သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နှင့် တိုင်းရင်းသား ပြဿနာ ပြေလည်ရေး


Aung San Suu Kyi visited Naga (Myanmar State Counsellor Office)
Aung San Suu Kyi visited Naga (Myanmar State Counsellor Office)
တိုက်ရိုက် လင့်ခ်















==ZawGyi==

မြန်မာနိုင်ငံမှ ၂၀၂၀ ပြည့် ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအားထုတ်လာတာ ပါတီခေါင်းဆောင်က တိုင်းရင်းသားလူထုတွေနဲ့ တွေ့ဆုံတာတွေ တွေ့လာရပါတယ်။ ဒီလုပ်ရပ်တွေဟာ အပြောင်းအလဲကို တကယ်ဖော်ဆောင်နိုင်မယ့်၊ အနှစ်သာရရှိတဲ့ လုပ်ရပ်တွေလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲ အောင်နိုင်ရေးလှုပ်ရှားမှု သက်သက်ပဲလား။ သီပေါမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးရဲထွန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲ နီးလာတဲ့အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဟိုးရွေးကောက်ပွဲမတိုင်ခင်ကတည်းက ပေးခဲ့တဲ့ကတိတွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားမှုတွေကို တွေ့လာရပါတယ်။ သိသိသာသာ တွေ့လာရတာကတော့ ဖွဲ့စည်းပုံကိုပြင်ဖို့ ကြိုးပမ်းတယ်။ နောက်ပြီးတော့ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ဘက်က ပိုမိုပြီးတော့ လှုပ်ရှားလာတယ်ဆိုတာကို တွေ့ရပါတယ်။ ဆိုတော့ ဖွဲ့စည်းပုံအရေးနဲ့ ပတ်သက်လို့ကတော့ ရွေးကောက်ပွဲအတွက်သာ ခါတော်မီလုပ်ပေးခြင်းတာ ဖြစ်တယ်။ တကယ့်လက်တွေ့မှာ ပြင်နိုင်မယ့်အလားအလာ သိပ်မရှိဘူးလို့ဆိုတဲ့သဘောမျိုး ကျနော်တော့ သုံးသပ်မိပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဦးရဲထွန်းရဲ့ သဘောထားကို အကျဉ်းရုံးလေး ပြောလိုက်ပါအုံး။ ကျနော်တို့ တိုင်းရင်းသားအရေးကို မဆက်ခင်မှာ။

ဖြေ ။ ။ မှန်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးကို လွှတ်တော်ကတဆင့် ကြိုးစားလာတဲ့အခါမှာ မူလယုံကြည်ထားတဲ့ လမ်းကြောင်း - ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင် ဘုံအကျိုးစီးပွားတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေ။ ဥပမာအားဖြင့် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ မကျေမနပ် ဖြစ်နေတဲ့ ဖယ်ဒရယ် ပီပြင်ရေး။ အဲဒီကနေစမယ်ဆိုတဲ့ ဘုံနဂိုသဘောတူ ယူဆထားချက်။ အဲဒါကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေတဆင့် ပြင်မယ်ဆိုတဲ့ လမ်းကြောင်းကနေ သွေးဖယ်ပြီးတော့ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်လမ်းကြောင်းကနေ ဖုတ်ပူမီးတိုက် ပြောင်းလိုက်တာပါ။ ဒီရွေးကောက်ပွဲနီးမှ ပြောင်းလိုက်တဲ့သဘောပါ။ အဲဒီလို ပြောင်းလိုက်တဲံအခါမှာလဲ တိုင်းရင်းသားတွေ လိုလားတဲ့ ဖယ်ဒရယ်ပီပြင်ရေး ဥပမာ ပုဒ်မ (၂၆၁) သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ လွှတ်တော်တွေက လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခွင့်ဆိုတဲ့ဟာမျိုးတွေကို တမင်ချန်ထားခဲ့ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီ ပိုမိုပီပြင်အောင်၊ ဒီမိုကရေစီနဲ့ ကိုက်ညီအောင်ဆိုတဲ့ဟာတွေကို ဇောင်းပေးပြီးတော့ ပြင်ဆင်လာတာကို ကြည့်လို့ရှိရင် ဒါဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး အောင်မြင်ဖို့ဆိုတာထက် ဒီမိုကရေစီ ပီပြင်ရေးကို တကယ်သွားချင်နေပါတယ်။ တကယ်ပြင်ချင်ပါတယ်။ သို့သော်လဲ မထောက်ခံတဲ့၊ မပြင်ချင်တဲ့ အင်အားစုတွေကြောင့် ဒီလိုဖြစ်ရပါတယ်ဆိုတဲ့ ရလဒ်မျိုးနဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် Propaganda လုပ်တယ်လို့ ကျနော်တို့ သုံးသပ်ရမှာပေါ့။

မေး ။ ။ အဲဒီတော့ ကျနော် တခွန်းပြန်ပြီးတော့ မေးပါရစေ။ တချို့က သူတို့ Justify လုပ်မယ်။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ လွှတ်တော်မှာ တက်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေမှာ ဘယ်သူက တိုင်းရင်းသားတွေကို မှန်မှန်ကန်ကန် တရားဝင်ကိုယ်စားပြုသလဲဆိုတဲ့ မေးခွန်း သူတို့မေးလာရင် ဘယ်လိုဖြေမလဲ။ သူတို့က ပြောမှာပေါ့ လွှတ်တော်က ပိုပြီးတော့ တရားဝင်ကိုယ်စားပြုတယ်ဆိုတော့ ဒီလူတွေနဲ့ညှိပြီး ပြင်တာ ပိုပြီးတော့ တရားဥပဒေနဲ့ ကိုက်ညီတယ်လို့ သူတို့ပြောလာခဲ့ရင် ကျနော်တို့ ဘယ်လိုပြောမလဲ။

ဖြေ ။ ။ အဓိကတော့ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ၂၀၀၈ ကို လက်မခံဘဲနဲ့ ဆက်ပြီးတော့ လက်နက်စွဲကိုင် အာခံနေကြတဲ့ဟာကို ညှိနှိုင်းဖို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်ခဲ့တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်ရင်နဲ့ နိုင်ငံရေးစကားဝိုင်းမှာ ပြောကြဆိုကြတဲ့အခါကြတော့ အခု ၂၀၀၈ ဖွဲ့စည်းပုံကြီးက ဖယ်ဒရယ်ပုံစံမပေါ်ဘူး။ ဒီမိုကရေစီ ဖယ်ဒရယ်နိုင်ငံကို သွားမယ်ဆိုရင် ဒီဖွဲ့စည်းပုံနဲ့မရဘူးဆိုတာသိတဲ့အတွက်ကြောင့်မို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်နက်ကိုင် တိုင်းရင်းသားကော၊ လက်နက်မကိုင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေ လိုလားတဲ့ ဖယ်ဒရယ်စနစ်ကို သွားဖို့ဆိုတဲ့ ရည်ရွယ်ချက်။ အဲဒီတော့ အပြန်အလှန် အပေးအယူလုပ်ပြီးတော့ ဒီကိစ္စကို ဖြေရှင်းဖို့လမ်းကြောင်းပါ။ အဲဒီတော့ ဆိုလိုချင်တာက ဘယ်သူက ကိုယ်စားပြုနိုင်သလဲလို့ ပြောရင်တော့ တရားဝင်အားဖြင့်တော့ လူထုမဲနဲ့ လွှတ်တော်ထဲ ရောက်လာတဲ့ သက်ဆိုင်ရာပြည်နယ်တွေက တိုင်းရင်းသားနိုင်ငံရေးပါတီတွေကတော့ တရားဝင်ကိုယ်စားပြုတယ်။ သို့သော် ဖယ်ဒရယ်စနစ် လိုချင်တဲ့ဆိုတဲ့ ယေဘုယျ ရည်ရွယ်ချက်တွေမှာတော့ တူနေတဲ့အတွက်ကြောင့်မို့ ဒါက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေးကိုယ်စားလှယ်တွေလည်း ပါဝင်ခွင့်ပြုထားတယ်။ ဆွေးနွေးခွင့်ပြုထားတယ်။ သို့သော် တကယ့်အဆုံးအဖြတ်ကတော့ အကျိတ်အနယ် ညှိနှိုင်းရမယ့်ကိစ္စကတော့ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ တပ်မတော်နဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေကြားမှာ သဘောတူညီချက်ရအောင် လုပ်ကြရတဲ့ အနေအထားဖြစ်တာပေါ့။

