အခုတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ထမ်းဆောင်ခဲ့သူ Derick Mitchell နဲ့ New York မြို့ Carnegie Center က Devin Stewart တို့ Bill Richardson ပြဿနာမတိုင်ခင် ပြုလုပ်ထားတဲ့ အမေးအဖြေ ပထမပိုင်းကို တင်ဆက်မှာ ဖြစ်ပါတယ်။ ဦးကျော်ဇံသာ က ဘာသာပြန်ဆိုပြီး ဦးစံမိုဝေနဲ့အတူ တင်ဆက်ထားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ နဲ့တက်လာတဲ့ NLD အစိုးရ လက်ခံရရှိခဲ့တဲ့ အခြေအနေတွေကို Derick Mitchell က ရှင်းပြထားပါတယ်။
ဖြေ ။ ။ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  NLD ပါတီ ရွေးကောက်ခံရတော့ အရေးပါတဲ့ အပြောင်းအလဲတခုပဲလို့ မျှော်လင့်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ တိုင်းပြည်တခုလုံးရဲ့  ဦးဆောင်မှုကို ရွေးချယ်ခဲ့တာ မဟုတ်ဘူး။ စစ်တပ်မှာ လုပ်ပိုင်ခွင့်တွေ၊ အာဏာတွေ ရှိနေခဲ့တာပါ။ ဒါကြောင့် ဒီမိုကရေစီ အပြည့်အဝရအောင် လုပ်နိုင်မယ့် အသွင်ကူးပြောင်းမှု မဟုတ်ခဲ့ပါဘူး။ အတိတ်ကကျန်ခဲ့တဲ့ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ ပညာရေး စသဖြင့် ပြဿနာတွေက အများကြီးပါ။ အဓိက စိန်ခေါ်မှုကတော့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ နှစ်ပေါင်း (၇၀) ပြည်တွင်းစစ် ဖြစ်လာခဲ့တာ တပေါင်းတစည်းထဲဖြစ်ဖို့ လိုအပ်ပါတယ်။ ရိုဟင်ဂျာအရေးဟာလည်း နောက်ပြဿနာတခုပါ။ ဒါတွေဟာ အရေးကြီးတဲ့ အခက်အခဲတွေ ဖြစ်နေမယ်ဆိုတာ သိသာပါတယ်။
မေး ။ ။ အခုလောလောဆယ် ပိုအရေးကြီးတာက ရိုဟင်ဂျာတွေကို ပြန်ပို့ရေး ဖြစ်ပါတယ်။ ဒီပြဿနာကို မြန်မာအစိုးရက မှန်မှန်ကန်ကန် ကိုင်တွယ်နေတယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ပြန်လည်နေရာချထားရေးကို ကွက်ပြီးတော့ ပြောရမယ်ဆိုရင်တော့ လုံခြုံမှု၊ ဂုဏ်သိက္ခာရှိမှု နဲ့ သူတို့ ဆန္ဒအလျောက် ဖြစ်ရမယ်ဆိုတဲ့ စံသတ်မှတ်ချက်တွေ ရှိပါတယ်။ တခုသေချာတာကတော့ ရိုဟင်ဂျာတွေနဲ့ ဆွေးနွေးညှိနှိုင်းမှု မရှိဘူးဆိုတာ ရှင်းနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရ သဘောတူညီချက် သတ်သတ် ဖြစ်ပါတယ်။ ဒီလူတွေကို ပြန်လည်လက်ခံရမယ်ဆိုတဲ့ နိုင်ငံတကာ ဖိအားကို မြန်မာအစိုးရက ကောင်းပြီ .. ပြန်ပြီးတော့ လက်ခံမယ်ဆိုပြီးတော့ လုပ်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဖြစ်စဉ်က သိပ်ပြီးတော့ အရေးကြီးပါတယ်။ ဒီလူတွေက ကြောက်ရွံထိတ်လန့်နေတဲ့ အခြေအနေတွေကြောင့် ထွက်ပြေးသွားရတာပါ။ သူတို့ရဲ့  မိသားစုတွေ မုဒိမ်းကျင့်ခံရတယ်၊ အသတ်ခံရတယ် စသဖြင့် မေးခွန်းထုတ်စရာကိစ္စတွေက အများကြီးပါ။
