ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာဆွေးနွေးပွဲ အစီအစဉ်မှာတော့ မြန်မာနိုင်ငံကို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ အမျိုးသားပြည်နယ်များကို အခြေခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းဖို့ (၆၈)ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက တောင်းဆိုလိုက်ပါတယ်။ ဒီတောင်းဆိုချက်တွေအပေါ် ဘယ့်လောက်အထိ မျှော်လင့်ချက် ထားနိုင်ပါသလဲ။ အကောင်အထည် ဖော်နိုင်မယ့် အလားအလာ ဘယ်လောက် ရှိနိုင်သလဲဆိုတာ UNFC ရဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများကောင်စီ (UNFC) ရဲ့ ပြည်ထောင်စုနေ့အတွက် ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မြန်မာနိုင်ငံကို ဒီမိုကရေစီရေး၊ အမျိုးသားတန်တူရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အရေးများ အာမခံချက် အပြည့်အဝရှိတဲ့ အမျိုးသားပြည်နယ်များကို အခြေခံ၍ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်ဆိုတဲ့ သဘောတူညီချက်ကိုထည့်ဖို့၊ ချမှတ်ဖို့၊ လက်မှတ်ရေးထိုးဖို့ ဆရာတို့က နိုင်ငံတော်အာဏာရှိ ပုဂ္ဂိုလ်တွေကို ဆော်သြထားတာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာကို မေးမြန်းလိုပါတယ်။ ပထမဦးဆုံး ဆရာတို့ ကြေညာချက်ကို လက်မှတ်ထိုးမှု တောင်းဆိုမှုက ဘယ်လောက်အထိ ဖြစ်နိုင်မယ့် အလားအလာ ရှိပါလဲ။
နိုင်ဟံသာ ။ ။ ဒါကတော့ ကျနော်တို့ တိုင်းရင်းသားတွေအားလုံးက တောင်းဆိုနေတဲ့အချက် ဖြစ်တယ်။ တဖက်က ပြန်ပြောမယ်ဆိုရင် ဒါက ပင်လုံမှာ ထိုးခဲ့တဲ့စာချုပ်ရဲ့ အခြေခံမူလည်း ဖြစ်တယ်။ ကျနော်တို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ စုစည်းထားတဲ့ အနေအထား ဖြစ်နေတော့ အဲဒီလို သဘောထားနဲ့ ကျနော်တို့ နားလည်မှု ရရှိပြီးတော့မှ အဲဒါမျိုးကို အကောင်အထည်ဖော်မှပဲ တိုင်းရင်းသားညီညွှတ်ရေးက ခိုင်မာမယ်။ အဲဒီအပေါ်မှာလဲ ပြည်တွင်းစစ် ပြဿနာလည်း နည်းနည်းအေးချမ်းပြီးတော့ အရှေ့ကို တက်လှမ်းလို့ရမယ်လို့ ယုံကြည်တဲ့အပေါ်မှာ အဆိုပြုတာဖြစ်တယ်။
ဦးကျော်ဇံသာ ။ ။ ဒါကတော့ မျှော်လင့်ချက်ပေါ့။ ဆရာတို့ရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒ။ ကျနော် သိချင်တာက လက်တွေ့မှာ ဖြစ်နိုင်မယ့် အလားအလာ ရှိပါလား။ တဖက်က သဘောတူညီလိမ့်မယ်လို့ ဆရာတို့ ထင်ပါလား။
