သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သယံဇာတနဲ့ ကချင်ပြည်နယ်


Miners search for jade stones at a mine dump at a Hpakant jade mine in Kachin state
Miners search for jade stones at a mine dump at a Hpakant jade mine in Kachin state

သယံဇာတ အလွန်အကျွံထုတ်ယူလို့ ကချင်ပြည်နယ် ပထဝီအနေအထား ပြောင်းလဲသွားပုံကို လွန်ခဲ့တဲ့ ဇူလိုင်လ (၇) ရက်နေ့ထုတ် TNI-Transnational Institute ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ကျောက်မျက်ရတနာနဲ့ ရွှေတူးဖော်မှု၊ မြေရှားသတ္တုထုတ်လုပ်မှု၊ သစ်ထုတ်လုပ်မှု၊ မြေယာသိမ်းပိုက်မှု စတာတွေဟာ ပြည်သူ့ဘဝကို အကျိုုးမပြုဘဲ လူတစုကိုသာ အကျိုးပြုကြောင်း ရေးထားတာပါ။ သီရိလင်္ကာနိုင်ငံနီးပါး ကျယ်ဝန်းတဲ့ ကချင်ပြည်နယ်မှာ လူဦးရေဟာ (၂) သန်းတောင် မပြည့်ပါဘူး။ အရပ်ရပ်က အလုပ်သမားတွေ ငွေရှာဖို့ လာရောက်ကြပါတယ်။ ဒီအထဲမှာ ဖားကန့်က ရေဆေးသမားတွေ ထင်ရှားပါတယ်။

စစ်အာဏာသိမ်းရတဲ့ အကြောင်းရင်းတွေထဲမှာ သယံဇာတ ထုတ်ယူမှုကို လက်ဝါးကြီးအုပ်နိုင်ဖို့လည်း ပါဝင်တယ်ဆိုပါတယ်။ စစ်တပ်ပိုင်ကုမ္ပဏီကြီးတွေနဲ့ ခရိုနီကုမ္ပဏီကြီးတွေ သတ္တုတွင်းလုပ်ငန်းကို ကြီးစိုးပါတယ်။ သစ်လုပ်ငန်းနဲ့ စီးပွားဖြစ် စိုက်ပျိုးရေးမှာလည်း အစိုးရနဲ့ နီးစပ်သူတွေ လုပ်ကိုင်ကြပါတယ်။ တရုတ်ကြိုက်တဲ့ တစ်သျှုးငှက်ပျောစိုက်ခင်းတွေလည်း များပြားလာပါတယ်။ မြစ်ဆုံမှာ ရေကာတာ စီမံကိန်းရပ်ဆိုင်းလိုက်ပေမဲ့ ပြဿနာက ရှိနေဆဲပါ။ မြစ်ဆုံအထက်ပိုင်း မလိခဘက်ခြမ်းမှာ လူတစုက စက်ယန္တရားကြီးတွေသုံးပြီး ရွှေတူးဖော်မှု လုပ်လာတာ ဧပြီလကတည်းကပါ။

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းစဉ်က တားမြစ်ဧရိယာအဖြစ် သတ်မှတ်ထားတဲ့နေရာမှာ စက်ယန္တရားသုံးပြီး ရွှေရှာဖွေရေး လုပ်နေတာလို့ မြစ်ကြီးနားဂျာနယ်က ဖော်ပြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ ရွှေတူးဖော်မှုတွေ များပြားလာပါတယ်။ ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ အများဆုံး ဖြစ်ပါတယ်။ မြစ်ဆုံအထက် လေးဖာလုံအကွာ မလိခမြစ်ဘေးမှာ ပေတရာအနက်အထိ တူးဖော်နေတာ ဖြစ်ပါတယ်။ ဦးယွပ်ဇော်ခေါင်ပိုင်တဲ့ Jadeland ကုမ္ပဏီပိုင်ရှင်က တူးဖော်တာပါ။ ဦးယွပ်ဇော်ခေါင်းဟာ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ခမည်းခမက် တော်စပ်သူဖြစ်ပြီး၊ ကချင်ငြိမ်းချမ်းရေးကော်မတီဝင် ဖြစ်ပါတယ်။ ကျောက်စိမ်းနဲ့ သစ်လုပ်ငန်းလည်း လုပ်ကိုင်ပါတယ်။ ရွှေတူးဖော်ရေးကို တန်ဖရဲရွာနဲ့ အောင်မြင်သာ ရွာသားတွေက ကန့်ကွက်ဆန္ဒပြကြပါတယ်။