မေး ။ ။ ဒီအကြမ်းဖက်မှုတွေကို ဘယ်သူတွေက လုပ်ခဲ့သလဲ။ စစ်တပ်လား။ ဒေသခံလက်နက်ကိုင်တွေလား။ အစိုးရအမိန့်နဲ့ လုပ်ခဲ့သလားဆိုတာကိုလည်း ပြောပါအုံး။
ဖြေ ။ ။ အတိအကျ ပြောဖို့က ခက်ပါတယ်။ အဲဒီနေရာကို ကျနော်တို့ သွားရောက်ခွင့် မရှိပါဘူး။ ဘက်လိုက်မှုမရှိတဲ့ အကဲခတ်လေ့လာသူတွေနဲ့ အတည်မပြုနိုင်ကြပါဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်လာတဲ့ ဒုက္ခသည်တွေကို မေးမြန်းချက်တွေ၊ ဂြိုဟ်တုကနေ ရိုက်ထားတဲ့ ဓါတ်ပုံတွေပဲ ရှိပါတယ်။ သဘောက ဒီလိုပါ … ဟိုအစောပိုင်းတုန်းက ရိုဟင်ဂျာဆိုတဲ့ နာမည်နဲ့ နယ်ခြားစောင့်စခန်းတွေကို စတိုက်တဲ့အတွက် စစ်တပ်က လက်တုံ့ပြန်တဲ့ သဘောပါ။ တိုက်ခိုက်တဲ့လူတွေကို လိုက်ရှင်းရင် ပိုပြီးပြင်းထန်လာတဲ့ သဘောပါ။ ဖြစ်ခဲ့တာတွေကတော့ သံသယရှိစရာ မလိုပါဘူး။
ဒါပေမဲ့ အခုလောလောဆယ်မှာ ကျနော် အဓိက ပြောချင်တာက ဒီ ရိုဟင်ဂျာတွေပဲ ဖြစ်ပါတယ်။ ဘာဖြစ်တယ်၊ ညာဖြစ်တယ် စွပ်စွဲပြောဆိုရင်နဲ့ ဒီလူတွေ ထိုးကျွေးခံနေရမယ့်အစား သူတို့ကာလအတန်ကြာ ဆုံးရှုံးနေခဲ့ရတဲ့ ဂုဏ်သိက္ခာရှိတဲ့ဘဝ ရရှိစေရေး ဖြစ်ပါတယ်။
မေး ။ ။ ခင်များ ရခိုင်ကို ရောက်ဖူးပါသလား။ ရခိုင်ဒေသအကြောင်းလည်း ပြောပါအုံး။ သိပ်ဆင်းရဲတဲ့ ဒေသလို့ ကြားရပါတယ်။ လူတွေဟာ ဘယ်လိုအခြေအနေမျိုးတွေကြောင့် ထွက်ပြေးလာရသလဲဆိုတာကို ကြားချင်ပါတယ်။
ဖြေ ။ ။ အကြိမ်ပေါင်းများစွာ ရောက်ဖူးပါတယ်။ အဲဒီမှာက ဘဝမျိုးစုံပါပဲ။ လယ်သမားတွေ ရှိသလို၊ ငါးဖမ်းရေလုပ်သားတွေလည်း ရှိပါတယ်။ အင်မတန် လှပတဲ့နေရာပါ။ ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်းတလျှောက်ပါပဲ။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမယ့် အလားအလာ သိပ်ပြီးတော့ ကောင်းပါတယ်။ စိုက်ခင်းတွေကလည်း တမျှော်တခေါ်ပါ။ ရခိုင်နဲ့ ရိုဟင်ဂျာ သီးခြားကျေးရွာတွေ ရှိသလို၊ အပြန်အလှန် ကူးလူးဆက်ဆံနေကြတာပါ။ ရင်းရင်းနှီးနှီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခဲ့ကြတာပါ။ ရိုဟင်ဂျာတွေဟာ များသောအားဖြင့် လယ်ယာလုပ်ငန်းနဲ့ ဈေးသည်အဖြစ် လုပ်ကိုင်ကြပါတယ်။ ဆိုတော့ စီးပွားရေးအရ ရခိုင်တွေနဲ့ ရောထွေးပေါင်းစပ်နေတာပါ။ ဒီလိုအခြေအနေတွေဟာ အကြမ်းဖက်မှုတွေကြောင့် ပြိုပျက်သွားခဲ့ရပါတယ်။ ရခိုင်အများအပြားကလည်း ရိုဟင်ဂျာတွေ မရှိကြတော့လို့ အသက်မွေးဝမ်းကြောင်း ဆုံးရှုံးကြရပါတယ်။