နိုင်ဟံသာ ။ ။ (၅) ရက်နေ့တုန်းကတော့ ဦးအောင်မင်းတို့နဲ့ တွေ့တယ်။ အဲဒီမှာ ညှိနှိုင်းတယ်။ ဦးအောင်မင်းတို့ကတော့ ဒါကို ကတိမပေးနိုင်ဘူး။ သူတို့က ဖယ်ဒရယ်မူကိုတော့ ယေဘုယျအားဖြင့် လက်ခံတယ်။ ဒါကို လာမယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးပြီးတော့ ရလာတဲ့ သဘောတူညီချက်နဲ့အညီ အကောင်အထည်ဖော်သွားဖို့။ သဘောကတော့ ဖယ်ဒရယ်ပြည်ထောင်စုကိုတော့ ယေဘုယျအားဖြင့်တော့ တည်ဆောက်ဖို့ လက်ခံတယ်။ ဒါပေမဲ့ သူတို့ လိုချင်တဲ့မူပုံစံက ဘယ်လိုလဲတော့ မပြောတတ်ဘူး။ ကျနော်တို့ လိုချင်တဲ့ပုံစံကိုတော့ သူတို့ လက်ခံနိုင်တဲ့ပုံ မပေါ်ဘူး။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာ အရင်တုန်းကလဲ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံဥပဒေကလဲ တကယ်တော့ သဏ္ဍာန်ဆောင်တဲ့ ဖယ်ဒရယ်ပေါ့။ ဖယ်ဒရယ်ပုံစံမျိုးကို ပြည်နယ်တွေ ခွဲပြီးတော့ လုပ်ထားခဲ့တယ်။ ဖွဲ့စည်းပုံထဲမှာလည်း ဥပဒေတွေ၊ ပြည်နယ်လုပ်ပိုင်ခွင့်တွေ ခွဲထားခဲ့တယ်။ ဒါပေမဲ့ အနှစ်သာရအားဖြင့် ဖယ်ဒရယ် မဟုတ်လို့ ဆရာတို့ တိုင်းရင်းသားတော်လှန်ရေးတွေ ဆက်လက်ပြီး ဖြစ်နေရတာ မဟုတ်ဘူးလား။ အခုလဲ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်လို့ သူတို့ ယုံကြည်တယ်ဆိုတာ ဘယ်လို ပုံစံမျိုးလဲ။ အရင်လိုပဲ ၂၀၀၈ ဖွဲ့စည်းပုံကလဲ ဖယ်ဒရယ်ပုံစံမျိုး လုပ်ပြထားတာ။ ဘယ်လောက် ကွဲလွှဲလာမယ် ထင်ပါလဲ။
နိုင်ဟံသာ ။ ။ အဲဒါ ဆွေးနွေးတဲ့အခါကြမှ အဖြေပေါ်လိမ့်မယ်။ သူတို့ကတော့ ၄၇၊ ၇၄ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံတွေကို ပြည်နယ်တွေ ရှိနေတယ်။ အဲဒါတွေက ဖယ်ဒရယ်စနစ်ပါပဲဆိုတဲ့ သဘောမျိုးကို တဖက်က တခါတလေ ထုတ်ဖော်ပြောနေတဲ့ သဘောမျိုးတွေ ရှိနေတယ်။ ဒါကြောင့် ကျနော်တို့ တောင်းဆိုတဲ့ ဖယ်ဒရယ်က စာတမ်းထဲမှာ ဖော်ပြထားသလို ဒီမိုကရေစီရေး၊ အမျိုးသားတန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝရှိတဲ့ အမျိုးသားပြည်နယ်များကို အခြေခံ၍ဆိုပြီး ထည့်သွင်းထားတယ်။ ဒါကတော့ ပြည်နယ်ဆိုတာ ပြည်နယ်တိုင်းတို့နဲ့ ဆက်စုပြီးတော့ ဖွဲ့ထားတဲ့ ဖယ်ဒရယ်ပြည်ထောင်စုမျိုးကို ကျနော်တို့ မလိုချင်ဘူး။ ကျနော်တို့ လိုချင်တာကတော့ အမျိုးသားပြည်နယ်၊ အမျိုးများပြည်နယ်။ ဥပမာ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ အဲဒီလို ရောနှောနေတဲ့ နေရာမှာတော့ အမျိုးသားများပြည်နယ်ဆိုပြီး အဲဒီလို ထည့်ချင်တယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ရှင်းရှင်းပြောရမယ်ဆိုရင် ဗမာပြည်မကို တိုင်း (၇) တိုင်းနဲ့ သတ်မှတ်ပေးထားတယ်။ ဒီဟာကို ဆရာတို့က အဲဒီလို ပုံစံမျိုး မသတ်မှတ်ချင်ကြဘူးပေါ့။
