သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအတွက် အဓိကဆွေးနွေးရမယ့် အကြောင်းအရာ


Peace talk in Kyaing Tong. Photo - U Hla Maung Shwe (NRPC) Aug 31, 2019
Peace talk in Kyaing Tong. Photo - U Hla Maung Shwe (NRPC) Aug 31, 2019
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နဲ့ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့တို့ရဲ့ ဆွေးနွေးပွဲ နောက်ထပ်တကြော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပေမယ့် ငြိမ်းချမ်းရေး အပစ်ရပ်ရေးအတွက် ခြေခြေမြစ်မြစ် တိုးတက်မှု တစုံတရာ မကြားရသေးပါဘူး။ ဒီလိုထိရောက်တဲ့ ရလဒ်ပေါ်ထွက်ဖို့အတွက် အဓိကဆွေးနွေးရမယ့် အကြောင်းအရာက ဘာလဲ၊ ဘယ်သူတွေက အဆုံးအဖြတ်ပေးရမလဲဆိုတာကို မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်စိုး နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မကြာသေးခင်က မြန်မာနိုင်ငံမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အစိုးရအကြား ဆွေးနွေးမှုတွေ ပြန်စတယ်လို့ ကြားရပါတယ်။ အဲဒီမှာ အကောင်းဆုံးရလဒ်တွေ ပေါ်ထွက်လာတယ်လို့လည်း ကြားသိရပါတယ်။ အကုန်လုံးကို လွှမ်းခြုံပြီးတော့ အဲဒီပြီးခဲ့တဲ့ ဆွေးနွေးပွဲလေးအကြောင်းကို အကျဉ်းရုံးလေး နည်းနည်းသုံးသပ်ပေးပါလား။ ဘယ်လောက် ရှေ့ကိုရွေ့လာလဲ၊ ငြိမ်းချမ်းရေး အလားအလာအတွက်ဆိုတာ။

ဖြေ ။ ။ ဒီဇင်ဘာ (၂၁) ရက်နေ့မှာ တပ်မတော်ကနေ အပစ်အခတ် ရပ်စဲရေးကို ကြေညာပြီးတော့ ရက်ပေါင်း (၁၃၀) ကြာတဲ့အခါ ဧပြီ (၃၀) ရက်နေ့မှာ မူဆယ်မှာ တစ်ကြိမ် ဆွေးနွေးပါတယ်။ အဲဒီမူဆယ်ဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က သူတို့ဘက်က အဆိုပြုချက် အပစ်အခတ်ရပ်စဲရေး bilateral ထိုးရေး အဆိုပြုချက် တင်ပါတယ်။ နောက် တပ်မတော်ကနေ သက်တမ်းတိုးထားတဲ့ နှစ်လပြည့်တဲ့ ဇွန် (၃၀) ရက်နေ့မှ မိုင်းလားမှာတစ်ကြိမ် ထပ်တွေ့ပါတယ်။ တွေ့တဲ့အချိန်မှာလည်း တပ်မတော်ဘက်ကနေ အဆိုပြုချက် ပြန်ပေးပါတယ်။ နေုာက်တခါ နောက်သက်တမ်းပြည့်တဲ့ နှစ်လသက်တမ်းပြည့်တဲ့ သြဂုတ် (၃၁) ရက်နေ့မှာ ကျိုင်းတုံမှာ တွေ့ပါတယ်။ bilateral နဲ့ ပတ်သက်ပြီး ထပ်ဆွေးနွေးပါတယ်။ ဆိုလိုတာကတော့ မြောက်ပိုင်း (၃) ဖွဲ့နဲ့ ပတ်သက်ပြီးတော့ ၂၀၁၅ လောက်က bilateral ထိုးဖို့အတွက် တပ်မတော်ဘက်က သဘောမတူထားဘဲနဲ့ အခု ၂၀၁၈ ကုန်ပိုင်းမှာ အပြန်အလှန် ကြေညာချက်တွေထုတ်ပြီးတော့ bilateral ထိုးဖို့ သဘောတူထားပါတယ်။

