သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကို ရိက္ခာပို့ဖို့ WFP စီစဉ်


မကြာသေးခင်လတွေက အကြမ်းဖက်တိုက်ခိုက်မှု ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း ဒေသတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ သွားလာခွင့် ရပ်ဆိုင်းထားခဲ့ရာကနေ အခုဆိုရင်တော့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ WFP အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသတွေဆီကို ဒီဇင်ဘာလ ၁၇ ရက် စနေနေ့ကစလို့ စားနပ်ရိက္ခာ အထောက်အပံ့တွေ ပေးပို့သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ကြေညာလိုက်ပါတယ်။

WFP ဘက်က အကူညီသွားပေးမယ်ဆိုတဲ့ ရွာတွေအပြင် တခြား မူဆလင်ကျေးရွာတွေနဲ့ ရခိုင်ကျေးရွာတွေအတွက်လည်း စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို ကိုယ်တိုင်သွားရောက် ကူညီပေးနေသူတွေက ဆိုပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ဆက်ပြောပြပေးပါမယ်။

လာမယ့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ကစလို့ ဒီဇင်ဘာလ ၂၄ ရက်အထိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ WFP အစီအစဉ်နဲ့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသတွေကို ဆန်၊ ဆီ၊ ပဲ အပါအဝင် လိုအပ်တဲ့ စားနပ်ရိက္ခာ အထောက်အပံ့တွေ ပေးပို့သွားမှာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

အခုလို WFP ဘက်က လူသားချင်းစာနာမှု အကူအညီတွေနဲ့ စားနပ်ရိက္ခာတွေ ပံ့ပိုးပေးသွားမယ့်အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်သာသနာရေးရာကောင်စီ ဋ္ဌာနချုပ် (Islamic Religious Affairs Council) အဖွဲ့ဝင် ဦးဝင်းထွန်းစိုးက ကြိုဆိုလိုက်သလို ရခိုင်ပြည်နယ်တွင်း တခြားမြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေအတွက်လည်း စားနပ်ရိက္ခာ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ပြောပါတယ်။

“နိုင်ငံတကာကရော INGO တွေက ဥပမာ အဓိကအားဖြင့် ပြောရရင်တော့ WFP ပေါ့ WFP က မီးလောင်တဲ့ရွာတွေကိုပဲ စာရင်းသွင်းတယ်ဗျ။ မီးမလောင်တဲ့ရွာတွေရှိတယ်။ ဥပမာအားဖြင့် ကျောက်တော်မှာဆိုရင်လည်း တခြားရွာတွေရှိတယ်။ မြောက်ဦးမှာဆိုရင်လည်း ၁၃ ရွာ ရှိတာကိုး။ မီးလောင်တာ ၅ ရွာဆိုရင် ကျန်တဲ့ ၇ ရွာက မီးမလောင်ပေမဲ့လည်း မီးလောင်တဲ့အတိုင်းပဲ ဘာမှမထူးဘူး။ သူတို့မှာ အိမ်ရှိတာပဲရှိတယ်။ ကျန်တာ ဈေးဝယ်တာတို့၊ သူတို့ရဲ့ အလုပ်အကိုင်တွေ လုပ်လို့မရတဲ့အပေါ်မှာ သူတို့နဲ့ IDP နဲ့ သိပ်မထူးဘူးဗျ။ အဲဒီရွာတွေကိုတော့ ကျနော်တို့ဘက်ကနေ တတ်နိုင်သလောက်ပေါ့နော် ဆန်တို့၊ ဆီတို့၊ အဲ့လိုမျိုးလေးတွေ လုပ်ပေးရတဲ့ သဘောမျိုးလေးတွေ ရှိတယ်ဗျ။”