မေး ။ ။ အကြမ်းဖက်မှု ဖြစ်ရတဲ့အကြောင်းရင်းတွေက ဘာတွေလို့ ပြောမလဲ။ သမိုင်းကြောင်း နောက်ခံကြောင့်လား။ ဘာကြောင့် စဖြစ်ရပါသလဲ။
ဖြေ ။ ။ သိပ်ပြီးတော့ နက်ရှိုင်းပါတယ်။ နှစ်ဘက်စလုံးမှာ ကျန်တဘက်ကို အပြစ်တင်တဲ့ ဇာတ်ကြောင်းကိုယ်စီ ရှိကြပါတယ်။ ရခိုင်တွေဆိုရင် တိုင်းရင်းသားလူမျိုးတမျိုး ဖြစ်ပါတယ်။ သူတို့ဟာ လူအများစု ဗမာတွေကို မကျေနပ်ကြပါဘူး။ တခြားတိုင်းရင်းသားလူမျိုးစုတွေကလည်း ဒီလိုပါပဲ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လေးစားခံရမှုနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းခွင့် ရရှိရေးတို့အတွက် နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ကြပါတယ်။ ဆိုတော့ ရခိုင်တွေက ဒီပြဿနာကို ဗမာတွေ ဖန်တီးပေးတယ်။ ရိုဟင်ဂျာတွေကို အတင်းလက်ခံခိုင်းတယ်။ ရိုဟင်ဂျာတွေဟာ နိုင်ငံသားတွေ မဟုတ်လို့ ဘယ်မှသွားခွင့် မရှိပါဘူး။ ဒီလိုနဲ့ ရခိုင်တွေအတွက် ပြဿနာဖြစ်အောင် လုပ်ထားတယ်လို့ မှတ်ယူကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဗမာတွေကို မကျေနပ်ကြပါဘူး။ ရိုဟင်ဂျာတွေကို မကျေနပ်ကြပါဘူး။ ရိုဟင်ဂျာတွေကိုပဲ ဂရုစိုက်ကြရမလားဆိုပြီးတော့ ပြည်ပနိုင်ငံ အဖွဲ့အစည်းတွေကိုလည်း မကျေနပ်ကြပါဘူး။
တချိန်တည်းမှာပဲ ရခိုင်တွေဟာ ဒုက္ခရောက်နေကြပါတယ်။ ရိုဟင်ဂျာတွေကြတော့ ရခိုင်တွေက သူတို့ကို ဒုတိယတန်းစားလို ဆက်ဆံတယ်ဆိုပြီးတော့ ခံစားကြရပါတယ်။ သူတို့ကိုယ်သူတို့ မတရားခိုးဝင်လာသူတွေလို့ မယူဆကြပါဘူး။ ရခိုင်တွေကတော့ အဲဒီလို ယူဆထားကြပါတယ်။ ဆိုတော့ ဒါဟာ သိပ်ကိုနက်ရှိုင်းတဲ့ ဝိရောဓိပါ။
ပြီးတော့ ဒုတိယကမ္ဘာစစ်တုန်းကဆို တဘက်က ဂျပန်နဲ့ပေါင်းတယ်။ ကျန်တဘက်က အင်္ဂလိပ်နဲ့ပေါင်းတယ်။ ဘာသာရေးအရလည်း မူစလင် နဲ့ ဗုဒ္ဓဘာသာ ပြဿနာပြီးတော့ မူစလင်တွေက သီးသီးခြားခြားနေတော့ ဒေသအတွင်းမှာ အစ္စလာမ်အယူဝါဒီ ကြီးထွားလာချိန် ဒီလူတွေဟာ အကြမ်းဖက်သမားတွေ ဖြစ်လာနိုင်တယ်လို့ တွက်ကြပါတယ်။ ဒီအခြေအနေမှာ သူတို့ ဗုဒ္ဓဘာသာ အစဉ်အလာကို ထိန်းသိမ်းရမယ် ဖြစ်တယ်လို့ ယူဆကြပါတယ်။ ဒီလိုနဲ့ တဘက်နဲ့တဘက် အပြန်အလှန် ကြောက်ရွံနေကြတာလည်း ဖြစ်ပါတယ်။