ဒါပေမဲ့ တကယ်တမ်း တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ကွာဟချက်တွေ ရှိပါတယ်။ ရှိတယ်ဆိုတာကတော့ တပ်မတော်ဘက်က အဆိုပြုချက်က တပ်တွေနဲ့ ပတ်သက်ပြီး နေရာချထားရေးနဲ့ ပတ်သက်တဲ့ အဆိုပြုချက်က ကိုးကန့်အဖွဲ့သည် ကိုးကန့်ဒေသမှာပဲ နေရမယ်။ TNLA သည် TNLA ပလောင်းကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာပဲ နေရမယ်။ AA က လိုင်းဇာမှာပဲ ပြန်နေရမယ်ဆိုတဲ့ အဆိုပြုချက် ရှိပါတယ်။ ဒီမြောက်ပိုင်း (၃) ဖွဲ့ဘက်က အဆိုပြုချက်ကတော့ သူတို့ လက်ရှိအပစ်အခတ် ရပ်စဲရင် ရပ်စဲတဲ့နေရာမှာ တပ်တွေရပ်ပြီးတော့၊ တပ်တွေရပ်တဲ့နေရာမှာပဲ အပစ်အခတ်ရပ်စဲဖို့ တင်ပြထားတာ ရှိပါတယ်။ အဲဒီနှစ်ခုက အရမ်းကွာဟပါတယ်။ အဲဒီကွာဟတဲ့ အခြေအနေပေါ်မှာ ဒီနေ့စေ့စပ်ဆွေးနွေးလို့ မရဘူးလို့ ထင်ပါတယ်။

မေး ။ ။ ဆိုတော့ အပစ်အခတ်ရပ်စဲတဲ့နေရာမှာ တပ်တွေကို ဆက်စွဲခွင့် ပြုရမယ်လို့ ဝိုင်းပြီးတောင်းဆိုတာပေါ့။

ဖြေ ။ ။ မြောက်ပိုင်း (၃) ဖွဲ့ တောင်းဆိုတာကတော့ အပစ်အခတ်ရပ်စဲတဲ့ နေရာမှာရှိတဲ့ တပ်တွေကို တည်ရှိဖို့ တောင်းဆိုတာပါ။ တပ်ဘက်ကတော့ မဟုတ်ပါဘူး။ အပစ်အခတ်ရပ်စဲမယ်။ ဒါပေမဲ့ တဘက်က မြောက်ပိုင်း (၃) ဖွဲ့က တပ်တွေက သူတို့ သတ်မှတ်ထားတဲ့ နေရာတွေမှာပဲ နေရာမယ်လို့ တောင်းဆိုတာပါ။ အဲဒီနှစ်ခုက ကွာဟချက် အရမ်းကြီးမားပါတယ်။

မေး ။ ။ အခုနောက်ဆုံး တွေ့ဆုံခဲ့တဲ့အခါမှာ ဒီကွာဟချက်ကို ပိုမိုနီးစပ်သွားစေနိုင်မယ့် အလားအလာကော တွေ့ရပါလား။

ဖြေ ။ ။ အခုနောက်ဆုံး တွေ့ဆုံတဲ့နေရာမှာလည်း အဲဒီကွာဟချက်ကို နီးစပ်လာတဲ့ အလားအလာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အပစ်အခတ်ရပ်စဲရေး လုပ်မယ်ဆိုပေမယ့် အပစ်ရပ်ပေမယ့်၊ တပ်ရပ်တာ မဟုတ်ဘူးဆိုတဲ့ဟာမျိုး ငြိမ်းချမ်းရေးကော်မရှင်က တောင်းဆိုထားပါတယ်။ ဆိုလိုတာက တပ်ရပ်တာ မဟုတ်ဘူးဆိုတာ အပစ်ရပ်ပေမယ့် အပစ်ရပ်တဲ့နေရာမှာ တပ်တွေရှိတာ လက်မခံဘူး။ တပ်တွေတည်ရှိမှုနဲ့ ပတ်သက်လာရင် အစိုးရဘက်က တောင်းဆိုထားတဲ့နေရာမှာ နေရမယ်ဆိုတဲ့ တောင်းဆိုမှုမျိုး ရှိပါတယ်။ ဒီအခြေအနေမျိုးမှာတော့ နှစ်ဘက်သဘောတူညီမှုရဖို့ ခက်ခဲနေတုန်းပဲလို့ ထင်ပါတယ်။

