ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲအပေါ် အကောင်းမြင်လိုတဲ့ဆန္ဒ ရှိနေပေမဲ့ ရလဒ်အတိုင်း အကောင်အထည် ဖြစ်လာပါ့မလားဆိုတာ ပြည်ပရောက် မျိုးချစ်ပညာရှင်တွေက သံသယ ရှိနေကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေကြတဲ့ စိုက်ပျိုးရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခ ဆလိုင်းထွန်းသန်း၊ မြန်မာစာပါမောက္ခ ဦးစောထွန်း တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာကြီးနှစ်ယောက်ကို ပထမဦးဆုံး မေးချင်တာက အခု မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ မကြာခင် နောက်အပတ်အတွင်း ကျင်းပတော့မယ်ဆိုတော့ လူတိုင်း အထူးစိတ်ဝင်စားကြတယ်။ သူတို့ရဲ့ စိတ်ဝင်စားမှု၊ စိတ်လှုပ်ရှားမှုကို နှစ်မျိုး တွေ့ရပါတယ်။ တဘက်က သိပ်မျှော်လင့်ချက် ထားကြတယ်။ တဘက်ကလဲ မျှော်လင့်ချက်အတိုင်း ဖြစ်လာပါ့မလားဆိုတဲ့ စိုးရိမ်စိတ်။ အဲဒီလို မျှော်လင့်ချက်နဲ့ စိုးရိမ်စိတ်ကြားမှာ အတော်လေး လူတွေစိတ်လှုပ်ရှားနေကြတယ်လို့ ထင်ပါတယ်။ ဆရာဒေါက်တာဆလိုင်းထွန်းသန်း ဆရာအနေနဲ့ ဘယ်လောက် မျှော်လင့်ပါလဲ။ မျှော်လင့်ချက်အတိုင်း ဒီ ရွေးကောက်ပွဲက ပေါ်ထွက်လာမယ်။ မျှော်လင့်တဲ့ရလဒ် ပေါ်ထွက်လာမယ်လို့ ဆရာ မျှော်လင့်ပါလား။
ဆလိုင်းထွန်းသန်း ။ ။ ဒီဇင်ဘာလလောက်ကနေ (၃) လလောက် ကျနော် ဗမာပြည်ကို ရောက်တယ်။ ကျနော်တို့ မျှော်လင့်သလောက် ဖြစ်မယ်လို့တော့ မထင်ဘူး။ ကျနော်က ဘာမျှော်လင့်သလဲဆိုရင် လာမယ့် ရွေးကောက်ပွဲသည် သန့်သန့်ရှင်းရှင်း ဖြစ်ပြီးတော့ နိုင်တဲ့လူ၊ နိုင်တဲ့ပါတီကို အာဏာလွှဲပေးတာ တစ်တချက်၊ နှစ်အချက်က သူကို စစ်တပ် နဲ့ အရပ်သားတွေက ဝိုင်းပြီးတော့ကူ။ သို့မှသာလျှင် ဒီမိုကရေစီ လမ်းစကို နည်းနည်းလေး ဦးတည်နိုင်မှာ။ အခုဟာက လုံးဝ ဦးမတည်နိုင်တဲ့ အခြေအနေကို ကျနော် မြင်နေတယ်။ ကျနော်တော့ အဲဒီလိုပဲ မြင်တယ်။
