ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းထူထောင်ရေးကို မြန်မာအာဏာပိုင်တွေ ဖော်ထုတ်ပြောဆိုလာတာဟာ သမိုင်းဝင် တိုးတက်ပြောင်းလဲလာမှုတရပ် ဖြစ်တယ်လို့ Euro-Burma ရုံး ညွှန်ကြားရေးမှုး ဦးဟန်ယောင်ရွှေ က ပြောကြားလိုက်ပါတယ်။ မတူကွဲပြားမှုတွေကို စနစ်တကျညှိနှိုင်းကြဖို့လိုအပ်ပြီး ဖယ်ဒရယ်နဲ့ပတ်သက်တဲ့ အယူအဆတွေကိုလည်း အမှန်အတိုင်း နားလည်လက်ခံကြဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ အသေးစိတ်ကို ဦးဟန်ယောင်ရွှေ နဲ့ ကိုဇော်ဝင်းလှိုင်တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ ပထမဦးဆုံး ကျနော် မေးချင်တာကတော့ မြန်မာနိုင်ငံအတွင်းမှာ အခုလက်ရှိ လုပ်ဆောင်နေတဲ့ ဖယ်ဒရယ် ပေါ်ပေါက်ရေး။ အဲဒါနဲ့ ပတ်သက်ပြီးတော့ လုပ်နေကြတာဟာ ဘယ်အဆင့်များ ရောက်နေပါပြီလဲ။
ဦးဟန်ယောင်ရွှေ ။ ။ သိတဲ့အတိုင်းပဲ အရင်ကဆိုရင် ဘယ်သူမှ ဖယ်ဒရယ်ဆို မပြောရဲဘူး။ အခု မနှစ်ကစပြီးတော့မှ သမ္မတ ဦးသိန်းစိန်၊ စစ်ဦးချုပ်ကိုယ်တိုင် ဖယ်ဒရယ်အကြောင်းကို ပြောလာတယ်။ လက်ခံလာတယ်။ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းလည်း ဖယ်ဒရယ်ကိစ္စ ပြောလာတယ်။ ဆိုတော့ ဒီနေရာမှာ နိုင်ငံရေးအရ လက်ခံလာတယ်။ အဲဒါတင်မက ဖေဖေါ်ဝါရီလ ပြည်ထောင်စုနေ့မှာ အစိုးရအနေနဲ့ ကတိကဝတ်စာချုပ် လက်မှတ်ထိုးပြတယ်။ ဆိုတော့ ဒီနေရာမှာ ပြောကြတာကတော့ အပစ်အခတ်ရပ်စဲရေးလုပ်မယ်။ ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးပွဲလုပ်မယ်။ နိုင်ငံရေး ဆွေးနွေးပွဲက ရလာတဲ့ရလဒ်တွေကို အကောင်အထည်ဖော်ပြီးတော့ ဖယ်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုတာကို လက်မှတ်ထိုးကြပါတယ်။ ဒီနေရာမှာ ဖယ်ဒရယ်ကိစ္စအရကြည့်ရင် သမိုင်းဝင်တဲ့စာချုပ်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အရင်က မရှိခဲ့ဘူး။ ပင်လုံတုန်းကတော့ ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ မရှိခဲ့တဲ့ နိုင်ငံရေးမှတ်ကျောက်။