မေး ။ ။ ကျနော်တစ်ခု နှိုင်းယှဉ်ပြီး မေးချင်တာက သမ္မတဦးသိန်းစိန်လက်ထက်တုန်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးစေ့စပ်မှုဟာ ပိုပြီးတော့ ခရီးရောက်ခဲ့တယ်၊ ထိရောက်ခဲ့တယ်လို့ ပြောကြပါတယ်။ အဲဒါ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီနေရာမှာ လူတချို့က ဘာကို အမှတ်ပေးကြသလဲဆိုရင် ငြိမ်းချမ်းရေးစေ့စပ်တဲ့လူတွေဟာ သိပ်ရင်းနှီးတယ်။ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကတဆင့် တည်ဆောက်ကြတယ်။ အတူစားကြ၊ သောက်ကြ အဲဒီလို လည်ပင်းဖက်ပြီး ဆွေးနွေးကြတယ်ဆိုတာကို ပြောကြတယ်။ ကျနော် ဘဝင်မကျပါဘူး။ တကယ်တော့ လူပုဂ္ဂိုလ်ကြောင့် ပိုရင်းနှီးလို့ ငြိမ်းချမ်းရေးကို တည်ဆောက်လို့ ရမလား။ သို့တည်းမဟုတ် ပြဿနာဇာစ်မြစ်ကို ရှာပြီးတော့ ညှိနှိုင်းမှု မရှိဘဲနဲ့ အဲဒီလို တည်ဆောက်တဲ့အတွက် ပုဂ္ဂိုလ်ရေးကို အခြေခံတည်ဆောက်တဲ့အတွက် ငြိမ်းချမ်းရေးအလားအလာ ကောင်းခဲ့တယ်ဆိုတာကို လက်ခံနိုင်ပါသလား။

ဖြေ ။ ။ တဘက်ကဆိုရင် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိရင် ပိုပြီးတော့ ပြောလို့ဆိုလို့ လွယ်ကူတယ်ဆိုတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒီတစ်ခုတည်းနဲ့တော့ ပြဿနာကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ လက်ရှိ (၃) ဖွဲ့နဲ့ ပတ်သက်လာလို့ရှိရင် ဦးသိန်းစိန်လက်ထက်ကတည်းက မပြေလည်တဲ့ ပြဿနာလို့ ပြောရပါလိမ့်မယ်။ စက်တင်ဘာလ (၉) ရက်နေ့ ၂၀၁၅ မှာ ဒီ (၃) ဖွဲ့နဲ့ ပတ်သက်ပြီးတော့ သမ္မတဦးသိန်းစိန်နဲ့ တပ်မတော်ဘက်ကနေ NCA ထိုးဖို့ လက်မခံခဲ့တဲ့အတွက် ကေအိုင်အေအပါအဝင် အဖွဲ့တချို့က NCA ထိုးဖို့ ငြင်းပယ်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီတော့ ဒီ (၃) ဖွဲ့ ပြဿနာက ဦးသိန်းစိန်လက်ထက်ကတည်းက မပြေလည်ခဲ့တဲ့ ပြဿနာလို့ပြောရင် ရပါတယ်။

