သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စေတနာ အထမမြောက်တဲ့ လွတ်ငြိမ်းသက်သာခွင့်


တိုက်ရိုက် လင့်ခ်

ပြီးခဲ့တဲ့ လွတ်ငြိမ်းသက်သာခွင့်ဟာ နိုင်ငံတော်သမ္မတ က စေတနာရည်ရွယ်ချက်ကောင်းနဲ့ ထုတ်ပြန်ကျေညာခဲ့တာ ဖြစ်ပေမယ့် မလိုလားအပ်တဲ့ အကျိုးဆက်တွေဖြစ်ပွါးခဲ့တာဟာ ဘာကြောင့်ပါလဲ၊ စေတနာမှန်ပေမယ့် လုပ်နည်းလုပ်ဟန်တချို့ မှားယွင်းခဲ့တယ်လို့ နှစ် (၂၀) နီးပါးထောင်ထဲမှာ နေခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း လက်ရှိလူအခွင့်အရေး ရှေ့နေကြီး ဦးသိန်းသန်းဦး က ပြောဆိုပါတယ်။ အသေးစိတ်ကို ဦးသိန်းသန်းဦးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ နိုင်ငံတော်သမ္မတ မေလ (၇) ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထဲမှာ ဖော်ပြထားတဲ့ စေတနာတွေ၊ ရည်ရွယ်ချက်တွေဟာ အင်မတန်ကောင်းပါတယ်။ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေဖို့အတွက်၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ချောမောအောင်မြင်ဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အထောက်အကူပြုဖို့ စသဖြင့် အဲဒီလို ရည်ရွယ်ချက်ကောင်းတွေနဲ့ လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးကြားတဲ့ သတင်းတွေကတော့ သတင်းဆိုးတွေ ဖြစ်နေတော့ ဒီရည်ရွယ်ချက်တွေ ပေါက်ခဲ့ပါရဲ့လားဆိုတာကို သုံးသပ်ပေးပါ။

ဖြေ ။ ။ သမ္မတရဲ့ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်။ ထောင်တွေမှာလဲ လူတွေက မဆန့်တော့ဘူး။ ဒီလိုတွေ ဖြစ်နေတဲ့အနေအထားမှာ အဘက်ဘက်ကတွက်ပြီး လုပ်လိုက်တာပေါ့။ ဒါပေမဲ့ နောက်ဆက်တွဲ ဖြစ်လာတာကတော့ သမ္မတရည်ရွယ်ချက်နဲ့ သိပ်မကိုက်ဘူး ဖြစ်တာပေါ့။ လူတွေက ဟိုလူလွှတ်ရင် ငါလည်းလွှတ်ရမယ်ပေါ့။ ဒါက တကယ်တော့ သူတို့က ပြစ်ဒဏ်ကျထားတဲ့ လူတွေ။ တရားရုံးက မဟုတ်ဘဲနဲ့ သမ္မတက သူ့အာဏာကို ကျင့်သုံးပြီးတော့ လွှတ်ပေးတာ။ သူလွှတ်ပေးရင်ရတာ၊ ရပိုင်ခွင့် မဟုတ်ပါဘူး။ အဲဒါအပြင် ကျနော်ထင်တာ တကယ်လွှတ်ပေးချင်တာ နိုင်ငံရေးအကျဉ်းသားတွေကို ထိပ်ဆုံးက လွှတ်ပေးသင့်တယ်။ မတရား တရားစွဲခံထားရတဲ့ အမှုတွေ ရှိပါတယ်။ နိုင်ငံရေးနွယ်တဲ့အမှုတွေ၊ ဒါတွေကို ပိုးဆိုးပက်စက် ချထားတဲ့အမှုတွေ ဒါမျိုးတွေကို ထိပ်ဆုံးက လွှတ်ပေးသင့်တယ်။ အခုဟာက လွတ်ခံနီးနေသူတွေ၊ အကြောင်းကြောင်းကြောင့် နာမည်ထွက်တဲ့လူတွေကို လွှတ်ပေးလိုက်တာဆိုတော့ စေတနာကကောင်းတယ်။ ဒါပေမဲ့ သက်ရောက်မှုကတော့ အကုန်မကောင်းဘူး။ လူလေးယောက်တောင် သေသွားတယ်ဆိုတဲ့ အနေအထားမျိုးတွေ ရောက်သွားတာတော့ လွှတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခါမှာ ချတဲ့မူအရ မှားတဲ့အချက်တွေ ပါနေတယ်လို့ အဲဒီလိုပဲ ပြောချင်ပါတယ်။

