ကူစက်သေဆုံးမှု များနေသေးတဲ့ တီဘီရောဂါ ကာကွယ်ရေး ထိရောက်စေဖို့၊ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုရဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထောက်ပြနေပါတယ်။
တီဘီရောဂါ ထိရောက်အောင် ကာကွယ်ရေး၊ အုပ်ချုပ်သူတွေအပြင်၊ ပြည်သူနဲ့ လူထုအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်မှု လိုပါတယ်။ နောက်ဆုံးပေါ် တီဘီရှာဖွေစစ်ဆေးရေး နည်းပညာတွေသုံးပြီး ကျန်းမာရေးဝန်ထမ်းတွေ ကွင်းဆင်းဆောင်ရွက်တာမှာ တီဘီဖြစ်နိုင်သူတွေ ရှာဖွေနိုင်ဖို့ ဒေသခံနဲ့ အရပ်ဖက်အဖွဲ့တွေက ချိတ်ဆက်ကူညီပေးမှုရဖို့ အရေးကြီးပါတယ်။ သို့မှသာ တီဘီဖြစ်ဖို့များတဲ့ ကိုယ်ခံအားကျနေသူ (ဥပမာ HIV ပိုး ရှိနေသူ)၊ လိင်ဖျော်ဖြေရေးသမား စတဲ့သူတွေကို ရှာဖွေနိုင်မှာပါ။ ဒီအတွက် အမဲစက်ထင်သူ၊ ဆင်းရဲသူအဖြစ် ခွဲခြားဆက်ဆံတာ မရှိဖို့ လိုပါတယ်။ ဒါ့အပြင် အကျဉ်းထောင်တွေနဲ့ ဘေးဒဏ်ရွှေ.ပြောင်းစခန်းတွေမျိုးမှာလည်း စုဝေးနေထိုင်ရတာကနေ တီဘီကူးစက်လွယ်လို့ ရှာဖွေစစ်ဆေးဖို့ လိုပါတယ်။
ဒါ့အပြင် တီဘီရှာဖွေစစ်ဆေးရေး ခေတ်မီ ဓာတ်ခွဲခန်း နည်းပညာနဲ့ ကရိယာတွေက ဈေးကြီးတာမို့ နိုင်ငံတကာအဖွဲ့အစည်းတွေ (ဥပမာ Global Fund ၊ USAID စတာ) ရဲ့ အကူအညီ ရဖို့လည်း အရေးကြီးပါတယ်။ ဒီအကူအညီရတာကြောင့် ဆင်းရဲပြီး တီဘီအဖြစ်များတဲ့ အာဖရိကနိုင်ငံတွေမှာပင် တီဘီဖြစ်နိုင်သူတွေကို ကွင်းဆင်းရှာဖွေတာမှာ သယ်ယူရလွယ် သေးငယ်ပြီး ပိုထိရောက်တဲ့ စစ်ဆေးရေးကရိယာတွေကို ကားတွေ ဆိုင်ကယ်တွေနဲ့ပါ သယ်သွားနိုင်ကာ ရှာဖွေစစ်ဆေးမှုတွေလုပ်ပြီး၊ မြို.ဆေးရုံတွေကို သွားစရာမလိုတော့ဘဲ၊ ဒီကျေးလက်ဒေသရွာတွေမှာဘဲ ချက်ချင်း နေ့တွင်းချင်းကို ကုသပေးနိုင်နေပါပြီ။ အခုလို ထိရောက်တဲ့ ရှာဖွေစစ်ဆေးမူတွေလုပ်နိုင်ဖို့ မြန်မာနိုင်ငံမှာလည်း အလားတူ ပူးပေါင်းဆောင်ရွက်မှုတွေ ရဖို့လိုလာပါပြီ။
အခုလို ပြည်သူနဲ့ လူထုအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရဖို့ အုပ်ချုပ်သူတွေရဲ့ ပူးပေါင်းစီမံမှု အားကောင်းဖို့လည်း လိုပါတယ်။ အုပ်ချုပ်သူတွေဖက်ကလည်း တီဘီကာကွယ်တိုက်ဖျက်ရေး စီမံချက်တွေမှာ ရင်းနှီးမြုပ်နှံမှုတိုးမြှင့်ရေး ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ပြီး တီဘီလူနာကုထုံးထဲမှာ အရင်လူနာမှာအားနည်းခဲ့တဲ့ ခုခံအားပြန်ကောင်းဖို့ ကြက်ဥ၊ ဆန်၊ ဆီ စတဲ့ အဟာရထောက်ပံပေးတာမျိုး လုပ်ပေးခြင်းဖြင့် ဒီပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်မှု ပိုရလာနိုင်ပါတယ်။ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) အနေနဲ့လည်း ဒီတီဘီကုထုံးထဲမှာ အာဟာရကိုပါ ထည့်သွင်းကူညီပေးလာပြီ ဖြစ်ပါတယ်။ အိန္ဒိယအစိုးရအနေနဲ့လည်း တီဘီဖြစ်နေသူတွေကို ငွေကြေး လစဉ် ဘဏ်က လွှဲပေးနေပါပြီ။
ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်းပြီး တင်ပြလိုက်ပါတယ်။
Forum