မေး ။ ။ ဆိုတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တဖြည်းဖြည်း အရှိန်ရလာပြီ၊ စစ်တပ်အရေးပါတဲ့ အစိုးရကနေ တဖြည်းဖြည်း လွတ်ကျွတ်လာပြီဆိုရင် ဒီပြဿနာ မှေးမှိန်သွားမယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ခင်များ ဒီမေးခွန်းကိုမေးတာ ဝမ်းသာပါတယ်။ ထူးဆန်းအံ့သြဖို့ကောင်းတာက ဒီအခြေအနေမှာ ဒီမိုကရေစီနဲ့ အလုပ်မဖြစ်နိုင်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီကြောင့် အခြေအနေဆိုးတာတော့ လုံးဝမဟုတ်ပါဘူး။ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ထွန်းကားရေးအတွက် ကျနော်တို့ အားပေးကြရမှာပါ။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဒီ ရိုဟင်ဂျာတွေအတွက် ကိုယ်စားပြုခဲ့တာ မရှိပါဘူး။ ဒါကို သွားလုပ်ရင် နိုင်ငံရေးအရ သေကြောင်းကြံစည်ရာ ဖြစ်ပါတယ်။ တချို့ က ဒါကို တိုင်းပြည်အတွက် အန္တရာယ်ဖြစ်နိုင်တယ်လို့ ယူဆထားကြတာပါ။ ဆိုတော့ ရွေးကောက်ပွဲ နီးလာလေ၊ အစိုးရအနေနဲ့ ပြဿနာကို ကိုင်တွယ်ဖို့ ခက်လေ ဖြစ်တာပါ။ သူတို့က ထိထိရောက်ရောက် ကိုင်တွယ်ချင်သိအောင် မြန်မာလူမျိုး (၉၀) ရာခိုင်နှုန်းက ရိုဟင်ဂျာတွေဟာ သူတို့နိုင်ငံက တိုင်းရင်းသားတွေ မဟုတ်ဘူးလို့ မြင်နေကြတာပါ။ တခါ စစ်တပ်ကလည်း အာဏာကြီးနေတော့ တိုင်းပြည်ကို ကာကွယ်ဖို့အတွက်ဆိုရင် သူတို့ကြိုက်တာ သူတို့လုပ်နိုင်ပါတယ်။ လူထုကလည်း ထောက်ခံမှာပါ။ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီးတော့ စစ်တပ်ဟာ လူထုရဲ့  ထောက်ခံမှုကို မကြုံစဖူး ကြီးကြီးမားမား ရရှိနေတာပါ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီအခြေအနေကို မေ့ပျောက်ထားလို့ မဖြစ်နိုင်ပါဘူး။ ဒါဟာ ဗုဒ္ဓဘာသာတိုင်းပြည်ရဲ့  ဂုဏ်သိက္ခာ၊ လုံခြုံရေးကို ကာကွယ်တဲ့ကိစ္စပါ။ သူဟာ တိုင်းပြည်ကို အကျင့်သိက္ခာအရ ခေါင်းဆောင်နေရသူပါ။ လူ့အခွင့်အရေး ရှုထောင့်က ကြည့်ရင်တော့ ဘဝင်ကျစရာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခြေအနေ ဘယ်လောက်ရှုပ်ထွေးနေတယ်။ ဘယ်လောက် ခက်ခဲနေတယ်ဆိုတာကို ကျနော်တို့ နားလည်ရမှာ ဖြစ်ပါတယ်။ စာနာမှု အထောက်အပံ့နဲ့ ကူညီပေးမယ့်ကိစ္စတွေ လွယ်ကူပေမယ့် ကျယ်ကျယ်ပြန့်ပြန့် အဖြေရှာဖို့ဟာ သိပ်ပြီးတော့ ခက်ခဲပါတယ်။
မေး ။ ။ တကယ်တော့ ကမ္ဘာတဝှမ်းမှာလည်း လူတွေအတွက် အရေးအကြီးဆုံးက လုံခြုံမှုနဲ့ အခြေခံစားဝတ်နေရေးကိစ္စတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာက အခုအခါမှာ ဇိမ်ခံပစ္စည်းတခုလို ဖြစ်လာနေတာပါ။ ဆိုတော့ မြန်မာနိုင်ငံသား အများစုက ဒီမိုကရေစီကို လိုချင်ကြတယ် ထင်ပါသလား။