မေး ။ ။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာလဲ တိုင်းရင်းသားတွေ အမှန်တကယ် လိုလားနေတဲ့ ပြည်နယ်နဲ့တိုင်း အုပ်ချုပ်ရေးအကြီးအကဲတွေကို ဗဟိုကခန့်တယ်ဆိုတဲ့ကိစ္စကိုတောင် သူတို့ပြင်ဖို့တောင် ပြောမထားတော့။ တချိန်တည်းမှာ တိုင်းရင်းသားအရေးနဲ့ပဲ ပတ်သက်လို့ အခုအခါမှာ အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားဒေသအချို့ကို သွားပြတယ်။ ပြည်သူတွေနဲ့ ထိတွေ့တယ်။ အဲဒီလိုမျိုးတွေ လုပ်လာပါတယ်။ ဒီကိစ္စတွေကို ဘယ်လိုမျိုး သုံးသပ်နိုင်ပါသလဲ။ တကယ် အနစ်သာရရှိတဲ့ ခြေလှမ်းတွေလို့ ယူဆနိုင်ပါသလား။ ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးတွေကို သုံးသပ်ပေးပါ။ ဘယ်လောက်အထိ NLD နဲ့ တိုင်းရင်းသားတွေ ပေါင်းစည်းနီးကြပါပြီလဲ။

ဖြေ ။ ။ တိုင်းရင်းသားဒေသတွေကို ဒေါ်အောင်ဆန်းစုကြည်သွားပြီးတော့ ပြည်သူလူထုနဲ့ တွေ့ဆုံတာ၊ ဟောပြောပွဲတွေ လုပ်တာကိုကြည့်ရင် သိပ်မသေချာတဲ့ ဟိုဘက်လိုလို၊ ဒီဘက်လိုလို အဲဒီလို ယိမ်ယိုင်းနေတဲ့နေရာတွေကို သူ အဓိကသွားတာကို တွေ့ရတယ်။ နောက်ပိုင်းမှာတော့ မပြောတတ်ဘူး။ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ကို ပထမဦးဆုံးပေးအနေနဲ့ မသွားဘူးဆိုတော့ ရှမ်းနီဒေသတို့၊ ချင်း၊ စစ်ကိုင်းတိုင်း အဲဒီတိုင်းရင်းသားဒေသတွေက NLD ကိုလည်း ထောက်ခံဖို့များတယ်။ အဲဒီဒေသက မဲတွေကိုတော့ အပိုင်းရဖို့အတွက် သူသွားတယ်လို့ ထင်ပါတယ်။ သို့သော် ဒီလိုသွားတဲ့အခါမှာ တိုင်းရင်းသားတွေရဲ့အခွင့်အရေး။ အထူးသဖြင့်တော့ ဖယ်ဒရယ်စနစ် ပီပြင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံကို ဘယ်လိုပြောင်းမလဲ။ ဒါမှမဟုတ်လဲ ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ပြည်နယ်တွေက တိုင်းရင်းသားပါတီတွေက အင်နဲ့အားနဲ့ အနိုင်ရမယ်ဆိုရင် အဲဒီဒေသမှာ ပြည်နယ်ဝန်ကြီးချုပ်ကို တိုင်းရင်းသားပါတီက ခေါင်းဆောင်တွေကို၊ လွှတ်တော်ထဲက ခေါင်းဆောင်တွေကို ဝန်ကြီးချုပ် ရွေးမလားဆိုတဲ့ ကတိကဝတ်တွေ ပေးတာမျိုးတွေလည်း မတွေ့ရပါဘူး။ ဆိုတဲ့အခါကြတော့ ချုပ်ပြီးတော့ ပြောရမယ်ဆိုရင်တော့ ၂၀၂၀ မဲရဖို့အတွက် သွားခဲ့တဲ့သဘောပဲ တွေ့ရပါတယ်။

