သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရန္ကုန္အစိုးရ တာဝန္ရွိသူႏွစ္ဦးကို ေခၚယူေမးျမန္းေနေၾကာင္း စစ္ေကာင္စီ အတည္ျပဳ 


စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း (ယခင္ပံုေဟာင္း)


[[Zawgyi/Unicode]]

စစ္ေကာင္စီခန္႔ထားတဲ့ ရန္ကုန္တိုင္း စီးပြားေရးဝန္ႀကီး ဦးေအာင္သန္းဦးနဲ႔ ၿမိဳ႕ေတာ္ဝန္ ဦးဗိုလ္ေဌးတို႔ကို ဖမ္းဆီးတာမဟုတ္ဘဲ ေခၚယူေမးျမန္းေနတာ ျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။ ေဇကမာၻ ဦးခင္ေ႐ႊနဲ႔သားျဖစ္သူတို႔ကို ဖမ္းဆီးထားတဲ့ကိစၥနဲ႔ မသက္ဆိုင္ဘူးလို႔လည္း ေျပာပါတယ္။ ဒုဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြ ဖမ္းဆီးခံရတဲ့သတင္းဟာလည္း မမွန္ဘူးလို႔ ဗီြအိုေအ ကိုေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာက တင္ျပေပးထားပါတယ္။

ရန္ကုန္တိုင္း စီးပြားေရးဝန္ႀကီး ဦးေအာင္သန္းဦးနဲ႔ ၿမိဳ႕ေတာ္ဝန္ ဦးဗိုလ္ေဌးတို႔ကို မတ္လ ၂၃ ရက္၊ ဗုဒၶဟူးေန႔တုန္းက စစ္ေကာင္စီ က ဖမ္းဆီးသြားတယ္ ဆိုတဲ့သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ သူတို႔ႏွစ္ဦးကို ဖမ္းဆီးတာမဟုတ္ဘဲ စစ္ေဆးစရာရွိလို႔ ေခၚယူေမးျမန္းေနတာလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကိုေျပာပါတယ္။

"ထိန္းသိမ္းခံရတာေတာ့ မဟုတ္ပါဘူး။ သူတို႔ ေခၚယူေမးျမန္းေနဆဲ ျဖစ္ပါတယ္ခင္ဗ်။ (ဘာေၾကာင့္ဖမ္းတယ္ဆိုတာ) က်ေနာ္တို႔ ျပန္ေျပာႏိုင္တဲ့အခ်ိန္ ျပန္ေျပာထားပါမယ္။ ဖမ္းဆီးထိန္းသိမ္းတာ မဟုတ္ေသးပါဘူးဗ်။"

ျမန္မာႏိုင္ငံ ဆန္ကုန္သည္ႀကီးမ်ားအသင္းဥကၠ႒နဲ႔ ျပည္ခိုင္ၿဖိဳးပါတီရဲ႕ သန္လ်င္ၿမိဳ႕နယ္ကိုယ္စားျပဳ အမတ္ျဖစ္ခဲ့ဖူးတဲ့ စီးပြားေရး ဝန္ႀကီး ဦးေအာင္သန္းဦးကို ဒလၿမိဳ႕နယ္က သမၼတကမ္းေျခ ေျမယာခ်ထားမႈနဲ႔ပတ္သက္ၿပီး ဖမ္းဆီးတာျဖစ္ႏိုင္တယ္လို႔ သူနဲ႔ နီးစပ္သူတဦးက ေျပာပါတယ္။ ၿမိဳ႕ေတာ္ဝန္ ဦးဗိုလ္ေဌးကိုလည္း ေျမယာကိစၥနဲ႔ပတ္သက္ၿပီး ေခၚယူစစ္ေဆးေနတာ ျဖစ္ႏိုင္တယ္ ဆိုေပမယ့္ အေသးစိတ္ေျပာဖို႔ေတာ့ ျငင္းပါတယ္။