မေး ။ ။ ဆိုတော့ လွှတ်သင့်တဲ့လူတွေကို လွှတ်တဲ့ကိစ္စမှာ အခု Reuters သတင်းထောက် ဝလုံး နဲ့ ကျော်စိုးဦးတို့ကို လွှတ်တယ်ဆိုတဲ့ အချက်ကတော့ နိုင်ငံတကာကလည်း အတော်ကြိုဆိုနေကြတာ တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ အမှတ်ပေးရမှာပေါ့။

ဖြေ ။ ။ ပေးသင့်ပါတယ်။ ဒါပေမဲ့ တခုတော့ရှိတယ် ပေးသင့်တယ်ဆိုတာတောင်မှ ဝလုံးတို့က နဂိုကတည်းက အပြစ်မရှိပါဘူး။ ဘယ်နိုင်ငံတော် လျှို့ဝှက်ချက်ကိုမှ ဖောက်ဖျက်တာ မဟုတ်ဘူး။ သူတို့က ရရှိတဲ့သတင်း Access to Information အဲဒါကို လိုက်တာ။ သတင်းက ရာဇဝတ်မှုကြီးတခုကို ဖော်တော့မှာမို့ ဒီလူတွေကို လုပ်ကြံပြီး အပြစ်ပေးလိုက်တာလို့ ကျနော်ယူဆတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေအနေမှာ ဝလုံးတို့ကို ပြန်လွှတ်ပေးတာကိုတော့ ကျနော်တို့ ကြိုဆိုပါတယ်။

မေး ။ ။ ဒါပေမဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေ ကျေနပ်လောက်တဲ့ အတိုင်းအတာအထိ ပါလာတယ်လို့ မြင်ပါသလား။ လွှတ်သင့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျန်ခဲ့တယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ကျန်ပါတယ်။ အများကြီး ကျန်ပါတယ်။ တချို့ဆိုရင် ဘယ်လိုမှ မဖြစ်သင့်တဲ့ အမှုမျိုးနဲ့လူတွေ ကျန်နေတယ်။ ဥပမာပြောရမယ်ဆိုရင် မြစ်ကြီးနားမှာ ကျနော်လိုက်ခဲ့တဲ့ ၁၂၂၁ နိုင်ငံတော်သစ္စာဖောက်ဖျက်၊ ပုန်ကန်မှုမှာ ယောကျ်ားကို မမီလို့ ဖြူဖြူဝင်းဆိုတဲ့ အမျိုးသမီးလေးကို ဖမ်းပြီးထားတာ - ဒါမျိုးတွေဆို အတော်ရုပ်ပျက်ဆင်းပျက်နိုင်တယ်။ ဒါမျိုးတွေတော့ လွှတ်မပေးဘူး။ နောက် ကျန်တဲ့နိုင်ငံရေးအကျဉ်းသားတွေလည်း မပါသလောက်ပါဘဲ၊ ကျနော်ကတော့ အဲဒီလိုပဲတွေ့တယ်။