မေး ။ ။ ဦးရဲထွန်းပြောသလို အခုအခါမှာ Swing States တွေ ဘယ်ဘက်ပါမယ်ဆိုတာ မပြတ်သားသေးတဲ့ နေရာတွေကို သွားတယ်ဆိုတာ ဟုတ်ပါပြီ။ ဒါပေမယ့် အဲဒီလိုနေရာတွေမှာ တချို့ဒေသတွေက - ဥပမာ ကယားပြည်နယ်လို ကိစ္စမျိုးမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက NLD အားကောင်းခဲ့တယ် ထင်ပါတယ်။ အခုကြတော့ NLD နဲ့ ပတ်သက်ပြီး ကယားပြည်နယ်မှာ လူထုရဲ့ ဆန့်ကျင်မှုတွေလည်း တွေ့လာရတော့ အဲဒီဘက်မှာကော အခြေအနေ ဘယ်လိုဖြစ်လာနိုင်မလဲလို့ ခန့်မှန်းလို့ ရပါသလဲ။

ဖြေ ။ ။ အဲဒီတိုင်းရင်းသားဒေသတွေမှာ အခုထက်ထိတော့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှုတွေတော့ တရားဝင် မီဒီယာတွေမှာ တက်လာတာ မကြားမိဘူး။ သို့သော် ရွေးကောက်ပွဲနီးလာတဲ့အခါမှာ အဲဒီသက်ဆိုင်ရာ ပြည်နယ်တွေက တိုင်းရင်းသားနိုင်ငံရေးပါတီတွေအနေနဲ့ NLD အစိုးရလက်ထက်မှာ ဒီမိုကရေစီဖယ်ဒရယ်စနစ်ကို သွားချင်ပါတယ်လို့ ပါးစပ်က ပြောနေပေမယ့် လက်တွေ့မှာ တဖြည်းဖြည်း ဘယ်လိုတွေ ဝေးသွားတယ်။ ဗဟိုချုပ်ကိုင်မှုတွေ ပိုများလာတယ်ဆိုတဲ့ဟာတွေကို ထောက်ပြနိုင်ရမယ်။ နောက် တိုင်းရင်းသားပါတီအချင်းချင်း စည်းရုံးနိုင်မယ်ဆိုရင်တော့ သူတို့က အရင် ၂၀၁၅ ထက် ပိုပြီးတော့ အားကောင်းလာမယ်ဆိုတာကို ပြောနိုင်ပါတယ်။

မေး ။ ။ တိုင်းရင်းသားတွေအလို လိုက်လျောနိုင်မယ့် ပြင်ဆင်မှုတွေ လုပ်လာမယ်။ နောက်အဓိကကျတာတော့ စောစောကပြောတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေရဲ့ ဝန်ကြီးချုပ်တွေကို နိုင်ငံတော်သမ္မတက မခန့်ဘဲနဲ့ သူတို့ဒေသအတွင်း မဲဆန္ဒနယ်မှာ မဲအများရတဲ့ ခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် ရွေးခွင့်ပေးမယ်ဆိုတာမျိုး လုပ်ခဲ့မယ်ဆိုရင် အဲဒီလိုက်လျောမှု၊ ပြင်ဆင်မှုတွေသည် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ ညှိနှိုင်းတဲ့နေရာမှာကော ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်မယ် ထင်ပါသလား။ ကျနော် နမူနာတစ်ခု မေးချင်တာက AA ကိစ္စ။ AA က အဓိကတောင်းဆိုနေတာ ရခိုင်ပြည်နယ်မှာ သူတို့တပ်ကို တပ်စွဲခွင့် ပေးရမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ အခုနပြောသလို ပြည်နယ်ဝန်ကြီးချုပ်ကို ဗဟိုကမခန့်ဘဲနဲ့ မင်းတို့ဒေသက နိုင်တဲ့လူတွေ မင်းတို့ခန့်ကြလို့ ပြောလိုက်ရင် အဲဒီတပ်စွဲမှုကိစ္စဟာ နည်နည်းမှေးမှိန်းသွားနိုင်မလား။ အရှိန်လျော့ပြီးတော့ ငြိမ်းချမ်းရေးရဖို့ ပိုနီးစပ်သွားမယ်လို့များ ပြောနိုင်မလား။