ခုလုိ ရန္ကုန္တိုင္းအစိုးရရဲ႕ ၿမိဳ႕ေတာ္ဝန္နဲ႔ စီးပြားေရးဝန္ႀကီးတို႔ကို စစ္ေကာင္စီက ေခၚယူစစ္ေဆးေနသလုိ ေဇကမာၻ ဦးခင္ေ႐ႊနဲ႔သားျဖစ္သူ ဦးေဇသီဟတို႔ကိုလည္း မတ္လ ၂၂ ရက္၊ အဂၤါေန႔တုန္းက ဖမ္းဆီးခဲ့ပါတယ္။ ဒါေပမဲ့ ဒီကိစၥ ႏွစ္ခု မသက္ဆိုင္ဘူးလို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗီြအိုေအကိုေျပာပါတယ္။ ေဇကမာၻဦးခင္ေ႐ႊနဲ႔ ေဇသီဟတို႔ကို ဖမ္းဆီး အမႈဖြင့္ထားတာကေတာ့ ၂၀၁၄ ခုႏွစ္ ဇန္နဝါရီလတုန္းက စစ္ေထာက္ခ်ဳပ္႐ုံးနဲ႔ ေဇကမာၻကုမၸဏီတို႔ MOA လက္မွတ္ေရးထိုးခဲ့တဲ့ ကာကြယ္ေရးဝန္ႀကီးဌာနပိုင္ ေျမကိစၥနဲ႔ ပတ္သက္တယ္လုိ႔ ဒီကေန႔ ေနျပည္ေတာ္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသြားပါ တယ္။

"ေဇကမာၻ ဦးခင္ေ႐ႊနဲ႔ သားကို ဥပေဒအရ အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိပါတယ္။ ျဖစ္စဥ္ကေတာ့ ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္၊ ပုလဲလမ္းမွာရွိတဲ့ ကာကြယ္ေရးဝန္ႀကီး ဌာနပိုင္ ျမရိပ္ညိဳဟိုတယ္ ေျမ ၁၃ ဒႆမ ၇၉ ဧက ေက်ာ္၊ ဒါနဲ႔ပတ္သက္ ၿပီးေတာ့ ျဖစ္ခဲ့တဲ့ျဖစ္စဥ္ျဖစ္ပါတယ္။ ေရွးေဟာင္းအေဆာက္အအုံနဲ႔ သတ္မွတ္ထားေသာ ပရဝဏ္အတြင္းမွာ ေရွးေဟာင္း သုေတသနနဲ႔ အမ်ိဳးသားျပတိုက္ဦးစီးဌာနရဲ႕ စာျဖင့္ခြင့္ျပဳခ်က္မရဘဲနဲ႔ ေရွးေဟာင္းအေဆာက္အအုံကို ဖ်က္စီးျခင္း၊ ပ်က္စီးေအာင္ မျပဳရဆိုတာ ပုဒ္မ ၁၉ (က) မွာ ျပဌာန္းထားပါတယ္။ ဒါနဲ႔အညီ ပုဒ္မ ၂၄ မွာေတာ့ အဲဒါေတြလုပ္ခဲ့ရင္ ျပစ္မႈကိုက်ဴးလြန္ခဲ့ရင္ ရာဇဝတ္မႈကို က်ဴးလြန္တာျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ အနည္းဆုံး ဘယ္ေလာက္ျပစ္ဒဏ္ ခ်မွတ္ရမယ္ဆိုတာကို ျပဌာန္းထားတာ ရွိပါတယ္။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔အေနနဲ႔ ၁၁ ရက္ ၂ လ ၂၀၂၂ မွာ ဗဟန္းၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္လွစ္ခဲ့ပါတယ္။ ဒါေၾကာင့္ ပုဒ္မ ၂၄ အရ ရဲအေရးယူပိုင္ခြင့္ရွိတဲ့ျပစ္မႈ ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ သက္ဆိုင္ရာရဲစခန္းမွာ အမႈဖြင့္လွစ္စြဲဆိုခဲ့ၿပီးေတာ့ ဒါနဲ႔ ပတ္သက္ၿပီးေတာ့က် ဥပေဒအရ တရားစီရင္ ေဆာင္႐ြက္ႏိုင္ရန္အတြက္ ဆက္လက္ေဆာင္႐ြက္ျခင္း ျဖစ္တယ္လို႔ပဲ ေျဖၾကားလို ပါတယ္။"