ဒုက္ခသည်အများအပြားရှိနေတဲ့ ရခိုင်ပြည်နယ်ထဲမှာ နဂိုကရှိပြီးသား မူဆလင်နဲ့ ရခိုင်ဒုက္ခသည်တွေအပြင် မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နီးစပ်ရာဘေးလွတ်ရာ တိမ်းရှောင်နေရဆဲ ဒေသခံရခိုင်ပြည်သူတွေအတွက်လည်း စားနပ်ရိက္ခာ အခက်ခဲတွေရှိနေပေမဲ့ အကူအညီတွေ မရဘူးလို့ ရခိုင်ပြည်နယ်တွင်းက ရခိုင်ကျေးရွာတွေအထိ လိုက်ပြီး ကူညီထောက်ပံ့ပေးနေတဲ့ လူမှုအဖွဲ့အစည်းတွေထဲက တခုဖြစ်တဲ့ ဝံလက်ဖောင်ဒေးရှင်းက ဒါရိုက်တာ ကိုဇော်ဇော်ထွန်းကလည်း အခုလို ပြောပါတယ်။

“အခု အဲဒီရွာတွေကို ထောက်ပံ့မယ်ဆိုတာက ဘယ်လို အခက်အခဲမျိုးနဲ့ ထောက်ပံ့တာလဲပေ့ါ။ ဥပမာ ဒေသခံတွေပဲ ထောက်ပံ့မှာလား။ ဒါမှမဟုတ်လို့ရှိရင်လည်း အဲဒီကျေးရွာက လူတွေအကုန်လုံးကို ထောက်ပံ့မှာလား။ ဒါတွေလည်း လုံး၀ မသဲကွဲဘူးပေါ့နော်။ ကျနေ်ာတို့ ရခိုင်ဒုက္ခသည်တွေက အဲဒီမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီးတော့ အထောက်အပံ့တွေ လိုအပ်နေတဲ့ ရခိုင်ရွာတွေ ဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့ အစဉ်တစိုက်က NGO တွေ စောစောကပြောတဲ့ WFP တို့က နဂို သူတို့ ကူညီထောက်ပံ့ပေးနေတဲ့ ဒီရွာတွေကို ထောက်ပံ့ကူညီဖို့အတွက် တင်ပြလာတယ်လို့ပဲ ကျနော်တို့က နားလည်ပါတယ်။”

အစ္စလာမ်ရေးရာ သာသနာရေးကောင်စီ က ဦးဝင်းထွန်းစိုးကလည်း မူဆလင်ကျေးရွာနေ ဒေသခံတွေအတွက် လုံခြုံရေးတင်းကျပ်လို့ သွားလာရေး အခက်အခဲဖြစ်သလို စားနပ်ရိက္ခာ အခက်ခဲတွေလည်း ကြုံနေရတဲ့ အနေအထားမှာ အခုလို WFP လို ကုလ နိုင်ငံတကာအဖွဲ့အစည်းအပြင် ပြည်တွင်း/ပြည်ပ အလှူရှင်တွေဘက်ကလည်း အလှူပစ္စည်းတွေ လွတ်လွတ်လပ်လပ် ပေးပို့နိုင်ဖို့ ကြိုးစားနေကြရတဲ့ အခြေအနေကို အခုလိုရှင်းပြပါတယ်။

“ကျနေ်ာတို့ ရခိုင်ပြည်နယ်မှာက ဥပမာ မောင်တောတို့၊ ဘူးသီးတောင်တို့ ဆိုရင်တော့ အခုမှ ၂၀၁၆ ထဲမှာမှ သူတို့ဆီမှာ မီးရှို့ခံရတာတွေ ဘာတွေ ရှိတယ်လေ ရွာတွေက သွားရေး၊ လာရေး၊ နေရေး၊ ထိုင်ရေး၊ ဥပမာ - မောင်တောမှာဆိုရင်တော့ အများစု မူဆလင်တွေဖြစ်နေတော့ သူတို့ ဆိုင်ခန်းတွေ ဘာတွေတော့ ဖွင့်လို့ပြုလို့ရတယ်။ ဒါပေမဲ့ အရင်လို လွတ်လွတ်လပ်လပ် သွားလို့လာလို့ မရတဲ့၊ နောက်တခါ အလုပ်လုပ်လို့မရတဲ့အပေါ်မှာ သူတို့မှာလည်း စားဝတ်နေရေး အဆင်မပြေတာ ရှိတယ်။ ဥပမာအားဖြင့် စစ်တွေတို့၊ ကျောက်တော်တို့၊ မြောက်ဦး၊ မင်းပြား၊ မြေပုံပေါ့နော်။ မြေပုံကတော့ အဆိုးဆုံးပေါ့။ မြေပုံကတော့ တောင်ပေါ်ရောက်သွားတယ်။ ဒါပေမဲ့ သူတို့ကိုတော့ IDP အဖြစ် သတ်မှတ်တယ်။ WFP က သူတို့ကိုတော့ စားနပ်ရိက္ခာပေးတယ်။ ဒါပေမဲ့ သူတို့ကိုပေးတာ ဆန်ပေးတယ်၊ ဆီ ပေးတယ်။ ဒါပေမဲ့ သူတို့မှာ ဆန်နဲ့ ဆီနဲ့တင်ပဲ မရဘူးလေ။ တောင်ပေါ်ရောက်သွားတယ်။ ဘာမှမရှိတဲ့နေရာဖြစ်တဲ့အတွက် ကျနော်တို့က ဒီကနေ ကန်စွန်းရွက်ပျိုးပင်လေးတွေတို့၊ ချဉ်ပေါင်ရွက် ပျိုးပင်လေးတွေတို့ အဲ့လိုမျိုးတွေ ပေးပြီးတော့မှ ပြန်စိုက်ပြီး စားရတဲ့ သဘောတော့ရှိတယ်။”

