနေရာတွေမှာ တာဝန်ယူမှုနဲ့ သိသာမြင်သာမှု ရှိလာရင် မြန်မာ့ဈေးကွက်မှာ တန်းတူရည်တူ ပြိုင်ဆိုင်နိုင်မှာမို့ ရင်းနှီးမြုပ်နှံသူ တိုးပွားလာနိုင်တယ်လို့ ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ စံနှုန်းနဲ့အညီ လုပ်ကိုင်နေတဲ့ ဈေးကွက်စနစ်ကို ယုံကြည်သူတွေ များပြားလာနိုင်ပါတယ်။ ဒါကြောင့် ၂၀၁၆ မှာ ပြဌာန်းလိုက်တဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကို အကောင်အထည်ဖော်ဖို့နဲ့ ကုမ္ပဏီဥပဒေကို ပြဌာန်းဖို့ တိုက်တွန်းထားပါတယ်။ ကမ္ဘာ့ဘဏ်က တိုက်တွန်းပြီး (၆) လအကြာ ၂၀၁၇ ဒီဇင်ဘာလမှာ ကုမ္ပဏီများဥပဒေကို ပြဌာန်းလိုက်ပါတယ်။

စာမျက်နှာ (၃၀၀) ကျော်ရှိတဲ့ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအခန်း (၂၄) မှာ ‘ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများ နှင့် စာရင်းစစ်ဆေးခြင်းများအကြောင်း’ ကို ဖော်ပြထားပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံစာရင်းကောင်စီနဲ့ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်အသင်းရဲ့  တာဝန်နဲ့အခန်းကဏ္ဍတွေကို ရှင်းလင်းပြတ်သားစွာ ဖော်ပြဖို့လိုတယ်လို့ ဆိုပါတယ်။ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်အသင်းဟာ ပြည်သူ့အကျိုးစီးပွား မြှင့်တင်နိုင်ဖို့အတွက် သီးခြားလွတ်လပ်စွာ ရပ်တည်နိုင်ဖို့ လိုတယ်လို့လည်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။ ဒါကြောင့် ‘မြန်မာနိုင်ငံ စာရင်းကောင်စီ’ ဥပဒေကို နောင်အခါမှာ ပြင်ဆင်ရမယ်လို့ ဆိုတဲ့သဘော ဖြစ်ပါတယ်။ အဲဒီအခါကျမှ ဒီအဖွဲ့အစည်းနှစ်ခုဟာ တာဝန်အသီးသီးကို အပြည့်အဝထမ်းဆောင်နိုင်ပါလိမ့်မယ်။

မြန်မာ့စီးပွားရေးဟာ လျှင်မြန်တိုးတက်နေတာကြောင့် အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုတဲ့ အရည်အချင်းရှိသူ စာရင်းကိုင်နဲ့ စာရင်းစစ်တွေ အများအပြား လိုအပ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားစာရင်းကိုင် စာရင်းစစ်နဲ့ ပတ်သက်ပြီး ချုပ်ချယ်ကန့်သတ်ထားတာတွေကို လျှော့ပေးလိုက်ရင် လိုအပ်တဲ့ စာရင်းပညာရှင်တွေကို ရနိုင်ဖွယ် ရှိပါတယ်။ စာရင်းကိုင်သင်တန်းကျောင်းတွေမှာ အခု သုံးနေတဲ့ သင်ရိုးဟာ အပြည်ပြည်ဆိုင်ရာ စံနှုန်းကို မမီသေးတာမို့ ပြန်လည်ပြုပြင်ပြီး အဆင့်မြင့်လာအောင် လုပ်ဖို့သင့်တယ်လို့ အကြံဥာဏ်ပေးထားပါတယ်။ ထိထိရောက်ရောက် ပြောင်းလဲနိုင်ဖို့ တက္ကသိုလ်က စာရင်းနဲ့ ငွေကြေးဆိုင်ရာ ဘွဲ့ပေးတဲ့ သင်တန်းတွေကိုလည်း အဆင့်မြှင့်ပေးရပါလိမ့်မယ်။ ဒီနေရာမှာ ဆရာ၊ ဆရာမတွေဟာ အဓိက အခန်းက ပါဝင်နေတာမို့ သူတို့ကိုလည်း အဆင့်မြင့်လာအောင် လုပ်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလို လုပ်နိုင်ဖို့အတွက် ကုမ္ပဏီတွေနဲ့လည်း တိုင်ပင်ဆွေးနွေးရပါလိမ့်မယ်။

ပြုပြင်ပြောင်းလဲနိုင်ရင် ရေရှည်မှာ မြန်မာပြည်က လက်မှတ်ရ ပြည်သူ့စာရင်းကိုင်ကို ကမ္ဘာ့က အသိအမှတ် ပြုလာရပါလိမ့်မယ်။ ဒါကြောင့်မို့ တိုးတက်နေတဲ့ မြန်မာ့စီးပွားရေး လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် ကမ္ဘာ့အဆင့်မီ စာရင်းကိုင်နဲ့ စာရင်းစစ်တွေကို အမြဲတမ်း မွေးထုတ်နိုင်ဖို့ လိုပါတယ်။ လောလောဆယ်တော့ ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်း (၁၄) ကျောင်း ရှိနေတာ တွေ့ရပါတယ်။ ဒီကျောင်းတွေကို ဒီပလိုမာ စာရင်းကိုင်သင်တန်းနဲ့ လက်မှတ်ရပြည်သူ့စာရင်းကိုင် သင်တန်းလို့ ခေါ်ပါတယ်။ မြန်မာပြည်က ဘဏ္ဍာရေးအစီရင်ခံစာနဲ့ ဘဏ္ဍာရေးရှင်းတမ်းဟာ နိုင်ငံတကာအဆင့် မမီသေးဘူးလို့ ဆိုပါတယ်။

၂၀၁၇ ထုတ် အပြည်ပြည်ဆိုင်ရာ စာရင်းစစ်စံ သတ်မှတ်ချက်အတိုင်း မြန်မာပြည်မှာ လုပ်ကိုင်ဆောင်ရွက်ဖွယ် ရှိပေမယ့် ၂၀၀၉ ခုနှစ်ထုတ် စာရင်းစစ်စံကို အသုံးပြုနေဆဲ ဖြစ်ပါတယ်။ စာရင်းကိုင်ရဲ့  ကျင့်ဝတ်သိက္ခာနဲ့ ရပိုင်ခွင့်တွေကို နိုင်ငံတကာ စာရင်းကိုင် ဖယ်ဒရေးရှင်းက ၂၀၀၉ က စပြီး ပြုပြင်ပြောင်းလဲထားပါတယ်။ ဒီ စံသတ်မှတ်ချက်အတိုင်း လုပ်နိုင်ဖို့ စာရင်းကိုင် စာရင်းစစ်တွေက ရည်ရွယ်ရပါလိမ့်မယ်။ မြန်မာပြည်မှာ စာရင်းကိုင်စာရင်းစစ်လုပ်ငန်း အားနည်းနေတာကို အသိအမှတ်ပြုပြီး ရှင်သန်အားကောင်းလာအောင် စာရင်းကောင်စီနဲ့ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်အသင်းက ကြိုးပမ်းရမယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။

XS
SM
MD
LG