ဖြေ ။ ။ သူတို့ လိုချင်ကြတယ်လို့ ထင်ပါတယ်။ လုံးဝသေချာပါတယ်။ လွန်ခဲ့တဲ့ (၂၅) နှစ်တုန်းကလည်း ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲပြီးတော့ နိုင်ငံအများအပြား ဒီမိုကရေစီ လှိုင်းတပိုးတွေ မြှင့်တက်လာခဲ့ပါတယ်။ တခါတခါ လူတွေက ဒီမိုကရေစီပေါ်မှာ မျှော်လင့်ချက်ထားတာ သိပ်ပြီးတော့ မြင့်မားလွန်တယ်လို့ ထင်ပါတယ်။ ဒီမိုကရေစီရရင်ပဲ အမေရိကန်လို၊ ဂျပန်လို အာဏာကြီးထွားလာမယ်။ ချမ်းသာလာတော့မယ်လို့ ထင်တတ်ကြပါတယ်။ ဒီလိုဖြစ်လာနိုင်စရာ မရှိတဲ့ အခြေအနေတွေလည်း ရှိတတ်ပါတယ်။
တခါ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ လူတွေဟာ နှစ်ပေါင်း (၅၀) စကားပြောခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရအောင် ကျနော်တို့က အားပေးကူညီခဲ့ပါတယ်။ သူတို့ လွတ်လွတ်လပ်လပ် ပြောလာတော့ ပြောတာတွေကို ကျနော်တို့ မကြိုက်ပါဘူး။ ကျနော်တို့က Civil Liberty ပြည်သူ့လွတ်လပ်ခွင့်ကို ပြောစေချင်ပါတယ်။ သူတို့က သူတို့ပြောချင်တာကို ပြောပါတယ်။ ဒါကို ဘယ်လို ကိုင်တွယ်ရမှာလဲ။ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လူတိုင်းကို ကာကွယ်ရမယ်ဆိုတဲ့ တာဝန်ကို ဘယ်လို ထိန်းညှိကြမလဲ။
မေး ။ ။ သူတို့ ပြောတာကို ကျနော်တို့ မကြိုက်ဘူးဆိုတဲ့နေရာမှာ ဘယ်သူကို ပြောတာလဲ။ အခုတလော သိပ်နာမည်ကြီးနေတဲ့ ဦးဝိရသူ ကို ပြောတာလား။
ဖြေ ။ ။ မဟုတ်ပါဘူး။ သူတယောက်တည်း မဟုတ်ပါဘူး။ သူက အဲဒီသဘောထား ရှိသူတွေကို ကိုယ်စားပြုတယ်ဆိုတာ မှန်ပါတယ်။ လူတွေက ဒီ ရိုဟင်ဂျာ ဆိုသူတွေဟာ ဥပဒေမဲ့ ခိုးဝင်လာသူတွေ၊ မူစလင်တွေက အန္တရာယ်တရပ် ဖြစ်စေတယ် စသဖြင့် ပြောဆိုနေကြတာပါ။ တနည်းအားဖြင့် ပြောရရင် racism လူမျိုးခွဲခြားရေးဝါဒ ဖြစ်ပါတယ်။ ဒါကလဲ လူမှုအဖွဲ့အစည်းတိုင်းမှာ တွေ့ရပါတယ်။ လူတိုင်းမှာလည်း ဒီလိုပဲ ရှိတတ်ပါတယ်။ ဒါကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာက အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အောက်မှာ နှစ်ပေါင်း (၅၀) နေခဲ့ရလေတော့ ဒီကိစ္စကို လုံးဝပြစ်ပယ်ထားခဲ့တာပါ။ အခုတော့ ဆယ်စုနှစ်ပေါင်းများစွာ အေးခဲထားခဲ့တဲ့ ပြဿနာကို အခု ကြုံတွေ့နေရပါပြီ။