မေး ။ ။ နောက်တခုမေးချင်တာက နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုပြီး တချိန်လုံး အာဏာပိုင်အဆက်ဆက်က ငြင်းဆန်ခဲ့ပါတယ်။ အခုအစိုးရကရော နိုင်ငံရေးအကျဉ်းသားတွေလို့ သူတို့ကို အသိအမှတ်ပြုပါသလား။ ဒီမိုကရေစီကို သွားနေတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားဆိုတာကို ထားသေးသလား။ အဲဒီနှစ်ခု ဆန့်ကျင်ဘက် ဖြစ်နေသလားဆိုတာကို ဥပဒေရှုထောင့်ကို ဘယ်လိုသုံးသပ်နိုင်ပါလဲ။

ဖြေ ။ ။ ကျနော်ကတော့ နိုင်ငံရေးအကျဉ်းသားကို ဒီအစိုးရ အသိအမှတ်ပြုသင့်တယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ ဒေါက်တာအေးမောင်တို့ကိစ္စမှာ NLD က ပြောရေးဆိုခွင့်ရှိသူ ပြောတဲ့စကားကိုတော့ ကျနော်တို့ သဘောမတူပါဘူး။ ကျနော်တို့ကို တသက်လုံး နိုင်ငံရေးအကျဉ်းသားတွေအဖြစ် အသိအမှတ်မပြုခံရဘူး။ စစ်အာဏာရှင်လက်အောက်တလျှောက်လုံး။ နိုင်ငံရေးအရ သဘောထားကွဲလွဲသူတွေ ရှိတယ်။ ပုဒ်မတွေအရလည်း ရှိခဲ့တော့ ဥပဒေရှုထောင့်က ပြောရင်တော့ ဥပဒေ ပိုစိုးမိုးသင့်တာပေါ့။ (၁၇)(တစ်) ကို နိုင်ငံရေးအကျဉ်းသားလို့ မပြောရင် ဘယ်လိုပြောမလဲ။ ၁၂၂ က နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကို နိုင်ငံရေးအကျဉ်းသားလို့ မပြောရင် ဘယ်လိုပြောမလဲ။ နိုင်ငံရေးအရ သဘောထားကွဲလွဲလို့ နိုင်ငံရေးအရ လုပ်ကိုင်ဆောင်ရွက်လို့ အကျဉ်းကျတာကို နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုရမယ်။

မေး ။ ။ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ မလွှတ်ဘဲနဲ့ ပြစ်မှုကျူးလွန်တဲ့ ရာဇဝတ်သားတွေကို လွှတ်တယ်ဆိုတာ တချို့ကတော့ ဟိုတုန်းကလဲ ထောင်ခါတယ် ဘာညာပြောကြတယ်။ လူဆိုးလူပေတွေ အရပ်ထဲပိုရောက်လာမယ်။ တလောကပဲ လွှတ်ငြိမ်းချမ်းသာခွင့် ပေးပြီးတဲ့နောက်တနေ့မှာပဲ ချက်ချင်းပြစ်မှုကျူးလွန်တဲ့ သတင်းတခုလည်း ကြားလိုက်ရပါသေးတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ကော ကြိုဆိုသင့်ပါလား။ ရာဇဝတ်သားတွေကို ထောင်ခါသလို လွှတ်လိုက်တဲ့ သူတို့ကို အလုံအလောက် ပြုပြင်လိုက်ပြီးမှ လွှတ်တာလား။ သို့တည်းမဟုတ် လူ့အဖွဲ့အစည်းမှာ သူတို့စရိုက်အတိုင်း ဆက်ပြီးတော့ ဆိုးသွမ်းနေနိုင်သေးလား။ ဘယ်လို သုံးသပ်လိုပါလဲ။

ဖြေ ။ ။ အဲဒါကတော့ မြန်မာပြည် အကျဉ်းထောင်သတင်းဟာ ဘယ်လိုမှကောင်းလာစရာ မရှိပါဘူး။ ကျနော်တို့ နှစ်ပေါင်းများစွာ (၁၇) နှစ်လောက် နေခဲ့ရတယ်။ မြန်မာပြည်အကျဉ်းထောင်တွေက အင်မတန်အကြံစုတ်ပဲ့တဲ့ စက်ရုံကြီး တခုပါ။ သူခိုးကို ဓါးပြဖြစ်အောင်။ ဓါးပြကို သူပုန်ဖြစ်အောင် လုပ်ပေးတဲ့နေရာ။ အဲဒီတော့ ထောင်ထဲကနေ အကျင့်စာရိတ္တကောင်းမှ လွှတ်မယ်ဆိုရင်တော့ လွတ်စရာမရှိဘူး။ ဒါပေမဲ့ သမ္မတကြီးရဲ့ ရည်ရွယ်ချက်ကတော့ တချို့ကိစ္စတွေမှာ ဥပမာ … မှာ ဆေးပြားတပြားနဲ့ ထောင် (၁၅) နှစ်ကျခံရတဲ့ လူမျိုးတွေ။ ဒါမျိုးတွေကို ငဲ့ညှာပြီးတော့ ထောင်ခါလိုက်တဲ့ သဘောတော့ မဟုတ်ဘူး။ ပုဒ်မအလိုက် အဲဒီလို လူဆိုးသူခိုးတွေ ပါသွားမှာကြောက်လို့ ပုဒ်မအလိုက်၊ ဖြစ်စဉ်တခုချင်းအလိုက် မူးယစ် (၁၅-၁၆) ရှေ့မှာ ဒါမျိုးတွေကို စနစ်တကျလုပ်လိုက်တာ။ သမ္မတက ရှေ့နေဖြစ်တယ်။ သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာ ရဲသတ်လို့သေခဲ့သူက နှစ်ခါသေဒဏ်ကျခံထားသူ။ အဲဒီလိုအဆင့်မျိုးတော့ မဟုတ်ဘူး။ လွှတ်ပေးတဲ့အတိုင်းမှာ အနေအထားတခုရှိပြီးတော့ ထောင်ကျပ်တာလည်းပါတယ်။ ဘတ်ဂျက်တွေလည်းကုန်။ ထောင်တွေမှာ အခြေအနေတွေက အတော်ဆိုးနေတော့ အဲဒီအချက်ကို ငဲ့ကွက်ခဲ့တာလည်း ပါခဲ့မယ်။ သို့ရာတွင် စည်းမဲ့ကမ်းမဲ့ ပျောက်သောက် အရင်အစိုးရလုပ်ခဲ့သလို လူဆိုးတွေပဲ ရွေးလွှတ်တာ မဟုတ်ပါဘူး။ အနေအထားရယ်၊ ဖြစ်တဲ့ပုဒ်မရယ်၊ ဖြစ်စဉ်ပေါ်မှာ ရွေးပြီးတော့ လွှတ်တယ်လို့ ယူဆတယ်။

မေး ။ ။ တချို့က အမှုကြီးပြီးတော့ ဥပမာ ရောင်းဝယ်ဖောက်ကားမှုကိစ္စနဲ့ အဖမ်းခံရတဲ့လူ လွတ်လာပြီးတော့ နှစ်ပြားတစ်ပြားသယ်ယူပေးတဲ့လူတွေက ကျန်ခဲ့သေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ကြားရပါတယ်။ အဲဒါကော မှန်ပါသလား။

ဖြေ ။ ။ ကျနော်တို့တော့ အဲဒီလို မသိဘူး။ ကျနော်သိတဲ့ ဖြစ်စဉ်တခုကတော့ ပုဒ်မ (၁၆) မူးယစ် - သူ့ခန္ဓာကိုယ်ပေါ် တွေ့တယ်ဆိုပြီးတော့ သူကိုဖမ်းလိုက်တယ်။ ဆေးပြားမများဘူး - နှစ်ပြား၊ သုံးပြား - သူနဲ့အတူတူပါတဲ့ သူငယ်ချင်းပါမယ်။ သူကိုတော့ အားပေးကူညီမှုဆိုပြီး မျဉ်းစောင်း ၂၁ နဲ့ ဖမ်းတယ်။ ဆေးပြားမိတဲ့လူက လွတ်သွားပြီးတော့ မျဉ်းစောင်း ၂၁ နဲ့ အဖမ်းခံရတဲ့လူက သူငယ်ချင်းက ကျန်ခဲ့တယ်။ ဒါမျိုးတွေတော့ ရှိတယ်။ အဲဒါတော့ မူချပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်မှရမယ်။ အဲဒီလို လုပ်ဟန်ချို့ယွင်းချက်တွေတော့ ရှိတယ်လို့ ကျနော်ထင်တယ်။

မေး ။ ။ နောက်တချို့နိုင်ငံတွေမှာ Crime Rate ကျဆင်းသွားအောင် ပြစ်မှုကျူးလွန်တဲ့ အရေအတွက်ကျဆင်းအောင်ဆိုပြီး ဥပမာ ဥရောပနိုင်ငံတချို့မှာဆို ဆေးခြောက်ကိစ္စတွေ ဘာတွေဆို ပြစ်ဒဏ်လို့ မသတ်မှတ်တော့ဘူးဆိုပြီး လျှော့ပေါ့ပေးလိုက်တာတွေ ရှိတယ်။ မြန်မာနိုင်ငံမှာကော အဲဒီလိုလုပ်ရင် ဆရာစောစောကပြောတဲ့ ထောင်ထဲမှာ ဖမ်းဆီးထားတဲ့လူတွေများတဲ့စာရင်း ကျဆင်းသွားတဲ့အနေအထား ရှိပါလား။ အဲဒီလုပ်ရပ်ကို ဘယ်လိုမြင်ပါလဲ။ သုံးသပ်လိုပါလဲ။

ဖြေ ။ ။ မူးယစ်ဆေးဝါးပြဿနာက မြန်မာပြည်မှာ အရေးကြီးဆုံးပြဿနာပါ။ အခုအချိန်အထိ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ အကျဉ်းသားတွေက မူးယစ်ဆေးဝါးအကျဉ်းသားက အများဆုံးပါ။ ဒါပေမဲ့ မူးယစ်ဆေးဝါးအကျဉ်းသားဆိုတဲ့နေရာမှာ စနစ်တကျတော့ ဥပဒေတွေကိုပြင်ဖို့ လိုတယ်။ ပြင်ဖို့လဲ ကြိုးတော့ကြိုးစားနေတယ်။ အခုနလို တပြားနှစ်ပြားနဲ့ ကျတဲ့လူကလည်း ဒီနှစ်ပဲ။ နောက်တခါ တန်နဲ့ချီလုပ်တဲ့လူကလည်း ဒီနှစ်ပဲ။ နောက်လက်ဝယ်ရှိတဲ့လူ - ထောင်သုံးသပ်ချက်တွေက ကွဲလွဲနေနေတာကို တွေ့ရတယ်။ အဲဒီလို ဥပဒေချို့ယွင်းချက်တွေရှိတော့ တချို့ဟာတွေကိုလည်း လျှော့ပေါ့ပေးသင့်တယ်။ မူးယစ်ဆေးဝါးဆိုပြီး အကုန်ထည့်ထားတာ မဟုတ်ဘဲနဲ့ အခြားတဘက်မှာလဲ တိကျတဲ့ ဥပဒေပြဌာန်းချက်တွေကို သေချာလုပ်ဖို့ လိုမယ်လို့ ကျနော်ထင်တယ်။

မေး ။ ။ ကိစ္စတွေမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ကားကြီးတွေနဲ့မိတယ် ဘာညာဆိုပြီး သတင်းတွေလည်း ကြားရပါတယ်။ ရန်ကုန်မြို့ထဲမှာ - ဒါပေမဲ့ နောက်ပိုင်းမှာ တရားခံမိတယ်ဆိုတာလဲ မကြားဘူးဆိုတော့ ဒီလိုကိစ္စတွေကော အာဏာပိုင်တွေ၊ သြဇာအာဏာအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့လူလို့ ဆိုကြပါစို့ - အဲဒီလူတွေ ဖြစ်ကြမှာပေါ့ - သူတို့လုပ်ရပ်က မမိဘူးဆိုတော့။ အဲဒီကိစ္စတွေက တော်တော်များများ ရှိနေသေးလား။ အဲဒီအမှုကြီးတွေကို မိနိုင်မယ့်အလားအလာကော မြင်မိပါလား။