အောက်တိုဘာလအတွင်း ရဲကင်းစခန်းတွေနဲ့ နယ်ခြားစောင့်စခန်းတွေကို လူအင်အားနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့လို့ စစ်ဆင်ရေးနယ်မြေ အဖြစ်သတ်မှတ် ခံထား ရတဲ့ ပြည်သူတွေအနေနဲ့ အခုချိန်မှာတော့ ဒေသတွင်း စစ်တပ်နဲ့ ရဲလုံခြုံရေးတွေဘက်က လုံခြုံရေးတာဝန်ယူထားပေမဲ့ ရေရှည်လုံခြုံရေး ဘယ်လောက် အာမခံချက်ပေး နိုင်မလဲ ဆိုတဲ့အပေါ် စိုးရိမ်နေဆဲ အနေအထားဖြစ်နေတယ်လို့ ကိုဇော်ဇော်ထွန်းက ဆက်ပြောပါတယ်။

“စိုးရိမ်မှုကတော့ သူတို့မှာ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ လောလောဆယ်မှာတော့ တစုံတရာ အေးချမ်းတည်ငြိမ်လာတဲ့ သဘောမှာရှိတယ်ပေါ့။ ဒါပေမဲ့ နဂိုအနေထား ပြန်ရောက်ပြီလို့ ပြောရတော့ ခက်ပါသေးတယ်ခင်ဗျ။”

လာမယ့် ဒီဇင်ဘာလ ၁၇ရက်နေ့ကစလို့ သဲချောင်း၊ ဒါဘိုင်း၊ ဘော်ဒူဖား၊ ပေါက်တော၊ အုန်းတောကြီး၊ ဆေးသမကြီး၊ သက်ကယ်ပြင်၊ သိန်းဘုန်းတန်၊ စက်ရုံစုစတဲ့ ကျေးရွာတွေကို WFP အစီအစဉ်နဲ့ သွားရောက်ထောက်ပံ့ပေးပို့သွားမှာဖြစ်တယ်ဆိုတာကို ကျေးရွာတွေဆီကို ထောက်ပံ့ပေးမယ့် ဆန်၊ ဆီပဲ ရိက္ခာတွေကို ရောက်မယ့်ရက်စွဲနေ့ရက်ကိုပါ ပူးတွဲထုတ်ပြန်ထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်း အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူညီတွေ ပေးပို့ပေးဖို့နဲ့ အခြေအနေမှန်သိရှိနိုင်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့တွေကို သွားခွင့်ပေးဖို့ အစိုးရကို ကုလနဲ့နိုင်ငံတကာက တိုက်တွန်းနေချိန်မှာပဲ အခုလို WFP အစီအစဉ်နဲ့ သွားရောက်ထောက်ပံ့ပေးမယ်ဆိုတဲ့ အစီအစဉ်ကို အစိုးရက ကြေညာလိုက်တာလည်းဖြစ်ပါတယ်။

ရခိုင်ကို ရိက္ခာပို့ဖို့ WFP စီစဉ်
please wait

No media source currently available

0:00 0:05:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG