ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံံ့ဖြိုးရေးပါတီတွင်း အင်အားပြဗိုလ်လုခဲ့ကြတာဟာ ပုဂ္ဂိုလ်ရေး တိုက်ပွဲလား။ ဒါမှမဟုတ် သဘောထားတင်းမာတဲ့ အုပ်စုနဲ့ ဒီမိုကရေစီလိုလားတဲ့ အုပ်စုတို့ရဲ့ ပြိုင်ပွဲလား။ တိုင်းပြည်အပေါ် ဘယ်လို အကျိုးလက်ရောက်နိုင်မလဲဆိုတာ မြန်မာသတင်းသမဂ္ဂဥက္ကဋ္ဌ ဦးမောင်မောင်မြင့်၊ California ပြည်နယ် UC Berkeley တက္ကလိုလ် က ပါရဂူကျမ်းပြု သုတေသီ ကိုမင်းဇင်တို့နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အာဏာလုပွဲ ဆိုကြပါစို့။ ဒီကိစ္စကို နိုင်ငံတကာ မီဒီယာတချို့က သဘောထားတင်းမာတဲ့ အုပ်စုနဲ့ ဒီမိုကရေစီ လိုလားတဲ့အုပ်စုအကြား အင်အားပြိုင်ပွဲဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ဒီအမြင်ကို ဦးမောင်မောင်မြင့် ဘယ်လို မြင်ပါလဲ။
ဦးမောင်မောင်မြင့် ။ ။ ယေဘုယျ ပြောမယ်ဆိုရင်တော့ ဦးသိန်းစိန်နဲ့ တပ်မတော်ခေါင်းဆောင်ကြီးတွေက သဘောထား တင်းမာတဲ့ဘက်လို့ ဆိုနိုင်ပြီးတော့ လွှတ်တော်ထဲကို ရောက်နေတဲ့ ဦးရွှေမန်းတို့က သဘောထား ပျော့ပျောင်းတဲ့ဘက်လို့ ပြောလို့ရပါတယ်။ သို့သော် ဦးရွှေမန်းရဲ့ နောက်ကြောင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ သူကို အမှန်တကယ် ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့၊ ဒီမိုကရေစီ လိုလားတဲ့ ပုဂ္ဂိုလ်လို့ ပြောဖို့တော့ နည်းနည်းခက်မယ်လို့ ကျနော် ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုမင်းဇင်ရဲ့ သဘောထားကိုလည်း သိချင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့။
ကိုမင်းဇင် ။ ။ ဦးသိန်းစိန်ကော၊ ဦးရွှေမန်း နှစ်ယောက်စလုံးက ဘယ်သူကတော့ သဘောထား တင်းမာတယ်။ ဘယ်သူကတော့ သဘောထား ပျော့ပျောင်းတယ်လို့ ပြောရခက်ပါတယ်။ အကန့်အသတ်တခုအထိတော့ နှစ်ယောက်စလုံးကို ပြုပြင်ပြောင်းလဲရေးကို လုပ်ခဲ့ကြပါတယ်။ ဦးသိန်းစိန်ကလည်း အုပ်ချုပ်ရေးအာဏာကို သုံးပြီးတော့ ပြုပြင်ပြောင်းလဲရေးကို လုပ်ခဲ့တယ်။ ဦးရွှေမန်းကလည်း လွှတ်တော်ကို အကြောင်းပြုပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တာ ရှိပါတယ်။ ဘာကြောင့်လုပ်လဲဆိုတဲ့ အရင်းခံအကြောင်းရင်ကတော့ သတ်သတ်ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သေချာတာကတော့ ဒါဟာ တင်းမာသူ၊ ပျော့ပျောင်းသူ ပဋိပက္ခ စာလို့ရှိရင် နိုင်ငံရေး ရည်မှန်းချက်ကြီးတဲ့ ပုဂ္ဂိုလ်နှစ်ယောက်ရဲ့ ထိပ်တိုက်တွေ့မှု ဖြစ်တယ်။ ဒီထိပ်တိုက်တွေ့မှုမှာ စစ်တပ်က ဦးသိန်းစိန်ဘက်က ရပ်တည်တယ်။ ဒါကြောင့်မို့ ဦးသိန်းစိန်က အနိုင်ရတယ်လို့ ကျနော် သုံးသပ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ တချို့ကတော့ ဦးသိန်းစိန်က ဒီဟာကို စတင်ပြီးတော့ လုပ်တဲ့လူ Initiative ယူတဲ့လူ မဟုတ်ဘဲနဲ့ ဟိုနောက်ကွယ်မှာရှိနေတဲ့ ဦးသန်းရွှေရဲ့ သဘောတူညီမှုနဲ့ စစ်တပ်က ဒါကိုပြန်ပြီး ထိန်းချင်တယ်။ ဦးရွှေမန်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သိပ်ရင်းနှီးတဲ့ကိစ္စ။ ဖွဲ့စည်းပုံပြင်ဆင်ရေးကို သူ ထောက်ခံတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီဟာကို ဖြုတ်ချင်လို့ စစ်တပ် သို့တည်းမဟုတ် ဦးသန်းရွှေတို့က စတင်တယ်လို့ သုံးသပ်ကြသူတွေ ရှိပါတယ်။ တိုက်ဆိုင်မှုတခုက စစ်တပ်က ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေ (၃) ပုံ (၂) ပုံကို ဦးရွှေမန်းတို့က လွှတ်တော်ကိုယ်စားလှယ်အဖြစ် လက်မခံဘဲ ပယ်ချခဲ့တဲ့ကိစ္စတွေကို ထောက်ပြပြီးတော့ ပြောကြပါတယ်။ အဲဒီတော့ ဒီကိစ္စမှာ စတင်တာဟာ ဦးသိန်းစိန် မဟုတ်ဘူး၊ စစ်တပ်တို့ ဦးသန်းရွှေတို့သာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ကိုမင်းဇင် အဲဒါကို ဘယ်လို စဉ်းစားပါလဲ။
ကိုမင်းဇင် ။ ။ ကျနော် နားလည်သလောက်ကတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေကနေ ကြံ့ခိုင်ရေးပါတီကို စစ်တပ်နဲ့တွဲပြီးတော့ နှစ် (၅၀) လောက် ဆက်ပြီးတော့ အုပ်ချုပ်စေချင်တယ် သဘောမျိုးကတော့ သူတို့ အစောပိုင်းကတည်းက ရှိပါတယ်။ ဒါပေမဲ့လဲ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ မဟာစီမံချက်ဟာ ဦးသိန်းစိန် နဲ့ ဦးရွှေမန်းရဲ့ ပြိုင်ဆိုင်မှုတွေကြောင့် ပျက်ပြားသွားရတယ်လို့ တပ်မတော်ထဲနဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကိုယ်တိုင် အဲဒီလို ယူဆတယ်လို့ သုတေသနလုပ်ချက်တွေ လေ့လာခဲ့မိတာ ရှိပါတယ်။ ဒါကြောင့်မို့ ဒီကိစ္စမှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေကနေ သူ ပြုစုပျိုထောင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ ဒီလိုပြိုကွဲပြီးတော့ တပ်ကိုပဲပြန်အားကိုးပြီးတော့ တက်ကျမ်းတက်ရတာထက်၊ ကြံ့ခိုင်ရေးပါတီကို ပြန်ပြီးတော့ အဖတ်ဆယ်ပြီးတော့ လိုချင်သလို ပုံပြန်သွင်းပြီးတော့ - ကွန်ပြူတာစကားနဲ့ ပြောမယ်ဆိုရင်တော့ software update ပြန်လုပ်တာပေါ့။ ကြံ့ခိုင်ရေးပါတီကို နဂိုပုံစံအတိုင်းပြန်သွားပြီးတော့ သူတို့နှစ်သက်တဲ့လူတွေနဲ့ ပြန်ပြီးတော့ ဖွဲ့စည်းပြီးတော့ အသွင်ကူးပြောင်းရေးကို ဒီထက်ပိုပြီးတော့ တပ်ဖက်က လက်နိုင်ခြေနိုင် ဖြစ်တဲ့ပုံစံမျိုးနဲ့ သွားချင်တဲ့သဘောနဲ့ လုပ်တယ်လို့ သုံးသပ်မယ်ဆိုရင်လဲ မမှားနိုင်လောက်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က သူ့ရဲ့ စီစဉ်ချက်အရ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းကို တာဝန်အသီးသီး ခွဲအပ်ထားတယ်ဆိုတာ သူ ခွဲခဲ့တဲ့ပုံစံက အစကတည်းက သူတို့နှစ်ယောက်ကို တယောက်နဲ့တယောက် မကျေနပ်စရာ Check and Balance လုပ်ပြီး တိုက်ထားတဲ့ ပုံစံ ဖြစ်နေတာလဲ တွေ့ရမယ်လို့ ထင်ပါတယ်။ ဒီကိစ္စကို ကိုမောင်မြင့် ဘယ်လို မြင်ပါလဲ။
ဦးမောင်မောင်မြင့် ။ ။ ဟုတ်ပါတယ်။ အဲဒီသဘော ရှိတယ်လို့ ကျနော် မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကနေ အစိုးရနဲ့ လွှတ်တော်ဆိုတဲ့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းဟာ တကယ်တမ်း ပြောမယ်ဆိုရင် အရင်တုန်းက သူ့လက်ထဲမှာ စုနေတဲ့ အာဏာကို ဦးသိန်းစိန် နဲ့ ဦးရွှေမန်း - လွှတ်တော် နဲ့ အစိုးရဆိုပြီး ခွဲလိုက်တဲ့ သဘောရှိပါတယ်။ သို့သော် သူ ခွဲတဲ့နေရာမှာ အရင်တုန်းက နအဖ အစိုးရလက်ထက်မှာ နံပတ် (၃) အဆင့်ရှိတဲ့ ရွှေမန်းကို အုပ်ချုပ်ရေးပိုင်းကို မပို့ဘဲနဲ့ လွှတ်တော်ဘက်ကို ပို့တယ်။ ပိုပြီး အာဏာရှိတဲ့၊ ပိုပြီး လုပ်ပိုင်ခွင့်ရှိတဲ့ နေရာကိုကြတော့ အရင် နအဖ လက်ထက်မှာ (၄) သို့ဟုတ် (၅) မှာရှိတဲ့ ဦးသိန်းစိန်ကို ပေးလိုက်တယ်။ ပေးလိုက်တယ်ဆိုကတည်းက သူတို့အချင်းချင်း ပုဂ္ဂိုလ်ရေး မကျေနပ်မှုတွေ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ အဲဒီအတွက်ကြောင့် ဦးရွှေမန်းဟာ အစောပိုင်းတုန်းက ဦးသိန်းစိန် သဘောထားနဲ့ သိပ်မကွာပေမယ့်လို့ နောက်ပိုင်းကြတော့ ဦးသိန်းစိန်ထက် ပိုပြီးတော့ ပြုပြင်ပြောင်းလဲရေးဘက်ကို ပိုပြီးအားသန်လာတဲ့သဘောမျိုး ပြသလာတာကို တွေ့ရပါတယ်။ ဦးသိန်းစိန် က