ဖြေ ။ ။ အရင်ထက်စာရင်တော့ မူးယစ်ဆေးဝါးမိတာ၊ ကျန်တဲ့ရာဇဝတ်မှုတွေ နှိမ်းနှင်းတာတော့ ပိုတော့သွက်လက်လာ၊ အင်အားကောင်းလာတာတော့ တွေ့ရတယ်။ ဒါပေမဲ့ ကျနော်တို့ ယိုးပေါက်တွေကတော့ အများကြီးပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာလည်း ရဲအင်အားမလုံလောက်တာ။ လက်နက်အင်အားမလုံလောက်တာ။ အရည်အချင်းမပြည့်မီတာ - ဒီလိုအချက်တွေက အများကြီးပါ။ ရာစုနှစ်တဝက်လောက် မဆလစစ်အာဏာရှင်စနစ် - ၁၉၆၂ ခုနှစ်ကစဖြစ်လိုက်တာ ပျက်ဆီးလာပြီး လာဘ်ပေးလာဘ်ယူကို တနိုင်ငံလုံးကို သမုဒ္ဒရာရေကြီး လွှမ်းသွားလိုက်တာ တိုတောင်းတဲ့အချိန်အတွင်းမှာ လုပ်ဖို့တော့ မလွယ်ဘူး။ တကယ်တော့ ကျနော်တို့က လူထုလှုပ်ရှားမှုကြီးနဲ့ အမျိုးသားရေးလှုပ်ရှားမှုကြီးနဲ့လုပ်မှ ရမယ့်အနေအထားမျိုး ဖြစ်သွားတော့ အဲဒီလိုဟာမျိုးတွေကတော့ ရှိနေအုံးမှာပါ။

မေး ။ ။ အဲဒီတော့ မူးယစ်ဆေးဝါးအမှုကြီးတွေ အင်မတန်ကြီးလေးတဲ့ အမှုကြီးတွေဟာ လာဘ်ပေးလာဘ်ယူမှုကြောင့် လုပ်နေသေးတဲ့ဆိုတဲ့ အခြေအနေလဲ ရှိနိုင်သေးတာပေါ့။

ဖြေ ။ ။ ရှိနိုင်ပါတယ်။

မေး ။ ။ နောက်တခုက အခုအကျဉ်းထောင်တွေ ဆူပူတာတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတရုံးက နောက်ဆုံးမေလ (၉) ရက်နေ့ ထုတ်ပြန်ချက်ထဲမှာတော့ အကျဉ်းထောင်တွေက တခုနဲ့တခု တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ဆူပူတယ်ဆိုတာကို တွေ့ခဲ့ရတဲ့အတွက်ကြောင့် ဒီအကျဉ်းထောင်ဆူပူမှုတွေက ချိတ်ဆက်မှုတွေများ၊ သွေးထိုးလှုံဆော်မှုတွေများ ရှိနေပြီလို့ သုံးသပ်ထားပါတယ်။ အဲဒါကော ဘယ်လောက် ဖြစ်နိုင်ပါလဲ။