မေး ။ ။ ခင်များနဲ့ Kurt Campbell တို့ဟာ Obama အစိုးရလက်ထက်တုန်းက မြန်မာနိုင်ငံမူဝါဒ ချမှတ်တဲ့နေရာမှာ အကောင်အထည် ဖော်တဲ့နေရာမှာ အင်မတန် တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ နဲ့ Cuba နိုင်ငံတို့ဟာ သူ့လက်ထက် နိုင်ငံခြားဆက်ဆံရေးမှာ အအောင်မြင်ဆုံး နိုင်ငံတွေလို့လဲ ယူဆခဲ့ကြတာပါ။ အခုပြန်ပြောင်းကြည့်မယ်ဆိုရင် ခင်များရဲ့  ထိတွေ့ဆက်ဆံမှုတွေဟာ သိပ်ပြီးစောခဲ့တယ်လို့ သုံးသပ်မိပါသလား။
ဖြေ ။ ။ ဒီမေးခွန်းဟာ တချိန်လုံး အမေးခံခဲ့ရတဲ့ မေးခွန်းပါ။ ကျနော်နဲ့ လုပ်ဖော်ကိုင်ဖက်တွေကြား မကြာခဏ ပြောဖြစ်ပါတယ်။ ရခိုင်နဲ့ ပတ်သက်ပြီးတော့ ငါတို့ ဒီထက်ပိုပြီးတော့ လုပ်နိုင်ခဲ့တာ ရှိသလားလို့။ ကျနော် အခု Myanmar Days ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော့်အတွေ့အကြုံ စာအုပ်တအုပ်ရေးဖို့ လုပ်နေပါတယ်။ George Orwell ရဲ့  Burmese Days လို့ပေါ့။ အားလုံးကို ခြုံကြည့်ရင် နောင်တရတာ မရှိပါဘူး။ ကျနော် တာဝန်ယူခဲ့တုန်းက ရခိုင်အရေး၊ ရိုဟင်ဂျာအရေးဟာ အမဲစက်တစက် ဖြစ်ခဲ့တယ်လို့ အမြဲပြောပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့  မူဝါဒတွေ၊ လုပ်ဆောင်ချက်တွေ သိပ်လက်တွေ့ကျတယ်လို့ ထင်ပါတယ်။
ကျနော်တို့ တာဝန်ဟာ မြန်မာနိုင်ငံကို ကယ်တင်ဖို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အောင်မြင်မှုရဖို့အတွက်လည်း ကျနော်တို့ တာဝန်ယူထားတာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေရဲ့  တာဝန်သာ ဖြစ်ပါတယ်။ သူတို့ဘာသာသူတို့ တိုက်ပွဲဝင် ရုန်းကန်တာကိုပဲ ကျနော်တို့က ကူညီတာပါ။ ဒီအတွက် ကျနော် သိပ်ပြီးတော့ ဂုဏ်ယူပါတယ်။ ကျနော်က နေပြည်တော်နဲ့ ကျနော်နေတဲ့ ရန်ကုန်ကလွဲရင် ရခိုင်မှာ အများဆုံး နေခဲ့ပါတယ်။ ကျနော် သူတို့ကို သတိပေးခဲ့ပါတယ်။ အချိန်ကာလဟာ မင်းတို့ဘက်မှာ မရှိဘူး။ မင်းတို့လည်း အကျိုးရှိမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ တကယ်လဲ သူတို့အတွက် အကျိုးမရှိပါဘူး။ အခုဖြစ်တဲ့ကိစ္စမှာ ရခိုင်ဘက်က မနိုင်ပါဘူး။ မြန်မာပြည်သူတွေ မနိုင်ပါဘူး။ အရှုံးအနိုင် ပြန်ပြောရင် ဒီကိစ္စမှာ ဘယ်သူမှ မနိုင်ပါဘူး။
မြန်မာနိုင်ငံဟာ အထီးကျန်ပစ်ပယ်ခံရတယ်။ သူတို့ရဲ့  ဂုဏ်သတင်း ရိုက်ချိုးခံလိုက်ရတယ်။ ရင်းနှီးမြုပ်နှံမှုတွေ ဆုံးရှုံးတယ်။ တရုတ်ဆီကပဲ လာတော့တယ်။ တရုတ်ကို ကြိုက်မကြိုက်တော့ ကျနော် မသေချာပါဘူး။ ရခိုင်တွေကလည်း လိုအပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ လေးစားခံရမှုတွေ ဆုံးရှုံးခံတဲ့အပြင် လုံခြုံရေး စိတ်မချနိုင်တဲ့ အခြေအနေကို ရောက်လာခဲ့ပါတယ်။