ဒါပေမဲ့ မြစ်ဆုံဆည်မှာလို ဝိုင်းဝန်းကန့်ကွက်သူ များပြားတာမဟုတ်လို့ ရွှေမှော်ဆန့်ကျင်ရေးဟာ ခရီးမဆိုက်ဘဲ ဖြစ်နေပါတယ်။ ကချင်လူကြီးတွေ နှုတ်ဆိတ်နေပြီး၊ တချို့ဆိုရင် ယွပ်ဇော်ခေါင်ဘက်က ကာကွယ်ပြောဆိုကြပါတယ်။ ကချင်ပြည်နယ်မှာ တနိုင်တပိုင်လုပ်တဲ့ ရွှွေမှော်လေးတွေ ရှိနေတာကြာပါပြီ။ ဒါပေမဲ့ ပတ်ဝန်းကျင်ကို မထိခိုက်တဲ့အတွက် မကန့်ကွက်ကြပါဘူး။ ၁၉၉၄ မှာ စစ်တပ်နဲ့ KIO/KIA အပစ်ရပ်လိုက်တဲ့နောက်ပိုင်းမှာ စက်ယန္တရားသုံးတဲ့ ရွှေမှော်တွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ စနစ်တကျ စည်းကမ်းနဲ့ထုတ်ဖို့ NLD အစိုးရလက်ထက်က ကြိုးပမ်းပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် ပြုပြင်ချက်အားလုံး သဲထဲရေသွန် ဖြစ်ကုန်ပါတော့တယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဝိုင်းမော်၊ ဖားကန့်၊ မချမ်းဘော၊ ပူတာအို၊ ဆွန်ပရာဘွန်၊ ရွှေဂူနဲ့ ဗန်းမော်မြို့နယ်တွေမှာ ရွှေရှာဖွေရေးလုပ်ငန်းတွေ ပြန့်ပွားသွားပါတယ်။ စက်ယန္တရားသုံးပြီး ရွှေမှော်တွေ စိတ်ကြိုက်တူးဖော်နေတာကို မကျေနပ်တဲ့ ဒေသခံတွေက KIO ကို တိုင်ကြားကြပါတယ်။ ၂၀၂၁ ဒီဇင်ဘာ (၂၇) ရက်နေ့မှာ KIO က ကြေညာချက်ထုတ်ပြန်ပြီး KIO ထိန်းချုပ်တဲ့ဒေသမှာ ရွှေတူးဖော်ခွင့် မပြုဘူးလိုဆိုပါတယ်။ ဒါပေမဲ့ မြစ်ဆုံဒေသအပါအဝင် KIO ထိန်းချုပ်မှု မရှိတဲ့ဒေသမှာ ရွှေတူးဖော်တာကိုတော့ မထိန်းချုပ်နိုင်ဘူးလို့ ဗိုလ်ချုပ်နော်ဘူးက Frontier စာစောင်ကို ပြောပြကြောင်း ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့က ဖော်ပြပါတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမယ့်လုပ်ရပ်ကို ခွင့်မပြုပေမဲ့ KIO လက်အောက်ခံမဟုတ်တဲ့ ဒေသကို မထိန်းသိမ်းနိုင်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ရွှေမှော်လုပ်ငန်းဟာ ကချင်ပြည်နယ်တခုလုံးနဲ့ဆိုင်တာမို့ KIO က အခွန်စည်းကြပ်တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ချီဖွေမြို့နယ် ပန်ဝါဒေသမှာ မြေရှားသတ္တုရိုင်း ထုတ်လုပ်မှုဟာ (၅) ဆလောက် တိုးပွားလာတယ်လို့ ဇူလိုင် (၁၅) ရက်နေ့ထုတ် ဧရာဝတီသတင်းဆောင်းပါးမှာ ဖော်ပြပါတယ်။ တရုတ်ပြည်ကို တင်ပို့ဖို့ တမင်ထုတ်လုပ်တာ ဖြစ်ပါတယ်။ တရုတ်ပြည်မှာ တရားမဝင်တဲ့ မြေရှာသတ္တုထုတ်လုပ်မှုကို ပိတ်ပင်တားမြစ်တဲ့ ၂၀၁၆ ကစပြီး၊ တရုတ်ကုမ္ပဏီတွေ ပန်ဝါဒေသကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ပန်ဝါမြို့မှာ ကချင်နယ်ခြားစောင့်တပ် ဌာနချုပ်အခြေစိုက်ပါတယ်။ နယ်ခြားစောင့်နဲ့ နားလည်မှုယူပြီး မြေရှားသတ္တုရိုင်းကို တရုတ်ကုမ္ပဏီတွေက ထုတ်ယူနေတာ ဖြစ်ပါတယ်။

၂၀၂၀ မှာ တရုတ်ပြည်တင်သွင်းတဲ့ မြေရှားသတ္တုရိုင်းမှာ မြန်မာပြည်က (၇၅) ရာခိုင်နှုန်း ပါတယ်လို့ တရုတ်သတင်းစာ Global Times မှာ ဖော်ပြထားပါတယ်။ ပန်ဝါဒေသမှာ မြေရှားသတ္တု ထုတ်လုပ်တဲ့နေရာပေါင်း တရာကျော်အထိ ရှိနေပါပြီ။ နည်းမျိုးစုံသုံးပြီး တိုးချဲ့နေပုံ ရပါတယ်။ ဥပမာ မျိုးကိုကို ဆိုတဲ့ ဆေးဝါးကုမ္ပဏီကို ချီဖွေမြို့နယ်က ဧက (၂၈၁) မှာ မြေရှားသတ္တု ထုတ်လုပ်ခွင့် ပေးထားပါတယ်။ ဘောလုံးကွင်းပေါင်း (၁၆၀) လောက် ကျယ်ဝန်းပါတယ်။ ထုတ်လုပ်ရာမှာသုံးတဲ့ အက်ဆစ်ငရဲ ဓါတုပစ္စည်းမျိုးဟာ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကို အကြီးအကျယ် အန္တရာယ်ပေးနေပါတယ်။

====Unicode ===








XS
SM
MD
LG