မေး ။ ။ အဲဒါနဲ့ ဆက်စပ်ပြီးတော့ ကျနော် စဉ်းစားမိတာ ရှိပါတယ်။ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့်လက်ထက်တုန်းက ကေအိုင်အေ၊ ကေအိုင်အိုနဲ့ ဝ တို့နဲ့ ငြိမ်းချမ်းရေးရရှိခဲ့တယ်ဆိုတာ သူကတိုင်းရင်းသားတွေနဲ့ သိပ်ရင်းရင်းနှီးနှီး သွားလာပြီးတော့ ပုဂ္ဂိုလ်ရေးကို အခြေခံ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးလို့ ထင်ပါတယ်။ နောက်တော့လဲ အခြေခံပြဿနာကို မဖြေရှင်းနိုင်တဲ့အတွက် ပြန်ပြီးတော့ ပျက်သွားတယ်လို့ စဉ်းစားမိပါတယ်။ ဦးမောင်မောင်စိုး .. အဲဒါမှန်ပါရဲ့လား။

ဖြေ ။ ။ မှန်ပါတယ်။ ဝနဲ့ ပတ်သက်လို့ ဦးခင်ညွှန့်နဲ့ ဆက်ဆံရေး အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ဦးခင်ညွှန့် ပြုတ်သွားတဲ့အခါမှာ ဝနဲ့ ဆက်ဆံရေးက ဒီနေ့တင်းမာနေတာတော့ ရှေုာင်လွှဲလို့မရတဲ့ ကိစ္စပါ။ အလားတူ ကေအိုင်အေနဲ့ ပတ်သက်လို့လည်း ဒီနေ့အထိ bilateral တောင် မထိုးနိုင်သေးတဲ့ အခြေအနေမျိုးမှာ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုသည် တချို့ကိစ္စတွေကို ကျော်လွှားနိုင်ပေမယ့် တကယ်တမ်း မူဝါဒဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင်တော့ လက်တွေ့ကျကျ ဖြေရှင်းဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။

မေး ။ ။ မူအကြောင်းကို ပြောကြမယ်ဆိုရင် အဓိကအကျဆုံး ဘယ်ကိစ္စကို သူတို့သဘောတူဖို့ လိုပါသလဲ။ မူတစ်ခုကို ပြောမယ်ဆိုရင် ဘယ်ဟာကို သဘောတူရင်ဖြင့် ငါတို့ ရှေ့ဆက်လို့ရပြီလို့ ဘယ်မူကို Focus လုပ်ပြီးတော့ ညှိနှိုင်းသင့်ပါလဲ။

ဖြေ ။ ။ လောလောဆယ် အပစ်ရပ်ရေး ပြောမယ်ဆိုရင်တော့ တပ်နေရာ ချထားရေးနဲ့ ဆိုင်လိမ့်မယ် ထင်ပါတယ်။ လောလောဆယ် ဝ၊ ကေအိုင်အေတို့နဲ့ ပတ်သက်လာရင် တပ်နေရာချထားရေးနဲ့ ပတ်သက်ပြီးတော့ လက်ရှိနှစ်ဘက်တပ်တွေ ရှိတဲ့နေရာကို အသိအမှတ်ပြုထားတဲ့အခါမှာ ပြဿနာတော့ မရှိဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ နောက်ထွက်လာတဲ့ တပ်တွေဖြစ်တဲ့ ကိုးကန့်၊ TNLA, AA တို့နဲ့ ပတ်သက်ပြီးတော့ တပ်နေရာချထားရေးနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားနေမယ်ဆိုရင်တော့ အဲဒါက ပြဿနာဖြေရှင်းဖို့ ခက်ခဲနေအုံးမယ်လို့ ထင်ပါတယ်။