ဖြေ ။ ။ ဖြစ်နိုင်ချေရှိပါတယ်။ ကျနော်က ထောင်ထဲမှာ (၁၇) နှစ်လောက် နေလာတာ။ (၇၇) ဒီဇင်ဘာ (၂၀) ကစပြီး အကြိမ်ကြိမ်ထောင်ထမှုတွေ ကျနော်တို့လုပ်ခဲ့တာ ဆန္ဒပြမှုတွေလုပ်ခဲ့တယ်။ ပိုဆိုးပက်စက် နှိမ်နှင်းတယ်။ တော်ရုံတဖြစ်နဲ့ မလုပ်နိုင်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေကတော့ ယုံကြည်ချက်အရ အသေခံလုပ်တာ။ ဒါမျိုးတွေကို တဘက်နဲ့တဘက် ချိတ်ဆက်မှုကိစ္စက အတော်ခက်တဲ့ကိစ္စ။ ကျနော်တို့ ဆန္ဒပြလို့၊ သပိတ်မှောက်ဖို့ ထောင်သပိတ်မှာ အကျဉ်းသားအခွင့်အရေးအတွက် လုပ်မယ်ဆိုရင် တဘက်နဲ့တဘက် ဆက်သွယ်ဖို့၊ တတိုက်နဲ့တတိုက် မျက်နှာချင်းဆိုင်တောင် ဆက်သွယ်ဖို့ အတော်ခက်တယ်။ တထောင်နဲ့တထောင် ချိန်းကိုက်ပြီးတော့ လုပ်တယ်ဆိုတာတော့ ကျနော်ထင်တယ် - ဘယ်သူဘယ်ဝါလို့ ပြောတာထက် လုပ်နိုင်တဲ့ အထောက်အကူပြု နည်းလမ်းတွေတော့ ရှိနေပြီလို ပြောနေပြီလို့ ကျနော်တို့ ပြောရမှာပါ။

မေး ။ ။ အကျဉ်းသားတွေအချင်းချင်း သူတို့လွတ်မြောက်ရေးအတွက် ညှိပြီးလုပ်တယ်ဆိုတာလို့ ခပ်ပေါ့ပေါ့တွေးလို့ရပေမယ့် ဒါက အစိုးရရဲ့ အပြုသဘောလုပ်ဆောင်မှုတွေကို မှောက်မှောက်မှားမှားဖြစ်အောင် တမင်တကာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တယ်လို့များ ယူဆလို့ရပါလား။

ဖြေ ။ ။ ယူဆနိုင်ဖွယ်ရှိတယ်။ ယူဆစရာအကြောင်းအချက်လေး ရှိတယ်။ အခုနက ကျနော်ပြောတဲ့ အချက်တွေက တတိုက်နဲ့တတိုက် ဆက်သွယ်လို့မရအောင် အင်မတန်ခဲယဉ်းတဲ့ အခြေအနေမျိုးမှာ တထောင်နဲ့တထောင် တယ်လီဖုန်းနဲ့ ဆက်ပြီးတော့ အချိတ်အဆက်လုပ်နိုင်တယ်ဆိုတာ တော့ရုံအခြေအနေနဲ့ မဖြစ်နိုင်တဲ့အတွက် နိုင်ငံတော်အစိုးရရဲ့ ကောင်းမြတ်တဲ့လုပ်ရပ်ကို အသရေပျက်စေချင်တဲ့လူတွေ၊ ထောင်ဆူချင်တဲ့လူတွေလည်း ရှိနိုင်တယ်လို့ ကျနော်တို့ ယူဆစရာရှိပါတယ်။

မေး ။ ။ နောက်ဆုံးမေးချင်တာကတော့ အခုဖြစ်ရပ်ကနေ သင်ခန်းစာ ဘာယူသင့်သလဲ။ အဲဒီသင်ခန်းစာအတိုင်း နောင်ကိုပြုပြင်လိမ့်မယ်လို့ မျှော်လင့်ပါသလား။

ဖြေ ။ ။ ကျနော်တော့ မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက လူထုအစိုးရဖြစ်တယ်။ သမ္မတက ရှေ့နေဖြစ်တော့ ဥပဒေ နားလည်တယ်။ ပြင်နိုင်မယ်လို့ထင်တယ်။ ဒါကိုသင်ခန်းစာယူနိုင်လိမ့်မယ်လို့ထင်တယ်။

XS
SM
MD
LG