ဦးကျော်ဇံသာ ။ ။ ဆရာရဲ့ မျှော်လင့်ချက်ကတော့ နိုင်တဲ့လူကို အာဏာလွှဲပေးပါ။ စစ်တပ်ကော၊ အရပ်ဘက်ကကော။ နိုင်တဲ့လူ ဒီမိုကရေစီ ဖော်ဆောင်နိုင်ဖို့အတွက် ကူညီပေးကြပါဆိုတဲ့ သဘောပေါ့။
ဆလိုင်းထွန်းသန်း ။ ။ အဲဒီသဘောပါပဲ။ မှန်တယ်။
ဦးကျော်ဇံသာ ။ ။ ဆရာဦးစောထွန်း ဘယ်လို မျှော်လင့်ပါလဲ။ ဘယ်လောက် မျှော်လင့်ပါလဲ။
ဦးစောထွန်း ။ ။ အရပ်သားတယောက်အနေနဲ့တော့ မျှော်လင့်ထားပါတယ်။ မျှော်လင့်ထားတယ်ဆိုတာက ယုံကြည်လို့ပေါ့။ အစိုးရအဖွဲ့ထဲမှာ လုပ်နေကြတယ်ဆိုတာကလဲ တကယ့်စစ်ဗိုလ်ချုပ်ကြီးတွေ၊ တကယ့် ဧရာမ ကတိသစ္စာနဲ့ အလုပ်လုပ်ကြတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်လား။ အဲဒီတော့ တပ်မတော်သိက္ခာရော၊ တဦးချင်းရဲ့ သိက္ခာရော စောင့်တဲ့အနေနဲ့ နိုင်ငံအတွက် သူတို့ စေတနာထားပြီးတော့ မှန်မှန်ကန်ကန် လုပ်သွားကြလိမ့်မယ်လို့ ကျနော်က မျှော်လင့်ပါတယ်။ အကောင်းဘက်က ကြည့်ပြီးတော့။
ဦးကျော်ဇံသာ ။ ။ လူတွေရဲ့ စိုးရိမ်စိတ်က ဆရာတို့ မျှော်လင့်သလို ဖြစ်ဖို့ထက် အခု ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရကို ကစားကွင်းက မညီမမျှဘူး။ တဘက်စောင်းနင်းကြီး ဖြစ်နေတယ်ဆိုကတည်းက ဒါကိုလဲပဲ စိုးရိမ်ကြတယ်။ နောက်တခါ မဲစာရင်းတောင် မှန်မှန်ကန်ကန် ဖြစ်မလားဘူး။ အခုအခါမှာ အတိုက်အခံ နိုင်ငံရေးသမားတွေပေါ်မှာ အနိုင်ကျင့်လာတာတွေ တွေ့နေရတော့ လူတွေရဲ့ စိုးရိမ်စိတ်က ပိုမိုကြီးလာပါတယ်။ အဲဒီ စိုးရိမ်စိတ်တွေကို ဆရာကြီး ဘယ်လို ပြောချင်ပါလဲ။
ဆလိုင်းထွန်းသန်း ။ ။ စစ်အစိုးရဟာ အရပ်သားအစိုးရအနေနဲ့ တက်လာတော့ ကျနော် အများကြီး မျှော်လင့်တယ်။ ဘယ်လို မျှော်လင့်သလဲဆိုလို့ရှိရင် ဟိုတုန်းက ဗမာပြည်ဟာ တကယ့်ကို အောက်ကျနောက်ကျ နှစ်ပေါင်း (၅၀) လောက်နီးနီး ဖြစ်ခဲ့တဲ့ဟာ အခုအခါ သူတို့ ပြန်ပြီးတော့ ဆယ်လိမ့်မယ်။ သူတို့ လုပ်ပုံကိုင်ပုံကလဲ ဒီမိုကရေစီ ကျလိမ့်မယ်။ ကျနော် အများကြီး မျှော်လင့်တယ်။ သို့သော်လဲ အထောက်အထားတွေအရ သမ္မတကြီးဟာ တက်လာခဲ့ကတည်းက သူတို့ စီးပွားရေးတွေ၊ ပိုင်ဆိုင်မှုတွေကို ကြေညာရမယ်လို့ ပြောတယ်။ သို့သော် သမ္မတကြီးကိုယ်နှိုက်လဲ မကြေညာဘူး။ ကျန်တဲ့လူကလဲ မကြေညာဘူး။ နောက်ပြီးတော့ ရန်ကုန် နဲ့ ရေဆင်းမှာ ခဏသွားနေတယ်။ ရေဆင်းမှာ မှတ်တိုင်တစ်ခုနားမှာ ထိုင်ပြီးတော့ နာရီဝက်ဆီကြည့်တယ်။ အဲဒီ မှတ်တိုင်နားမှာ တချို့ရပ်ဆိုတဲ့ ဆိုင်ဘုတ်တွေရှိတယ်။ အစိုးရကားလည်း မရပ်ဘူး။ အရပ်သားကားလည်း မရပ်ဘူး။ ဘယ်သူ့ကားမှလဲ မရပ်ဘူး။ နောက်ပြီးတော့ ကျနော် ကြားရတဲ့ဥစ္စာတွေကလဲ အတော့်ကို ထိတ်လန့်စရာတွေ။ ဥပမာ လူထုကို ပါးရိုက်ပြီး အုပ်ချုပ်မယ်။ မင်းတို့ ထမင်းတနှပ်ပဲ စားကြကွာ၊ မင်းတို့အကြွေးကျေအောင် ဒို့လုပ်မယ်။ နောက် တိုင်းပြည်အပြင်မှာ ဘာပဲဖြစ်ဖြစ် ဒို့ဘာမှ မမူဘူးကွ။ နောက်ပြီးတော့ ဒို့လုပ်တာ မှားတာတွေက စေတနာနဲ့ မှားတာတွေ ဆိုတဲ့ဟာတွေ ပြောတော့ သူတို့ စေတနာဟာ အမှားကြီး ဖြစ်နေတဲ့သဘောကို ရောက်နေသလိုလို အဲဒီလို ကျနော်တော့ မြင်တယ်ဗျာ။ အဲဒီတော့ ကျနော်ကတော့ အတော့်ကို စိုးရိမ်တယ်။ အမှန်ပြောမယ်ဆိုလို့ရှိရင်။
ဦးကျော်ဇံသာ ။ ။ အဲဒါနဲ့ ပတ်သက်လို့ ဆရာဦးစောထွန်းရဲ့ သဘောထား။ ပြည်သူတွေက အဲဒီလို စိုးရိမ်တယ်ဆိုတဲ့ ကိစ္စတွေ ပြောနေကြတော့ ဆရာကော အဲဒါကို ဘယ်လို သုံးသပ်လိုပါလဲ။ ဘယ်လောက် အခြေခံရှိရင် စိုးရိမ်မှုလို့ ထင်ပါလဲ။
ဦးစောထွန်း ။ ။ ကျနော်တို့ အဲဒီ စိုးရိမ်စိတ်တွေ နည်းနည်းပြေသွားအောင် ကျနော် တဘက်က လှည့်စဉ်းစားကြည့်ချင်ပါတယ်။ အဲဒီ စိုးရိမ်စိတ်ရဲ့ အခြေခံဟာ အခုလက်ရှိ ခေါင်းဆောင်ကြီးများရဲ့ ပြောစကားဆိုစကားတွေပေါ်မှာ အများကြီးတည်တယ်လို့ ထင်ပါတယ်။ ခေါင်းဆောင်ကြီးတွေက အစဉ်အဆက်က သတိ၊ တန်းရပ်၊ နေမြဲ၊ တန်းဖြုတ်တို့ ဒီလို အမိန့်နဲ့ နေလာတာကြတော့ စကားပြောကျင့်ဆိုကျင့် မရှိကြဘူး။ မရှိကြတော့ ပြောလိုက်ရင် ကပေါက်ကချာကြီးပဲ ဖြစ်နေတာကို သတိထားမိပါလိမ့်မယ်။ အဲဒါ သမ္မတကြီးက အစပေါ့။ နောက်တခါ တပြည်လုံး အစိမ်းရောင်ကြီး ဖြစ်သွားမယ်။ အနီရောင်ကြီးက