ကိုဇော်ဝင်းလှိုင် ။ ။ ဆိုတော့ ဖယ်ဒရယ်ဆိုတဲ့ ဝေါဟာရကို စစ်တပ်ကလူတွေက သဘောပေါက်ကြပြီလား။ သူတို့ လက်ခံကြပြီလား။ ဘာဖြစ်လို့လဲဆိုတော့ ဦးနေဝင်း ၆၂ ခုနှစ်မှာ အာဏာသိမ်းတာကလည်း ဖယ်ဒရယ်ကို အကြောင်းပြပြီး အာဏာသိမ်းခဲ့တယ်။ မြန်မာ့နိုင်ငံရေးလောကမှာ ဖယ်ဒရယ်ဆိုတဲ့ ဝေါဟာရက အန္တရာယ်အရှိဆုံး စကားလုံးဖြစ်တယ်။ ပြောခွင့်သုံးနှုန်းခွင့်မရှိတဲ့ စကားလုံး။ အခုအချိန်မှာ ဒီကိစ္စကြီးကို တနိုင်ငံလုံးမှာ ဆွေးနွေးနေကြပြီ။ ပေါ်ပေါက်ဖို့ကိုလဲ အားလုံးက ကြိုးစားနေကြတယ်။ စစ်တပ်က ဒီဟာကို လက်ခံလာပြီလား။ သဘောပေါက်ပြီလား။
ဦးဟန်ယောင်ရွှေ ။ ။ ကျနော် သိသလောက်တော့ လက်ခံလာပါပြီ။ ဘာကြောင့်လဲဆိုရင် သူတို့က နားလည်မှု လွဲနေတာက ဖယ်ဒရယ်ဆိုရင် တိုင်းပြည်ကို ပြိုကွဲအောင်လုပ်နေတယ်ဆိုပြီး နားလည်ခဲ့တာ။ ဒါပေမဲ့ အခုက သူတို့အနေနဲ့ ပြန်နားလည်တာက မဟုတ်ပါဘူး ဒီအစိုးရခေတ်မှာလည်း အာဏာခွဲဝေရေးတွေ လုပ်လာတယ်။ ဖယ်ဒရယ်ဆိုတာ ဒီအတိုင်းပါပဲ။ ဒါပေမဲ့ ဘယ်လောက် အတိုင်းအတာအထိ အာဏာခွဲကြမယ်ဆိုတာကတော့ ပြန်ဆွေးနွေးရမယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ ညှိနှိုင်းကြမယ်ဆိုရင်တော့ တပ်ကလည်း လက်ခံနိုင်မယ့်သဘောရှိပါတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ ဆိုတော့ အခု အထဲမှာ အသံတွေ ထွက်နေတာက အရင်တုန်းကပေါ့။ တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေး ပေးလိုက်ရင် တိုင်းရင်းသားတွေက လူများစုဖြစ်တဲ့ မြန်မာတွေနဲ့ တန်းတူအခွင့်အရေး ရှိသွားမယ်။ မြန်မာတွေရဲ့ ဟိုဟာ လျော့ကျလာမယ်ပေါ့။ အဲဒီလိုမျိုး စိုးရိမ်မှုတွေ ရှိနေတာတွေ အရင်တုန်းက ရှိခဲ့တာတွေ လျော့ကျသွားပြီလား။ အဲဒီလိုမျိုး ရှိနေသေးသလား။ မြင်တွေ့ရလား။
ဦးဟန်ယောင်ရွှေ ။ ။ ဒီနေရာမှာ တန်းတူရေးဆိုတာ တယောက်နဲ့တယောက် ပေးလို့မရဘူး။ တိုင်းရင်းသားတွေအနေနဲ့ ပြောနေတာက အရင်တုန်းက ပြည်ထောင်စုဆိုတာ မရှိဘူး။ ဒါပေမဲ့ ပင်လုံညီလာခံမှာ သဘောတူကြတာက ကိုယ့်နယ်မြေတွေ ပေါင်းကြမယ်။ ပြည်ထောင်စု တည်ဆောက်မယ်။ ဗမာတကျပ်၊ ရှမ်းတကျပ် အဲဒါဆိုရင် တန်းတူရေးပဲဖြစ်တယ်။ ဘာကြောင့် တန်းတူရသလဲဆိုတော့ အိမ်ပိုင်ရှင်သဘောပဲ။ ကိုယ့်နယ်မြေကိုလာပြီးတော့ ပေါင်းကြတယ်။ နိုင်ငံသစ် တည်ဆောက်တယ်။ ဒီနိုင်ငံသစ်က လူတိုင်းလူမျိုးတိုင်းရဲ့ အိမ်ဖြစ်တယ်။ လူမျိုးတိုင်းက ပိုင်ရှင်ဖြစ်တယ်။ ပိုင်ရှင်တိုင်းက တန်းတူရမယ်ဆိုတဲ့သဘော။
ကိုဇော်ဝင်းလှိုင် ။ ။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေလည်း လုပ်နေတယ်။ မကြာခင်မှာ သဘောတူညီမှုတွေ ရကြမယ်ဆိုကြပါစို့။ လမ်းကြောင်းလမ်းစဉ်အရဆိုရင်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာမယ်။ အဲဒီအခါကြရင် ဆွေးနွေးကြတဲ့အခါ တပ်မတော်အခန်းကဏ္ဍက အခုနောက်ပိုင်းမှာ တော်တော်လေး Controversy ဖြစ်နေတဲ့ စကားလုံးဖြစ်နေတယ်။ အဲဒါ ဘယ်လို ဖြစ်လာမလဲ။ ဘယ်လို ဆွေးနွေးနေကြလဲ။
ဦးဟန်ယောင်ရွှေ ။ ။ ဖယ်ဒရယ် တပ်မတော်ဆိုတာက ပြဿနာအငြင်းအခုံ ဖြစ်ကြတယ်။ ဒါပေမဲ့ ဘယ်သူမှ အဓိပ္ပါယ် မဖော်ကြဘူး။ အဓိက ဘာကိုငြင်းနေမှန်း မသေချာဘူး။ တကယ်ကတော့ ဖြစ်သင့်တာကတော့ ဖယ်ဒရယ်တပ်မတော်ဆိုတာ ဘာလဲ။ ဖယ်ဒရယ်နိုင်ငံဖြစ်ရင် တပ်မတော်က ဖယ်ဒရယ်တပ်မတော် ဖြစ်မှာပဲ။ ဒါပေမဲ့ ဖယ်ဒရယ်နိုင်ငံမှာက တန်းတူမှုရှိတယ်။ တပ်ထဲမှာလည်း တန်းတူမှု ရှိရမယ်။ အခုလက်ရှိ အခြေအနေရဆိုရင် တိုင်းရင်းသားစစ်ဗိုလ်ဖြစ်ရင် ဗိုလ်ချုပ် ဆက်လုပ်လို့မရဘူး။ ဘာကြောင့်လဲဆိုရင် ဗမာ မဟုတ်လို့၊ ဗုဒ္ဓဘာသာ မဟုတ်လို့။ အဲဒီလို အကန့်အသတ်တွေ ရှိနေတော့ ဘယ်လိုမှ ဖယ်ဒရယ်တပ်မတော် ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီ အကန့်အသတ်တွေ မရှိဘူးဆိုရင် ဘယ်သူဖြစ်ဖြစ်၊ ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘယ်ဘာသာ ကိုးကွယ်တာဖြစ်ဖြစ် တကယ်တော်တဲ့ စစ်ဗိုလ်က တပ်မတော်စစ်ဦးချုပ် လုပ်နိုင်တယ်ဆိုရင် ဒါကို ဖယ်ဒရယ်တပ်မတော်လို့ ပြောလို့ရတယ်။ ဒါကို အဓိပ္ပါယ်ဖော်ဖို့ လိုပါတယ်။ အခုအထိ ဘယ်သူမှ အဓိပ္ပါယ် မဖော်ဘူး။ ဖယ်ဒရယ်တပ်မတော်ကို ကြိုက်တယ်မကြိုက်ဘူး ငြင်းနေကြတာဖြစ်တယ်။
ကိုဇော်ဝင်းလှိုင် ။ ။ အဲဒါကို ဆွေးနွေးနေကြတယ်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ အဲဒီအကြောင်းအရာကို ဆွေးနွေးနေတာ ရှိသလား။ ဥပမာ Off the record ပဲဖြစ်ဖြစ်၊ အပြင်မှာ အလွတ်သဘော ပြောတာပဲဖြစ်ဖြစ်။
ဦးဟန်ယောင်ရွှေ ။ ။ ရှိပါတယ်။ အဓိကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ထဲမှာ ပါတာကတော့ ဒီကိစ္စကို နိုင်ငံရေးဆွေးနွေးပွဲမှာ ပြန်ဆွေးနွေးရမယ်ဆိုတာပါတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ နှစ်ဘက်စလုံးကတော့ ဒါကို ဆွေးနွေးဖို့လိုတယ်ဆိုတာကို လက်ခံထားတယ်။ အခု ဆွေးနွေးနေကြတဲ့အထဲမှာ အသံတခု ထွက်လာတာက Federating Unit ဆိုတဲ့ စကားလုံးလည်း ထွက်လာတာရှိတယ်။ သဘောက Federating Unit နဲ့ ပတ်သက်ပြီး တချို့က အဆိုပြုကြတာက (၈) ခု ထားသင့်တယ်။ (၁၄) ခု ထားသင့်တယ်လို့။ တိုင်းရင်းသား (၇) ခုပေါ်မှာ တခု။ ဒါမှမဟုတ် လက်ရှိ ပြည်နယ်နဲ့တိုင်း (၁၄) ခု ဆက်ထားမလား။ အဲဒီ Federating Unit ကို ဦးဟန်အမြင်က ဘယ်နှစ်ခု ရှိသင့်တယ်လို့ ထင်သလဲ။ ဦးဟန် သဘောထား ဘယ်လိုရှိလဲ။