ဦးရွှေမန်းလောက် မသွားနိုင်တဲ့အခါကြတော့ သူတို့မှာ အချင်းချင်း အာဏာလုပွဲသဘောမျိုးနဲ့ တင်းမာလာတဲ့ သဘောမျိုးဖြစ်မယ်လို့ ကျနော် မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုမင်းဇင် ခင်များ … ဒီနေ့ပဲ Brooking Institute က Fellow တယောက် သုတေသီတယောက်ရေးတဲ့ သုံးသပ်ချက်ကို ကျနော် ဖတ်ရပါတယ်။ သူက ဘာပြောလဲဆိုတော့ ဒါဟာ ပုဂ္ဂိုလ်ရေး အားပြိုင်မှုတွေထက် စစ်တပ်ဟာ တိုင်းပြည်ကို ကာကွယ်ချင်လို့၊ ဒီမိုကရေစီ ရင့်ကျက်လာရင် စစ်တပ်ဟာ နိုင်ငံရေးက နောက်ဆုတ်မယ်ဆိုတာ ဗိုလ်ချုပ်မင်းအောင်လှိုင်က ပြောထားပြီးဖြစ်တယ်။ ဦးရွှေမန်း လုပ်တဲ့ကိစ္စမှာ ဒီမိုကရေစီ မရင့်ကျက်ခင် သိပ်ပြီးလောနေလို့ ဒီလို ထိန်းသိမ်းရတာ ဖြစ်တဲ့သဘောမျိုးနဲ့ သုံးသပ်ပြီးတော့ ရေးထားတာကို တွေ့ရပါတယ်။ ကိုမင်းဇင် ဘယ်လိုများ သဘောရပါလဲ။ ဖတ်ကော ဖတ်မိလား မသိဘူး။
ကိုမင်းဇင် ။ ။ ကျနော် မဖတ်ဖြစ်ပါဘူး။ ဒါပေမဲ့ ယေဘုယျ နိုင်ငံခြားသားပညာရှင်တွေ သုံးသပ်တာတော်တော်များများကို ကြည့်မယ်ဆိုရင် ဒီအခြေအနေကို သူတို့ မှန်မှန်ကန်ကန် နားလည်ဖို့ အင်မတန် ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည် နိုင်ငံရေးမှာက Who who လို့ခေါ်တဲ့ ဘယ်သူက ဘယ်ဝါဆိုတာကို သေချာကြည့်ဖို့တောင်မှ အချိန်ယူရမှာ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေပေါ်မှာ အားပြုတဲ့နိုင်ငံရေး ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီပုဂ္ဂိုလ်တွေနဲ့ တိုက်ရိုက်ဆက်စပ်မှု တစုံတရာ မရှိထားဘူး။ သူတို့အကြောင်းကို သေချာဆက်လက်မတ်တပ်၊ အထူးသဖြင့် ကျနော် မြင်တာက အခု မြန်မာသတင်းစာ၊ ဂျာနယ် မီဒီယာတွေ လွတ်လပ်လာတယ်။ အဲဒါတွေကို သေချာလေ့လာမနေဘူးဆိုရင် တော်တော်ကို သိဖို့ခက်ပါတယ်။ ဒါကြောင့်မို့ ကျနော့်အမြင်က အခုန သုံးသပ်ချက်ကို ကျနော် မဖတ်ရသေးပေမယ့် အဲဒီ သုံးသပ်ချက်ဟာ လက်ရှိဖြစ်နေတာနဲ့ အတော်ကင်းကွာတယ်လို့ ထင်ပါတယ်။ တပ်မတော်အနေနဲ့ တိုင်းပြည်ကို ကာကွယ်ချင်လို့ ဒီလိုမျိုး ပါတီတခုမှာရှိတဲ့ ဖြုတ်ထုတ်သတ်မှာ ဝင်ပါရတယ်ဆိုတာ ယုတ်တိလည်း မရှိပါဘူး။ နောက်တခုက ကျနော် အခုနပြောသလိုပါပဲ ဒီခေါင်းဆောင်တွေဟာ အခုအချိန်မှာ အပြိုင်အဆိုင် သူလည်း ပြုပြင်ပြောင်းလဲရေးသမား။ ငါလည်း ပြုပြင်ပြောင်းလဲရေးသမားလို့ ကိုယ့်ကိုယ်ကို အမွှန်းတင်နေချင်တဲ့ အချိန် ဖြစ်ပါတယ်။ အခြေအနေက ကွာပါတယ်။ အခုန ဦးမောင်မောင်မြင့် ပြောတာကို နားလည်ပါတယ်။ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေဟာ Technocrates လို့ ခေါ်တဲ့ အကြံပေးတွေ၊ ပညာရှင်တွေ၊ နိုင်ငံတကာအကူအညီနဲ့ လုပ်တာဖြစ်ပြီးတော့ ဦးရွှေမန်းကတော့ ဒါကို တန်ပြန်ဖို့အတွက် လွှတ်တော်ထဲမှာ ကျန်တဲ့အင်အားစုတွေနဲ့ အပေးအယူတွေလုပ်၊ နားလည်မှုတွေလုပ်ပြီးတော့ ဆန်ပေးမှ ဆေးရဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ရင်းလုပ်ရင်းနဲ့ ပြုပြင်ပြောင်းလဲရေးကို သယ်သွားတာ ဖြစ်ပါတယ်။ အဲဒီတော့ သူတို့နှစ်ယောက်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ပုံလုပ်နည်းက မတူပါဘူး။ နှစ်ယောက်စလုံးက ဒီစနစ်ကြီးကို ပြောင်းပြစ်လိုက်အောင် ပြုပြင်ပြောင်းလဲရေး လုပ်နေကြတာ မဟုတ်သလို။ နှစ်ယောက်စလုံးကို ပြုပြင်ပြောင်းလဲရေး မလုပ်ဘူးလို့ ပြောရင်လဲ မမှန်နိုင်ပါဘူး။ ဒါကြောင့်မို့ ကျနော့်အထင်ကတော့ နိုင်ငံရေး ရည်မှန်းချက်ကြီးတဲ့လူတွေရဲ့ အားပြိုင်ပွဲ ဖြစ်တယ်။ ဒီအားပြိုင်ပွဲမှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေကနေ ဦးရွှေမန်းကို တော်သင့်ပြီး တန်သင့်ပြီးလို့ ဆုံးဖြတ်တယ်လို့ ဒီလိုအဖြေထွက်တယ်လို့ သုံးသပ်ချင်တယ်။
ဦးကျော်ဇံသာ ။ ။ ဦးမောင်မြင့် သဘောထားကိုလည်း သိချင်ပါတယ်။ စစ်တပ်ဟာ တိုင်းပြည်ကို ကာကွယ်ဖို့ လိုတယ်ဆိုတဲ့ အသိနဲ့ ဒီလိုလုပ်ရတယ်ဆိုတဲ့ကိစ္စ။ တချိန်မှာ သူတို့ဟာ ဒီမိုကရေစီ ရင့်ကျက်သွားရင် နောက်ဆုတ်သွားမှာပဲဆိုတဲ့ ကတိ။ အဲဒီကိစ္စကို ဘယ်လို မြင်ပါလဲ။
ဦးမောင်မောင်မြင့် ။ ။ အဲဒီကိစ္စကတော့ ကျနော်လည်း ကိုမင်းဇင်လိုပါပဲ။ မယုံကြည်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်တပ်ဟာ တိုင်းပြည်ကို ကယ်တင်ချင်ပါတယ်ဆိုတဲ့ ဒီစကားမျိုးသုံးပြီးတော့ ကျနော်တို့အားလုံးကို ဒုက္ခတွင်းထဲကျအောင် လုပ်ခဲ့တာ အကြိမ်ပေါင်း တော်တော်လည်း များနေပါပြီ။ ဒီတခါမှာလဲ တကယ်တမ်း ပြောမယ်ဆိုရင် တိုင်းပြည်အတွက် အင်မတန် အရေးကြီးတဲ့ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိစ္စကို စစ်တပ်က လုံးဝအထိမခံဘဲနဲ့ ဦးသိန်းစိန်ကို ဦးရွှေမန်းက အန်တုတဲ့ကိစ္စ။ တနည်းအားဖြင့်ပြောမယ်ဆိုရင် လွှတ်တော်က အစိုးရကို အန်တုတဲ့ကိစ္စကို ရမယ်ပြုပြီးတော့ လွှတ်တော်ကိုပါ သေးသိမ်သွားအောင် လုပ်တဲ့သဘောကတော့ ကျနော့်အမြင်မှာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေးအတွက် လုံးဝအထောက်အကူ မပြုဘူးလို့ ကျနော် မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဒီမိုကရေစီအရေးနဲ့ ပတ်သက်လို့ အခု သူတို့ ပါတီအတွင်းမှာ အင်အားပြိုင်ဆိုင်မှု၊ ပါတီအတွင်း နိုင်ငံရေးအားဖြင့် ပြိုင်ရမယ့်ဟာ ပါတီအတွင်း ဒီမိုကရေစီ လုံးဝမရှိဘူးဆိုတာတော့ ပေါ်လွှင်တာပေ့ါ။ အဲဒါကြောင့် အင်အားသုံးပြီး လုပ်ခဲ့တယ်ဆိုတော့ ဒီ ပါတီက တိုင်းပြည်ကို ဒီမိုကရေစီ ဖော်ဆောင်ပေးပါမယ်ဆိုပြီး ရွေးကောက်ပွဲလုပ်တော့ ရွေးကောက်ပွဲရလဒ်ကို သူတို့ လိုက်လိုက်လျောလျော သဘောတူ လက်ခံလိမ့်မယ်ဆိုတဲ့ကိစ္စမှာ သံသယရှိစရာ ဖြစ်မလာဘူးလား။
ကိုမင်းဇင် ။ ။ ရွေးကောက်ပွဲရလဒ်ဟာ ဘယ်လို ရလဒ်လဲဆိုတဲ့အပေါ် အများကြီး မူတည်တယ်။ ရွေးကောက်ပွဲမှာ အတိုက်အခံက နိုင်အုံးတော့ အတိုက်အခံက သမ္မတဖြစ်နိုင်ချေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က နှစ်ဆင့်သွားရတဲ့ ဖြစ်စဉ်။ ရွေးကောက်ပွဲနိုင်တိုင်း တောင်ပြိုကမ်းပြို မနိုင်ဘူးဆိုရင်လဲ လွှတ်တော်ထဲမှာ သမ္မတ ရွေးချယ်တဲ့အခါမှာ အတိုက်အခံဘက်က သမ္မတဖြစ်ဖို့ ခက်ပါတယ်။ ကျနော်အမြင်ကတော့ အတိုက်အခံဘက်ကနေ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး၊ အတိုက်အခံ စိတ်တိုင်းကျတဲ့လူသာ သမ္မတ ဖြစ်ရေး၊ အရေးကြီးတဲ့နေရာတွေ ရရေးကို အတင်းအကြပ် မတွန်းသေးသရွေ့ကတော့ စစ်တပ်ဘက်က သိပ်ပြီးတော့ ပြင်းပြင်းထန်ထန် ပြန်ပြီးတော့ တုံ့ပြန်ဖို့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဇူလိုင်လ (၂၄) ရက်နေ့က ပြင်သစ်သမ္မတနဲ့ တွေ့တဲ့အခါမှာ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပွင့်ပွင့်လင်းလင်း ပြောခဲ့တာ ရှိပါတယ်။ အကယ်၍သာ သမ္မတ အရည်းအချင်းသတ်မှတ်ချက်ကို အတိုက်အခံဘက်က အတင်းပြင်ဖို့ ကြိုးစားမယ်ဆိုရင်တော့ ၁၉၅၈-၆၂ ခုနှစ်က အာဏာသိမ်းတဲ့ ပုံစံမျိုး တပတ်လည်နိုင်တယ်လို့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ကတိပေးထားတာ ရှိပါတယ်။ ဒါကို ကြည့်မယ်ဆိုရင်တော့ ရွေးကောက်ပွဲရလဒ်က စစ်တပ်ရဲ့ အကျိုးစီးပွားကို