နိုင်ဟံသာ ။ ။ ကျနော်တို့က အဲဒီလို မလိုလားဘူး။
ဦးကျော်ဇံသာ ။ ။ ဗမာကို တပြည်နယ်ပဲ သတ်မှတ်မယ်။
နိုင်ဟံသာ ။ ။ ဗမာကို ဗမာပြည်နယ်တခု သတ်မှတ်မယ်။ နောက် ရောနှောနေတဲ့ နေရာတွေကို အမျိုးသားများ ပြည်နယ်အဖြစ် ကျနော်တို့က အဲဒီလို သတ်မှတ်ချင်တယ်။
ဦးကျော်ဇံသာ ။ ။ အခု ဆရာတို့ ဆွေးနွေးလာတဲ့အထဲမှာ ဦးအောင်မင်းတို့နဲ့ ဆွေးနွေးတဲ့အထဲမှာ အဲဒီအချက်ကို ဆရာတို့ တင်ပြတာ ရှိပါသလား။
နိုင်ဟံသာ ။ ။ မပြောရသေးပါဘူး။ ဒီကိစ္စတွေကို အသေးစိတ် နိုင်ငံရေး ဆွေးနွေးတဲ့အခါမှ ဆွေးနွေးမှာပါ။
ဦးကျော်ဇံသာ ။ ။ ဆရာတို့ရဲ့ တောင်းဆိုမှုအတိုင်း အတိအကျ အကောင်အထည် ဖြစ်လာဖို့အတွက် အခက်အခဲတွေကို ဘယ်လောက်အထိ ကြိုမြင်ထားပါလဲ။
နိုင်ဟံသာ ။ ။ အခက်အခဲကတော့ အများကြီးပါပဲ။ ဒါတွေကို ဖြတ်ကျော်ရမယ်။ အဲဒီလို မလုပ်ရင် တန်းတူအနေအထား မရှိရင်၊ တကယ့် ခိုင်မာတဲ့ စည်းလုံးညီညွှတ်ရေး ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျနော်တို့ မြင်တယ်။
ဦးကျော်ဇံသာ ။ ။ အဲဒါကတော့ ဆရာတို့ဖက်က ယုံကြည်ချက်။ ဟိုဖက်က တကယ်တမ်း ပေးမလားဆိုတဲ့ အချက်ကို သိချင်ပါတယ်။ ဥပမာ အစိုးရအုပ်ချုပ်ရေးပိုင်း။ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရပိုင်းနဲ့ တပ်မတော်ရှိတယ်။ အဲဒီနောက်မှာ တခါ သူတို့ရဲ့ နိုင်ငံရေးပါတီတွေ ရှိတယ် စသဖြင့် အဲဒါတွေကို လွှမ်းခြုံကြည့်ရင် ဆရာတို့ သဘောတူညီမှု ရနိုင်ပါ့မလား။ ဘယ်ကဏ္ဍက အပြင်းထန်ဆုံး ကန့်ကွက်လိမ့်မယ်လို့ ထင်ပါသလဲ။
နိုင်ဟံသာ ။ ။ ပြောမယ်ဆိုရင်တော့ သူတို့ဖက်က လက်ခံဖို့တော့ ခက်တယ်။ အပြင်းထန်ဆုံး ကန့်ကွက်မှာတော့ တပ်မတော်လိုင်းက ဖြစ်လိမ့်မယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ တပ်မတော်လိုင်းကဆိုရင် ၆၂ ခုနှစ် အာဏာသိမ်းကတည်းကို ဗိုလ်ချုပ်ကြီးနေဝင်း က မဟာလူမျိုးကြီးဝါဒအမြင်ကို ကောင်းကောင်းကြီး ရိုက်သွင်းထားတယ်။ နောက်တက်လာတဲ့ အစိုးရတွေကလဲ နဝတ၊ နအဖ အစိုးရကလဲ အဲဒီလိုပဲ။ တဖက်က အဲဒါကို ထပ်ရိုက်သွင်းထားတယ်။ နောက်ပြီးတော့ တပ်မတော်ကို ပိုပြီးတော့ အခွင့်အဏာတွေ ပေးထားတယ်။ အဲဒါကြောင့် တပ်မတော်က အယူအဆပိုင်းမှာ လက်ရှိ သူတို့ အာဏာရှိနေတဲ့အပေါ်မှာ သူတို့က ဒါကို လွယ်လွယ်နဲ့တော့ စွန့်လွှတ်ဖို့ ခဲယဉ်းမယ်လို့ ကျနော်တို့ မြင်တယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီလိုဆိုရင် ဘာဆက်လုပ်ကြမလဲ။