ဖြေ ။ ။ အဲဒီကိစ္စကတော့ ဒီလိုမြင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ၊ နိုင်ငံတော်သမ္မတက ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဝန်ကြီးချုပ်ခန့်တဲ့အခါမှာ သမ္မတကို လုပ်ပိုင်ခွင့်ပေးထားတဲ့သဘော တွေ့ရပါတယ်။ ဒါကြောင့်မို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်သေးဘူးဆိုရင်တောင်မှ အနိုင်ရတဲ့ပါတီက တိုင်းရင်းသားတွေပေါ်မှာ စေတနာလည်းရှိတယ်။ နောက်ပြီးတော့ ပေးရမယ့်တာဝန်ကိုလည်း သိတယ်။ ဖယ်ဒရယ်စနစ်ဆိုတာလဲ နားလည်တယ်ဆိုရင်တော့ မဲအများဆုံးရတဲ့ တိုင်းရင်းသားပါတီတခုခုက ကိုယ်စားလှယ်ကို ဝန်ကြီးချုပ်အဖြစ်နဲ့ ရွေးချယ်လို့ရပါတယ်။ ဒါကတော့ သူတို့ရဲ့ Political Will နိုင်ငံရေးအရ စိတ်ဆန္ဒရှိမှုကိုပဲ ဖော်ပြတာ ဖြစ်ပါတယ်။ သို့သော်လဲ တိုင်းရင်းသားတွေဘက်ကကြည့်တဲ့အခါကြတော့ ဒီလိုသူများပေးမှ အနိုင်ရတဲ့ တပြည်လုံးအနိုင်ရတဲ့ပါတီကြီးက ပေးမှ ရတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ တကယ့် သူတို့ရဲ့ Rights သူတို့ရဲ့ ပြည်သူလူထုအများစုက ရွေးချယ်လိုက်တဲ့ပါတီရဲ့ ခေါင်းဆောင်။ ဒါမှမဟုတ် ပါတီရဲ့ ကိုယ်စားလှယ်တယောက်ယောက်က ကိုယ့်ပြည်နယ်ကို အုပ်ချုပ်တာမျိုးကို ပိုလိုချင်တယ်။ အာမခံချက် ပိုရှိတယ်။ ဒါကြောင့်မို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်စေချင်တာပါ။

မေး ။ ။ အဲဒီလို ဖွဲ့စည်းပုံမှာ မပြင်ဆင်ဘဲနဲ့ နိုင်ငံတော်သမ္မတရဲ့ Political Will နဲ့ပဲ မင်းတို့ပြည်နယ်မှာ နိုင်တဲ့လူကိုပဲ ဝန်ကြီးချုပ်လုပ်ပေးဖို့ Nominate လုပ်ပေးတယ်ဆိုတာမျိုးနဲ့ တိုင်းရင်းသားငြိမ်းချမ်းရေးအတွက် ပိုပြီးတော့ အထောက်အကူမပြုနိုင်သေးဘူးဆိုတဲ့ သဘောမျိုးပေါ့။

ဖြေ ။ ။ ဟုတ်ပါတယ်။ အဲဒီလိုကတော့ တိုင်းရင်းသားတွေက သိပ်ပြီးတော့ ကျေနပ်ကြမှာ မဟုတ်ဘူး။ သို့သော် NLD အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့မရရင်တောင်မှ တကယ်ကို ဖယ်ဒရယ်စနစ်ကို လိုချင်တဲ့ပါတီ ဖြစ်တယ်ဆိုတဲ့ဟာမျိုးကိုတော့ တိုင်းရင်းသားတွေခေါင်းထဲမှာတော့ ဝင်သွားနိုင်တာပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ ပြောင်းပြန်တွေလုပ်နေတဲ့အခါကြတော့ အပြောတမျိုး၊ အလုပ်တမျိုး လုပ်သလားဆိုတဲ့ မယုံကြည်မှုက ပိုလာနိုင်တာပေါ့။ အဲဒီတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဆိုလို့ရှိရင်လဲ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ အစိုးရအပေါ် ယုံကြည်မှုက လျော့သထက် လျော့သွားနိုင်တာပေါ့။

XS
SM
MD
LG