မေး ။ ။ နောက်တစ်ခုက တချို့က ပြောကြတယ်။ ဒီအစိုးရကိုယ်စားလှယ်ထဲမှာ တပ်မတော်ရဲ့ကိုယ်စားလှယ် မပါတဲ့အတွက်ကြောင့် အဲဒီကိစ္စကို မဆွေးနွေးဖြစ်ဘူးလို့ ပြောတယ်ဆိုတာလည်း ကျနော် ကြားမိပါတယ်။ ဒါပေမဲ့ မရှေ့မနှောင်းမှာပဲ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးကြီးဝင်းဇော်ဦးဆိုတဲ့ ပုဂ္ဂိုလ်က ရခိုင်ဘက်မှာ ရွာထဲကို သူတို့ပစ်လို့ ရွာသားတွေ ထိခိုက်တာနဲ့ ပတ်သက်ပြီးတော့ ခုခံချေပသွားပါတယ်။ အဲဒီရွာသားတွေမှာ သူပြောတဲ့ အဓိကစကားကတော့ မိန်းမတွေကိုဖယ်လိုက်ရင် ယောကျ်ားတွေက အကုန်လုံး အေအေ အမာခံတွေ ဖြစ်တယ်ဆိုပြီး၊ သူတို့ပစ်တယ်ဆိုတာ မှန်ကန်ကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက justify လုပ်သွားတယ်။

ဗိုလ်မှူးကြီးဝင်းဇော်ဦး - “မနေ့က ကျနော်တို့ အုပ်ချုပ်မှုကိစ္စလုပ်ဖို့ဆိုပြီး … ဘက်ကိုသွားတာ …အဝင်မှာ တံတားတစင်းရှိတယ်။ အဲဒီကိုရောက်တဲ့အခါမှာ မိုင်းတစ်လုံး အခွဲခံရတယ်။ …ရွာထဲကနေ လက်နက်ငယ်တွေနဲ့ ပစ်တဲ့အခါကြတော့ ကျနော်တို့က ပြန်ပြီးတော့ ပစ်တဲ့နေရာကို ပြန်ပစ်တာ သောင်းကျန်းသူတွေ …တပင်ထဲကို ရောက်နေတာကို အဲဒီရွာထဲက ကျနော်တို့တပ်တွေကို သတင်းပေးတာ၊ ပူးပေါင်းပါဝင်ဆောင်ရွက်မှုလည်း မရှိဘူး။ ပြီးတဲ့အခါကြမှာ ရွာကို ဟိုဟာဖြစ်တယ်၊ ဒီဟာဖြစ်တယ်ဆိုပြီး တောပြောတောင်ပြော လျှောက်ပြောတယ်။ အဲဒီလိုလုပ်နေလို့ကတော့ ဒါတွေက ဆက်ဖြစ်နေအုံးမှာ။ ရွာတွေကိ လက်ခံနေရင်တော့ သူပစ်ကိုယ်ပစ်ဖြစ်ပြီး ကျည်းတွေကတော့ ဘယ်သူပစ်လို့ မှန်လို့မှန်မယ်ဆိုတာ မသိဘူး။ ရွာကိုအခြေခံပြီး လူတွေထဲမှာနေပြီးတော့ ဒီလိုပဲလုပ်နေတာ ကြာပြီလေ။ အေအေရဲ့ စစ်ရေးက ဒီလိုပဲ။ ပစ်မိသွားရင် ရွာသားမှန်တယ်လို့ပြောတယ်။ အဲဒီရွာသားတွေက မိန်းမကလွဲ၊ ယောကျ်ားတွေက အေအေ၊ အေအေ အမာခံတွေကြီးပဲ။”