နိုင်ဟံသာ ။ ။ ကျနော်တို့ကလည်း တဖက်က တန်တူညီမျှမှု မရှိဘူးဆိုရင် ဒီအတုအယောင် ပြည်ထောင်စုနဲ့ ဆက်သွားနေမယ်ဆိုရင်တော့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ မြင်တယ်။ အဲဒီလို မတည်ဆောက်နိုင်ရင် ကျနော်တို့နိုင်ငံက အေးချမ်းမှာ မဟုတ်ဘူး။ အဲဒီလို မငြိမ်းချမ်းရင် တိုးတက်မှုဆိုတာလဲ ရှိမှာမဟုတ်ဘူး။ ရှေ့တိုးလို့ မရဘူးလို့ ကျနော်တို့ မြင်တယ်။
ဦးကျော်ဇံသာ ။ ။ အပစ်အခတ်ရပ်စဲရေး ဘာညာကြည့်ရင် တိုင်းရင်းသားတွေဖက်က ကြည့်မယ်ဆိုရင်လဲ ကချင် နဲ့ ဆက်လက်ပြီး တိုက်နေဆဲ။ တအာင်း (ပလောင်) နဲ့ ဆက်လက်ပြီး ဖြစ်နေတယ်။ ဒီရက်ပိုင်းမှာ ကိုးကန့်က ဖုန်းကြားရှင်တို့အဖွဲ့က တခါတမျိုး ဖြစ်လာပြန်တယ်။ ဒီဟာတွေကိုကြည့်ရင် လက်ရှိ တိုင်းရင်းသားတွေနဲ့ ဆက်ဆံတဲ့အနေအထားမှာ အခြေအနေက ကောင်းတာထက် ပိုဆိုးလာတယ်ဆိုရင်ကော ဆရာ ဘယ်လို ပြောမလဲ။
နိုင်ဟံသာ ။ ။ ဒါလဲ တဖက်က လက်တွေ့ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အနေအထားမှာတော့ ကျနော်တို့ တိုင်းရင်းသားတွေ လိုလားတဲ့ပုံစံကို တပ်မတော်လိုင်းက မလိုလားဘူးဆိုတဲ့ သဘောထားမျိုးကို လက်တွေ့အရ သူတို့ပြနေတယ်လို့ တဖက်ကလည်း ယုံကြည်တယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ တိုင်းရင်းသားတွေဖက်က ဘယ်လောက်အထိ တညီတညွှတ်တည်း ရှိနေပြီ။ တချို့က အပစ်အခတ်ရပ်စဲရေးအတွက် ဆရာတို့တွေက ဦးဆောင်ပြီးတော့ စိုက်လိုက်မတ်တတ် ကြိုးစားနေတယ်။ တဖက်ကတော့ တိုက်ပွဲတွေ ဆက်လက်ပြီး ဖြစ်နေတယ်ဆိုတော့ တိုက်ပွဲဖြစ်နေတဲ့ အင်အားစုနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးစားနေတဲ့ အင်အားစုကြားမှာ သဘောကွဲလွဲမှု ရှိပါလား။ သဘောတူညီမှု ရှိကြပါလား။
နိုင်ဟံသာ ။ ။ သဘောထား ကွဲလွဲမှု မရှိကြဘူး။ ကျနော်တို့ NCCT အနေနဲ့ ဒီနေ့ ဆွေးနွေးနေတဲ့ အနေအထားပေါ်မှာ ကချင်၊ ပလောင်၊ ကိုးကန့်တို့က အားလုံးကို သဘောတူညီမှု ရှိနေတယ်။ ကျနော်တို့နဲ့ အတူတွဲပြီးတော့ ဆွေးနွေးနေတယ်။ တကယ်လို့ ဆွေးနွေးမှု နားလည်မှု ရသွားရင် သူတို့လည်း ကျနော်တို့နဲ့အတူ နိုင်ငံရေးဆက်ဆွေးနွေးဖို့။ အပစ်အခတ်ရပ်စဲရေးကလဲ နားလည်မှု ရသွားမယ်လို့ ကျနော်တို့ထင်တယ်။
ဦးကျော်ဇံသာ ။ ။ အခု ဆရာတို့က အစိုးရနဲ့ ဆွေးနွေးနေတယ်။ ဆရာတို့နဲ့ သဘောတူညီတဲ့ တိုင်းရင်းသားအင်အားစုတွေကို ခင်များတို့လဲ အပစ်အခတ်ကို ရပ်ထားကြ။ ကျနော်တို့ ဆွေးနွေးနေတယ်။ အသေအပျောက်ပဲဖြစ်တယ် တားလို့မရဘူးပေါ့။
နိုင်ဟံသာ ။ ။ လောလောဆယ်တော့ ကျနော်တို့ဖက်က ကျနော်မြင်တာကတော့ တိုင်းရင်းသားတွေဖက်က နယ်ကျော်ပြီးတော့ အစိုးရတပ်မတော်ကို သွားတိုက်ခိုက်တာမျိုး၊ အစိုးရအုပ်ချုပ်ရေးကို သွားဖျက်ဆီးတာမျိုးတွေ မလုပ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ လှုပ်ရှားမှုခွင်အတွင်းမှာပဲ ကျနော်တို့ ရပ်တည်နေတယ်။ အစိုးရတပ်ကပဲ ထိုးစစ်တွေဆင်နေတဲ့ သဘောမျိုးရှိနေတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာတို့ အစိုးရဖက်နဲ့ ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးအတွက် စတင်ဆွေးနွေးလာတယ်။ ဆွေးနွေးလမ်းစဉ်ကို ချမှတ်ပြီးတော့ တွေ့ဆုံဆွေးနွေးလာကြတာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ် ပြန်ပြောင်းသုံးသပ်ရင် ဘယ်အချက်ဟာဖြင့် ငါတို့ဟာ ထိထိရောက်ရောက် အောင်မြင်မှုရှိခဲ့ပြီ။ ဘယ်အဆင့်ကို ရောက်ခဲ့ပြီ။ ဘယ်လို breakthrough ဖြစ်ခဲ့ပြီလို့ ဆရာတို့ ပြောနိုင်ပါလား။
နိုင်ဟံသာ ။ ။ တခုပြောနိုင်တာကတော့ အရင်က တလျှောက်လုံးမှာ ကျနော်တို့ တောင်းဆိုတဲ့ အမျိုးသားတန်းတူရေးတို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့၊ ဖယ်ဒရယ်စနစ်တို့ဆိုတဲ့ဟာကို အစိုးရဖက်က လက်မခံခဲ့ဘူး။ အခုကတော့ ယေဘုယျသဘောအားဖြင့် ဒါကိုလက်ခံတယ်။ ဒါပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆက်ဆွေးနွေးမယ်ဆိုတဲ့ ပုံစံမျိုး ပြောလာပြီလေ။ အဲဒီမှာ ညှိလို့ရရင် နားလည်မှုခိုင်မာသွားရင် ကျန်တဲ့အပိုင်းတွေကတော့ ရနိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာက အဲဒီလို သဘောတူညီမှု၊ တိုးတက်မှု ရလာတယ်ဆိုတဲ့ အစိတ်အပိုင်းထဲမှာ တပ်မတော်ဖက်က သဘောတူညီမှု ပါပါလား။ ဆရာတို့နဲ့ နိုင်ငံရေးဆွေးနွေးတဲ့အခါ သူတို့ ပါမလား။ သူတို့က ဒါကို လက်ခံပြီးပြီလား။
နိုင်ဟံသာ ။ ။ အရင်တုန်းကတော့ သူတို့နဲ့အတူ ကျနော်တို့ သြဂုတ်လထဲမှာ သဘောတူခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့က ကျန်တဲ့အချက်တွေကို ကိုယ်ပိုင်ပြဌာန်းခွင့်။ သူတို့က ဖယ်ဒရယ်ဆိုတဲ့ စကားလုံးကို မကြိုက်ဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း ပြင်ချင်တယ်။ ဥပဒေနဲ့အညီ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုပြီး သူတို့က ထည့်ချင်တယ်။ နောက်ပိုင်းမှာတော့ ဒါကိုတော့ ထောက်ပြီးမပြောဘူး။ ဒါပေမဲ့ တခြားအချက်အလက်တွေကို သူတို့ပြောတဲ့ တပ်ပိုင်းဆိုင်ရာတွေ၊ ဘာညာစသည်ဖြင့် အဲဒါတွေကိုတော့ ဦးစားပေးပြောလာတယ်။