ဦးဟန်ယောင်ရွှေ ။ ။ တကယ်ကတော့ (၈) ပြည်နယ်။ (၁၄) (၂၀) ဒီဟာတွေက အရေးမကြီးပါဘူး။ ဘာကြောင့်လဲဆိုရင် ဒီဟာက အုပ်ချုပ်ရေးအပိုင်းနဲ့ဆိုင်တယ်။ ဒီ Unit ထားမယ်ဆိုတဲ့ကိစ္စက။ အရေးကြီးတာက ဖယ်ဒရယ် လုပ်မယ်ဆိုရင် အဓိပ္ပါယ်ကတော့ မတူညီတဲ့ ဒေသတွေ ပူးပေါင်းပြီး၊ တန်းတူတဲ့ဒေသတွေက ပူးပေါင်းတယ်။ ပူးပေါင်းပြီးတော့ နိုင်ငံအဖြစ် ထူထောင်တယ်။ ဆိုတော့ နိုင်ငံအဖြစ် ထူထောင်ပြီး တန်းတူရေး အသိအမှတ်ပြုထားတဲ့။ ပင်လုံတုန်းကဆိုရင် (၈) ပြည်နယ် မရှိဘူး။ (၅) ပြည်နယ်ပဲရှိတယ်။ ဆိုတော့ (၅) ကို ပြန်သွားမလား။ အဓိပ္ပါယ် မရှိဘူးလေ။ အရေးကြီးတာက တန်းတူရေးက အရေးကြီးတယ်။ နောက်ပိုင်းမှာ ဘယ်လို ခွဲမလဲဆိုတာကို ဆွေးနွေးဖို့။
ကိုဇော်ဝင်းလှိုင် ။ ။ အခုနောက်ပိုင်း ပြောလာတဲ့အထဲမှာ အသံတခု ထပ်ထွက်လာတာ ဘာလဲဆိုတော့ တိုင်းရင်းသားပြည်နယ်ထဲက နောက်ထပ်ပြည်နယ်တခု ခွဲထွက်ဖို့ကိစ္စ အသံထွက်လာတာရှိတယ်။ ဥပမာပြရမယ်ဆိုရင် ကိုးကန့်။ အဲဒီလိုမျိုး ဖြစ်လာတာတွေ လွှတ်တော်ထဲမှာ ဆွေးနွေးတာတွေ ဖြစ်လာတယ်။ အဲဒါက လက်တွေ့ကျသလား။ ဖြစ်နိုင်ခြေရှိသလား။ ခွဲထွက်မယ်ဆိုတာက ရှမ်းပြည်ထဲက ကိုးကန့် ခွဲထွက်သွားမယ်ဆိုရင် ရှမ်းပြည်အားနည်းသွားမယ်။ လက်တွေ့ကျနိုင်သလား။
ဦးဟန်ယောင်ရွှေ ။ ။ အဲဒီဟာကလဲ ကျနော်တို့ထဲမှာ ဖယ်ဒရယ်ပြောပေမယ့် နည်းနည်းရောနေတယ်။ ဘာကြောင့်လဲဆိုရင် ဖယ်ဒရယ်ပြောရင် လူမျိုးကို အခြေခံလို့မရဘူး။ ဒေသကို အခြေခံရမယ်။ အခုဟာက လူတိုင်း တန်းတူလိုချင်တော့ ကိုယ့်ပြည်နယ်မရှိရင် ရှုံးနေသလိုမျိုး ဖြစ်နေတယ်။ တကယ်တော့ လူတိုင်းတန်းတူရှိရင် ဘယ်ပြည်နယ်မှာဖြစ်ဖြစ် အဲဒီမှာနေရင် သူက အဲဒီဒေသခံ လူမျိုးတွေနဲ့ တန်းတူအခွင့်အရေး ရရမယ်။ ပြောချင်တာက ရှမ်းပြည်မှာရှိတဲ့ ဝ၊ ကိုးကန့်တို့ ရှမ်းနဲ့ တန်းတူရှိရမယ်။ ဆိုတော့ ဒီနေရာမှာ လူမျိုးကိုအခြေခံပြီး သွားမယ်ဆိုရင် ပြဿနာအများကြီးရှိတယ်။ ဘာကြောင့်လဲဆိုတော့ လူမျိုးအများကြီးနဲ့။ ကျနော်တို့ဆီမှာ ပြဿနာ နောက်တခုက နိုင်ငံရေးပါတီလည်း လူမျိုးပေါ် အခြေခံတယ်။ တကယ်ကတော့ လူမျိုးပေါ်မှာ အခြေခံနေတယ်။ ခေါင်းဆောင်ပုဂ္ဂိုလ်ရေးအပေါ် အခြေခံပြီး ပါတီတွေ ဖွဲ့နေကြတယ်။ တကယ်ဖြစ်သင့်တာက ဒီမိုကရေစီအရဆိုရင် ပေါ်လစီအရ သွားရမယ်။ လူမျိုးကို အခြေခံပြီးသွားလို့ မသင့်တော်ဘူး။
ကိုဇော်ဝင်းလှိုင် ။ ။ အဲဒါဆိုရင် ဒီပြဿနာက လူမျိုး issue တွေပေါ့။ ဒီကိစ္စတွေက စစ်မှန်တဲ့ ပြည်ထောင်စုသာ ပေါ်လာခဲ့ရင် ဒီလိုမျိုး ခွဲထွက်ချင်တယ်ဆိုတဲ့ အသံတွေလည်း ပျောက်သွားမယ်လို့ ဆိုလိုချင်တာလား။
ဦးဟန်ယောင်ရွှေ ။ ။ အရေးကြီးတာကတော့ လူတိုင်းပါဝင်ပြီးတော့ ဆွေးနွေးသင့်တယ်။ သဘောတူညီချက်ယူဖို့လိုတယ်။ တယောက်ကပဲ ဆုံးဖြတ်ပေးမယ်ဆိုရင်တော့ ပြဿနာတက်မှာ။ ဒါပေမဲ့ ဆွေးနွေးပွဲမှာ အကုန်လုံးပါတယ်။ ဆွေးနွေးပွဲမှာ သဘောတူကြတယ်ဆိုရင် ဘယ်လိုခွဲမယ်။ ဘယ်လို အာဏာလုပ်ကြမယ်။ ဘယ်လို ဖယ်ဒရယ်လုပ်ကြမယ်။ ဘယ်နှစ်ပြည်နယ် လုပ်ကြမယ်။ ဒါတွေက ဆွေးနွေးပွဲမှာပဲ အဆင်ပြေသွားမယ်။
ကိုဇော်ဝင်းလှိုင် ။ ။ မကြာခင် ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အများက ခန့်မှန်းထားတာကတော့ NLD ပါတီသည် အစိုးရမဖြစ်ရင်တောင်မှ အမတ်နေရာ တော်တော်များများ အနိုင်ရမယ်။ ဒီထက် လွှတ်တော်ထဲမှာ အမတ်နေရာတွေ ပိုရလာမယ်။ သြဇာပိုရှိလာမယ်။ ပြောနိုင်ဆိုနိုင်အား ပိုရှိလာမယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေကြားထဲမှာ အခုဖြစ်နေတာက NLD ရဲ့ Federation အပေါ်ထားတဲ့ သဘောထားနဲ့ ပတ်သက်ပြီးတော့ နည်းနည်းအစာမကျေမှုတွေ ရှိနေတယ်ဆိုတဲ့အသံတွေ ထွက်နေတယ်။ အဲဒီအပေါ် ဦးဟန် ဘယ်လို မြင်မိသလဲ။
ဦးဟန်ယောင်ရွှေ ။ ။ NLD ရဲ့ Idea ကတော့ ပြည်ထောင်စုရဲ့ ပါတီ။ သူက လူမျိုးမခွဲဘူး။ ပြည်ထောင်စုကို အခြေခံပြီးတော့ အုပ်ချုပ်သွားမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။ ဒီဟာကတော့ နိုင်ငံခြားမှာကြည့်ရင် ဒီအတိုင်းဖြစ်တယ်။ ဒါပေမဲ့ ပြဿနာက ကျနော်တို့တိုင်းပြည်မှာ အဲဒီအခြေအနေ မရသေးဘူး။ အဲဒီအဆင့် မရောက်သေးဘူး။ လူမျိုးရေးအခြေခံတဲ့ ပါတီတွေ ရှိနေတော့ အဲဒီမှာ နည်းနည်းကွာဟမှုတွေ ရှိနေတယ်။ ဖြစ်သင့်တဲ့ဟာနဲ့ တကယ်ဖြစ်သင့်တဲ့ဟာ ဘယ်လိုဆက်စပ်မလဲ။ ဘယ်လို အဆင်ပြေအောင် လုပ်မလဲဆိုတာ အဲဒါ လိုတယ်။