မေး ။ ။ သူ့ရဲ့ ပြောဆိုချက်ကို ဦးမောင်မောင်စိုး ဘယ်လိုသုံးသပ်လိုပါလဲ။

ဖြေ ။ ။ တကယ်တမ်းတော့ ဆွေးနွေးပွဲမှာပါရင် တပ်ခုမပါဘူးဆိုပေမယ့် … ဆရာဦးခင်ဇော်ဦးကတော့ တပ်ခုဆိုတဲ့ … အနေနဲ့ ပါနေတယ်လို့ ကျနော်တို့ သိထားပါတယ်။ သူ့အနေနဲ့ တပ်ကိုယ်စားပြုရပ်ခံပြီး ပြောဆိုတဲ့လူလို့ပဲ ပြောရပါလိမ့်မယ်။ တဘက်က ပြောမယ်ဆိုရင်တော့ အရပ်သားတွေနဲ့ ထိခိုက်တာနဲ့ ပတ်သက်လာရင် လူထုကို ကိုယ့်ဘက်မှာပါအောင် မစည်းရုံးတဲ့ တပ်ကတော့ ကျဆုံးမှာပါ။ အဲဒီတော့ လူထုကို ရန်သူအဖြစ်သဘောထားမှာလား။ လူထုကို ကိုယ်ဘက်ပါအောင် စည်းရုံးမလားဆိုတာ အဲဒီတိုက်ခိုက်နေတဲ့ တပ်တွေ ရွေးချယ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ လူထုကို ကိုယ့်ရဲ့ရန်သူအဖြစ် ရွေးချယ်မယ်ဆိုရင်တော့ အဲဒီတပ်က ကျဆုံးမှာပါ။ လူထုကို ကိုယ့်ဘက်သားအဖြစ် စည်းရုံးသိမ်းသွင်းနိုင်တဲ့ လူကတော့ အဲဒီစစ်ပွဲကို အောင်နိုင်တဲ့လူ ဖြစ်ပါလိမ့်မယ်။

မေး ။ ။ နောက်ဆုံးမေးချင်တာကတော့ လောလောဆယ် အပစ်အခတ်ရပ်စဲရေး ရှေ့တိုးဖို့ ပထမလိုအပ်တဲ့ အဆင့်ဟာ တပ်နေရာ ချထားရေးလို့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။ အဲဒီလို တပ်နေရာချထားရေး ဆုံးဖြတ်ချက်က တပ်မတော်ရဲ့ ထိပ်တန်းခေါင်းဆောင်ပိုင်းဆီက လာဖို့လိုသလား။ သို့တည်းမဟုတ် မြေပြင်မှာ စစ်မြေပြင်မှာ တပ်မှူးအဆင့်နဲ့ ပြေလည်နိုင်မယ် ထင်ပါသလား။

ဖြေ ။ ။ စစ်မြေပြင်မှာရှိတဲ့ တပ်မှူးအဆင့်လောက်နဲ့တော့ ပြေလည်ဖို့ ခက်ခဲပါတယ်။ ထိပ်ပိုင်းအဆင့်ကလာဖို့ လိုပါတယ်။ အခုစစ်ပွဲမှာ အဓိကအခက်အခဲ ဖြစ်နေတာကတော့ ရခိုင်စစ်မျက်နှာပါပဲ။ တပ်ဘက်က တောင်းဆိုထားတာကတော့ ကိုးကန့်ပြည် ဟိုးဟန်မှာနေရေး၊ TNLA သည် ပလောင်းကိုယ်ပိုင်အုပ်ချုပ်ရေးမှာနေရေးတို့က ညှိနှိုင်းလို့ ရပါသေးတယ်။ ဒါပေမဲ့ ရခိုင်စစ်မျက်နှာမှာ ရခိုင်ပြည်နယ်မှာ အေအေ အခြေချတာကို လုံးဝလက်မခံနိုင်ဘူး။ အေအေ က လိုင်းဇာဌာနချုပ်ကို ပြန်ဆုတ်ရမယ်ဆိုတဲ့ ကိစ္စမျိုးကတော့ လက်တွေ့မကျပါဘူး။ အဲဒီလက်တွေ့မကျတဲ့ အခြေအနေမျိုး ဆိုရင်တော့ စစ်ပွဲဆိုတာ ရှောင်လွှဲလို့ ရလိမ့်မယ်လို့ မထင်ပါဘူး။

XS
SM
MD
LG