အာဇာနည်ကုန်း ဆိုတာမျိုးပေါ့။ အဲဒီတော့ ဒီလို မပြောတတ် မဆိုတတ်လို့များ စိုးရိမ်စရာ ဖြစ်နေလား။ တကယ်တော့ စိတ်ထဲစေတနာတွေကတော့ ရှိများရှိနေမလားပေါ့။ အဲဒီ မျှော်လင့်ချက်ကလေးနဲ့ဆိုရင် နည်းနည်းများ သက်သာမလားလို့ပါ။ တကယ့်ဟုတ်မဟုတ်တော့ မသေချာပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒါလဲ သိပ်အရေးကြီးပါတယ်။ တနေ့ကမှ ကျနော် တွေးမိတာက သမ္မတကြီးဆိုတဲ့ ပုဂ္ဂိုလ်က သူ့ဒေသမှာ သွားပြီးမဲဆွယ်တာ ပြောင်းလဲလာတာ ဘယ်လောက် ပြောင်းလဲလာပြီလဲ အကုန်လုံး ပြောင်းလဲနေပြီ။ ဒါထက်ပြောင်းရင် ကွန်မြူနစ်ပဲ ဖြစ်တော့မယ်။ ကွန်မြူနစ်အောက် ရောက်ခဲ့လာဆိုပြီး ဗကပ မကောင်းတာတွေ လျှောက်ပြောသွားတော့ …
ဦးစောထွန်း ။ ။ မပြောတတ် မဆိုတတ်ကြပါဘူး။ အဲဒီအထဲမှာ အပါးနပ်ဆုံးကတော့ ကျနော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လို့ ဆိုရပါမယ်။ ဘာစကားမှ မပြောခဲ့တော့ ဘာအမှားမှ မပြောခဲ့ဘူးပေါ့။
ဦးကျော်ဇံသာ ။ ။ ထားပါတော့ ဆရာ။ ဆရာဒေါက်တာထွန်းသန်း က ဆရာဦးစောထွန်း ပြောသလို မပြောတတ် မဆိုတတ်လို့ပဲဆိုပြီးတော့ ဆရာကျောင်းသားတွေကို အဲဒီလို သဘောထားနဲ့ ခွင့်လွတ်ခဲ့ဖူးမှာပေါ့။ အဲဒီလိုမျိုး သဘောထားနိုင်လား။
ဆလိုင်းထွန်းသန်း ။ ။ ကျနော်တို့ တည့်တည့်ပြောကြေးဆိုလို့ရှိရင် ပြောမှားဆိုမှားဆိုတဲ့ စကားလုံဟာ အလွန်အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ပိုးတဲ့ပန်းတဲ့ အချိန်မှာတောင်မှ စကားခပ်ကြမ်းကြမ်း ပြောလို့ရှိရင်၊ ရပြီးတဲ့နောက်ကြတော့ ဘယ်လို စကားမျိုး ထွက်မလဲဆိုတာတော့ ကျနော်တို့ မမျှော်လင့်ရဲဘူးဗျာ။
ဦးကျော်ဇံသာ ။ ။ ဒါက တိုင်းပြည်ရဲ့ အခြေအနေပေါ့။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မျှော်လင့်ချက်နဲ့ စိုးရိမ်စရာ ဘာတွေရှိလဲဆိုတာ။ နောက် ပြည်သူလူထုနဲ့ ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ တချို့ လက်တင်အမေရိကတိုင်းပြည်တွေ။ အာဖရိကတိုင်းပြည်တွေ တော်တော်များများမှာ ဒီမိုကရေစီ ထွန်းကားစေချင်လို့ တချို့နိုင်ငံကြီးတွေ အမေရိကန်လို့ တိုင်းပြည်ကြီးတွေက ငွေအားစစ်အားနဲ့ အများကြီး လုပ်ပေးတာ၊ အရှေ့အလယ်ပိုင်းတို့မှာ။ ဒါပေမဲ့ ထင်တိုင်း ဖြစ်မလာတာတွေ ရှိပါတယ်။ ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ကိုယ့်ပြည်သူတွေရဲ့ ဆန္ဒအလိုက် တဖြည်းဖြည်း ပြောင်းလဲနေကြတယ်။ ဆိုတော့ ပြည်သူတွေရဲ့ အဆင့်အတန်း၊ ပြည်သူတွေရဲ့ စည်းကမ်းလိုက်နာမှု၊ အသိပညာ အစစအရာရာဟာ ဒီမိုကရေစီနဲ့တန်အောင် နေတတ်ကြပြီလား။ ကျနော်တို့ဆီက လူတွေကို အဲဒီလိုမျိုး မေးချင်ပါတယ်။ အခုန ဆရာကြီး ပြောတဲ့အထဲမှာ ရပ်ဆိုတဲ့ (Stop Sign) မှာ ဘယ်သူမှ မရပ်ကြဘူးဆိုတဲ့ ပုံစံမျိုး။ ဒါမျိုးတွေဆိုရင် လူတွေ ပြောစရာဖြစ်ကောင်း ဖြစ်နေမှာပဲ။ ဆရာဦးစောထွန်း စပြောပါ။ ဒီကိစ္စကို ဘယ်လို သဘောရပါလဲ။
ဦးစောထွန်း ။ ။ ဒီလို စည်းကမ်းမလိုက်နာတာတို့ဆိုတာ အလေ့အကျင့်ပေါ် တည်တယ်လို့ တူပါတယ်။ ကျနော်တို့ ဘာကိုကြည့်နိုင်လဲဆိုတော့ ဒီမှာ ဗမာတွေ နိုင်ငံရေး ခိုလှုံခွင့်နဲ့ ဒီမှာ ရောက်လာကြတာ ရှိပါတယ်။ အမေရိကမှာ ရောက်လာကြတော့ သူ့ပြည်မှာ သူ့စည်းကမ်းနဲ့နေရတာ သိတော့။ ဗမာတွေ မဖောက်ကြပါဘူး။ သူ့စည်းကမ်းအတိုင်း လိုက်နာနေကြတာ။ ဒီတော့ ကျနော်တို့က ကိုယ့်နိုင်ငံမှာလဲပဲ ဥပဒေ စိုးမိုးပြီးတော့ အကုန်လုံးက လိုက်နာရင်၊ အကုန်လုံးက လိုက်နာဖို့ လိုပါတယ်။ ဆိုကြပါစို့ လူကြီးဆိုပြီးတော့ သူလာတာနဲ့ လမ်းဖယ်ပေးရတာတို့။ သူက မီးပွိုင့်အနီ ဖြတ်သွားနိုင်တာတို့။ အခွင့်အရေးထူး မရှိဘဲနဲ့ တန်းတူလိုက်နာရင် အကုန်လုံး ဖြစ်သွားမှာပါ။ ကျနော်ကတော့ ဥပဒေ စိုးမိုးမှု လိုတယ်လို့ပဲ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ တဆက်တည်း မေးချင်တာကတော့ အခုလက်ရှိ အာဏာရှိတဲ့ အသိုင်းအဝိုင်းက ဟိုတုန်းက စနစ်အတိုင်းပဲ ဟိုတုန်းကဆိုရင် ဒီလိုပဲ လုပ်ခဲ့ကြတာပဲ။ အခုဆိုရင် ဆရာတို့ မရှိတဲ့နောက်ပိုင်းမှာ ဖြစ်ပါလိမ့်မယ်။ နယ်မှာ တာဝန်ကျနေတဲ့ တိုင်းမှူးလောက်တောင်မှ တိုင်းမှူးကား လာမယ်ဆိုရင် စက်ဘီးစီးနေတဲ့လူတွေ စက်ဘီးပေါ်က ဆင်းပြီးတော့ လမ်းဘေးမှာ ရပ်နေရတဲ့ အဖြစ်တွေ အများကြီးပါ။ ဒီဟာတွေကို ဘယ်လို ပြုပြင်လို့ ရမလဲ။