သိပ်မခြိမ်းခြောက်ဘူးဆိုရင်၊ တနည်းအားဖြင့် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို အတင်းမတွန်းဘူးဆိုရင် စစ်တပ်အနေနဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံဖို့ ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးမောင်မောင်မြင့်ရဲ့ သဘောထားကိုလည်း သိချင်ပါတယ်။ ဒီကိစ္စမှာ အတင်းမတွန်းဘူ ဆိုကြပါစို့။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သမ္မတ ဖြစ်ဖို့ အတင်းတွန်းတိုက် မလုပ်ဘူး။ သို့ပေမဲ့ မဲအရေအတွက် အများစုနိုင်တယ်။ သူတို့ သဘောကျတဲ့လူကို သမ္မတအဖြစ် တင်မြှောက်နိုင်တဲ့ အင်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်မှာ ရှိသွားတယ်ဆိုရင်ကော စစ်တပ်ဘက်က ဘယ်လို နေမယ်ထင်ပါလဲ။ လိုက်လျောပါ့မလား။
ဦးမောင်မောင်မြင့် ။ ။ ကျနော်ကတော့ စောစောက ကိုမင်းဇင် ပြောသွားတဲ့ကိစ္စနဲ့တော့ နည်းနည်းလေးတော့ သဘောကွဲပါတယ်။ ကျနော့်အမြင်ကတော့ အတိုက်အခံတွေသာ ကိုမင်းဇင် ပြောသလို တောင်ပြိုကမ်းပြို နိုင်လာမယ်ဆိုရင် သမ္မတ ဖြစ်ရေးမဖြစ်ရေးကိစ္စဟာ အရေးကြီးတဲ့ နေရာမှာ အရေးကြီးပေမယ်လို့ လွှတ်တော်ဥပဒေပြုရေးကိစ္စမှာတော့ အဲဒီဟာက သိပ်တော့ အရေးမကြီးတော့ဘူးလို့ ထင်ပါတယ်။ အထူးသဖြင့် လွှတ်တော်ထဲမှာ အနည်းဆုံးတော့ အတိုက်အခံပါတီကနေ အစိုးရဖွဲ့နိုင်တဲ့အဆင့် သို့မဟုတ် အတိုက်အခံပါတီက လူများစု ရတဲ့အနေအထား ရောက်လာပြီဆိုရင် ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ အနည်းဆုံးအားဖြင့် လူလုံးတော်တော်လှပါတယ်။ လွှတ်တော်အမတ်တွေ အများစုက ထောက်ခံတယ်ဆိုတဲ့အချက်ဟာ အစိုးရက ကြံ့ခိုင်ရေးကဖြစ်အုံး မလိုက်လျောချင်ဘူးဆိုရင်တောင်မှ တော်တော်လေး ခေါင်းခါဖို့ ခက်တဲ့အနေအထား ရှိပါတယ်။ အဲဒါကြောင့် လွှတ်တော်မှာ ရွေးကောက်ပွဲမှာ အခုလိုမျိုး အတိုက်အခံဘက်က အများကြီး နိုင်လာမယ့်ကိစ္စကိုတော့ စစ်တပ်အနေနဲ့ အတတ်နိုင်ဆုံး ဟန့်တားလိမ့်မယ်လို့ ကျနော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ တကယ်တမ်း ပြောမယ်ဆိုလို့ရှိရင် ဦးရွှေမန်းက NLD နဲ့ နီးစပ်လာတဲ့ကိစ္စဟာ၊ ဒေါ်စုနဲ့ နီစပ်လာတဲ့ကိစ္စဟာ ကြံ့ခိုင်ရေးအဖွဲ့ရဲ့ အနာဂတ်ကိုမြင်လို့ ရှေ့လာမယ့် ရွေးကောက်ပွဲမှာ အမတ်အများစုနဲ့ မနိုင်နိုင်ဘူးဆိုတာကို မြင်လို့ အနည်းဆုံးအားဖြင့် ညွှန့်ပေါင်းဖွဲ့ရရင်တာင် မဆိုးဘူးဆိုတဲ့ သဘောမျိုးလည်း ပါနိုင်ပါလိမ့်မယ်။ သို့သော် အခုကိစ္စ ဖြစ်သွားပြီးတဲ့နောက်မှာ အဲဒီ မျှော်လင့်ချက် ပျက်သွားပါတယ်။ အဲဒီ မျှော်လင့်ချက် ပျက်သွားတဲ့အခါမှာ တကယ်တမ်းသာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာပြီဆိုရင် ကြံ့ခိုင်ရေးအဖွဲ့ဟာ အပြတ်အသတ်နဲ့ ရှုံးဖို့ လမ်းများပါတယ်။ အဲဒီလို မဖြစ်အောင်လို့ သူတို့လည်း လုပ်ပါလိမ့်မယ်။ မဲခိုးတဲ့အဆင့်အထိ လုပ်ကောင်းလုပ်ပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ မေးခွန်းက ကိုမင်းဇင် မြန်မာပြည်သွားပြီး သုတေသနလုပ်တုန်းက ကျနော် ဗမာပြည်ထဲက လူတချို့ရဲ့ စကားကြားရပါတယ်။ စစ်တပ်အနေနဲ့ ဦးရွှေမန်းကို ဒေါ်အောင်ဆန်းစုကြည်ထက် ပိုပြီးတော့ မျက်မုန်းကျိုးတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်မယ့်ကိစ္စတောင်မှ ဦးရွှေမန်းကြောင့် ပိုပြီးတော့ အလှမ်းဝေးရတယ်။ ဦးရွှေမန်း မရှိတဲ့အခါ ပိုတောင်မှ နီးစပ်သွားနိုင်တယ်ဆိုပြီးတော့ တွက်ကြတဲ့တချို့လည်း အသံကြားရပါတယ်။ အဲဒါ ဘယ်လောက်ဖြစ်နိုင်ပါလဲ။
ကိုမင်းဇင် ။ ။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ တောက်လျှောက်တော့ မကြိုက်ဘူး။ ယုံလည်းမယုံကြည်ပါဘူး။ ဒါပေမဲ့လဲ ကျနော် နားလည်သလောက်တော့ တပ်တွင်းညီညွှတ်ရေး ပြဿနာ။ တပ်တွင်း သူတို့ house keeping ပြဿနာ။ သူတို့ တပ်တွင်းညီညွှတ်ရေး၊ တပ်တွင်းမှာ မပြိုကွဲအောင် ထိန်းထားရေးက နံပတ် (၁)။ အဲဒီတော့ သူတို့ရဲ့ အတွင်းလူကို ရှင်းရတဲ့ ပြဿနာဟာ သူတို့ထဲက သစ္စာဖောက် မပေါ်ထွက်ရေးက သူတို့အတွက် ပိုပြီးတော့ အရေးကြီးတယ်လို့ ပြောမယ်ဆိုရင်လဲ မမှားလောက်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဦးမောင်မောင်မြင့်ရဲ့ အဲဒီကိစ္စအပေါ် အမြင်ကိုလည်း ပြောပါ။
ဦးမောင်မောင်မြင့် ။ ။ ကျနော် မြင်တာကတော့ အဲဒါ ဖိတ်ကျသွားတဲ့ နွားနို့ကို ပြန်လွမ်းတဲ့သဘောပါ။ တကယ်တမ်း ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးသိန်းစိန်ကို ချီးကျူးပြီးတော့၊ ဦးသိန်းစိန် ကို ယုံကြည်ပါတယ်လို့ ပြောပြီးတော့ လက်ကမ်းခဲ့တာ အခါခါပါ။ အဲဒီတုန်းကမှ လက်မကမ်းဘဲနဲ့ အခုမှ အဲဒီလို ပြောတာတော့ ကျနော်ထင်တယ် အောက်ဂလိ အာတာလို့ ပြောချင်တယ်။