ဦးစောထွန်း ။ ။ သူတို့ကို ပြုပြင်ဖို့ဆိုတာကတော့ ပြည်သူ့အင်အားနဲ့ပဲ ပြုပြင်ရပါလိမ့်မယ်။ ပြည်သူတွေက အိုးရွက်စလောင်းရွက်နဲ့ ဖုံးမနေဘဲနဲ့ ပြည်သူတွေက သူတို့ကို ရှေ့ဆောင်သွားမှပဲ ဖြစ်လိမ့်မယ် ထင်ပါတယ်။ ပြည်သူတွေဆီက သင်ခန်းစာ ယူတတ်အောင်။ ပြည်သူတွေဆီက အလေ့အကျင့်ကောင်း ယူတတ်အောင်။ ပြည်သူတွေက သူတို့ကို ဆုံးမဖို့ ဆိုတာကလဲ တခြားနည်းလမ်းတော့ မရှိပါဘူး။ ဒီလို ရွေးကောက်ပွဲမှာပဲ ဒီလို ကိုယ့်ဆန္ဒကိုယ် မှန်မှန်ကန်ကန် မဲပေး ဆုံးဖြတ်ပေးပြီးတော့ သူတို့ကို ပထုတ်နိုင်ဖို့ အရေးကြီးတာပါ။
ဦးကျော်ဇံသာ ။ ။ ဆရာကြီး ဒေါက်တာထွန်းသန်း ဘယ်လို ဖြစ်စေချင်ပါလဲ။ လူတွေ စည်းကမ်းလိုက်နာလာအောင်၊ ဒီမိုကရေစီ ကျင့်ဝတ်အတိုင်း၊ ဒီမိုကရေစီ ထွန်းကားတဲ့ပြည်က ပြည်သူတွေရဲ့ သဘောထားအတိုင်း၊ အနေအထားအတိုင်း နေတတ်လာအောင်။ အခုလက်ရှိ အခြေအနေကို အားရပါ့ရဲလား။ ဘယ်လို လုပ်သင့်တယ်လို့ ထင်ပါလဲ။
ဆလိုင်းထွန်းသန်း ။ ။ ကျနော် ထင်တယ် အထက်ကလူကြီးက လိုက်နာရင်၊ အောက်ကလူကလဲ လိုက်နာရမှာပဲ။ အဲဒီတော့ အထက်လူကြီးက မလိုက်နာတဲ့အခါမှာ အောက်ကလူက ပိုပြီးတော့မှ ဗရမ်းဗတာ ဖြစ်နိုင်တဲ့ အခြေအနေ ရှိတယ်။ သူတို့တော့ တဖွဖွပြောပါတယ်။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိရဘူးလို့။ ခဏခဏ ပြောပါတယ်။ ကျနော် အဲဒါကို သိပ်ပြီးတော့ လေးစားတယ်။ ယုံလည်းယုံကြည်တယ်။ သို့သော်လဲ မလိုက်နာတာက ဂွကျတယ်။ အဲဒီတော့ သူတို့တွေ မလိုက်နာတဲ့အခါရှိရင် အောက်ကလူတွေ လိုက်နာဖို့က ကျနော်တို့ ဘယ်လိုလုပ်ပြီး မျှော်လင့်နိုင်မလဲ။ ငါပြောတဲ့အတိုင်း မင်းတို့လုပ်၊ ငါလုပ်ချင်မှာ လုပ်မှာဆိုတဲ့ သဘောမျိုးကတော့ မလွယ်ပေဘူးပေါ့။