အခုရက္ပိုင္းအတြင္းမွာပဲ ျပည္ထဲေရးဝန္ႀကီးေဟာင္း ဦးေက်ာ္ေဆြ၊ ျပန္ၾကားေရးဝန္ႀကီးေဟာင္း ဦးရဲထြဋ္နဲ႔ သူရဦးေ႐ႊမန္းရဲ႕ သားျဖစ္သူ တိုးႏိုင္မန္းတို႔ အဖမ္းခံရတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚခဲ့ပါတယ္။ ဒီသတင္းေတြ မမွန္ဘူးလို႔ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဗြီအိုေအကိုေျပာပါတယ္။

"လိုင္းေပၚမွာလည္း က်ေနာ္ေတြ႕တယ္။ ဦးရဲထြဋ္တို႔၊ ဦးေက်ာ္ေဆြတို႔၊ တိုးႏိုင္မန္းတို႔ကို ဖမ္းထားတယ္ဆိုၿပီး ...။ တိုးႏိုင္မန္းက ျမန္မာျပည္မွာေတာင္ မရွိပါဘူး၊ က်ေနာ္သိရသေလာက္။ ဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြကေတာ့ တပ္မေတာ္ေန႔ အခမ္းအနားတက္ဖို႔ ေနျပည္ေတာ္ကို ေရာက္ေနတယ္။ ဦးရဲထြဋ္လည္း ရန္ကုန္မွာရွိပါတယ္။"

စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္မွာ ျပည္တြင္းက ထိပ္တန္းစီးပြားေရး လုပ္ငန္းရွင္တခ်ိဳ႕ ေခၚယူစစ္ေဆးခံရတာေတြ ရွိခဲ့သလို အရင္ NLD အစိုးရလက္ထက္တုန္းက တာဝန္ယူခဲ့တဲ့ အစိုးရထိပ္တန္းေခါင္းေဆာင္ အမ်ားအျပားလည္း ဖမ္းဆီးခံထားရပါတယ္။ အခုလည္း ျမန္မာ့စီးပြားေရးေလာကမွာ လူသိမ်ားထင္ရွားတဲ့ ေဇကမာၻ ဦးခင္ေ႐ႊနဲ႔ သားျဖစ္သူတို႔ကို အမႈဖြင့္အေရးယူထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

================
[[Unicode]]

ရန်ကုန်အစိုးရ တာဝန်ရှိသူနှစ်ဦးကို ခေါ်ယူမေးမြန်းနေကြောင်း စစ်ကောင်စီ အတည်ပြု

စစ်ကောင်စီခန့်ထားတဲ့ ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဦးအောင်သန်းဦးနဲ့ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့ကို ဖမ်းဆီးတာမဟုတ်ဘဲ ခေါ်ယူမေးမြန်းနေတာ ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဇေကမ္ဘာ ဦးခင်ရွှေနဲ့သားဖြစ်သူတို့ကို ဖမ်းဆီးထားတဲ့ကိစ္စနဲ့ မသက်ဆိုင်ဘူးလို့လည်း ပြောပါတယ်။ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ ဖမ်းဆီးခံရတဲ့သတင်းဟာလည်း မမှန်ဘူးလို့ ဗွီအိုအေ ကိုပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဦးအောင်သန်းဦးနဲ့ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့ကို မတ်လ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့တုန်းက စစ်ကောင်စီ က ဖမ်းဆီးသွားတယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ သူတို့နှစ်ဦးကို ဖမ်းဆီးတာမဟုတ်ဘဲ စစ်ဆေးစရာရှိလို့ ခေါ်ယူမေးမြန်းနေတာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

"ထိန်းသိမ်းခံရတာတော့ မဟုတ်ပါဘူး။ သူတို့ ခေါ်ယူမေးမြန်းနေဆဲ ဖြစ်ပါတယ်ခင်ဗျ။ (ဘာကြောင့်ဖမ်းတယ်ဆိုတာ) ကျနော်တို့ ပြန်ပြောနိုင်တဲ့အချိန် ပြန်ပြောထားပါမယ်။ ဖမ်းဆီးထိန်းသိမ်းတာ မဟုတ်သေးပါဘူးဗျ။"

မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌနဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ သန်လျင်မြို့နယ်ကိုယ်စားပြု အမတ်ဖြစ်ခဲ့ဖူးတဲ့ စီးပွားရေး ဝန်ကြီး ဦးအောင်သန်းဦးကို ဒလမြို့နယ်က သမ္မတကမ်းခြေ မြေယာချထားမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ သူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ မြို့တော်ဝန် ဦးဗိုလ်ဌေးကိုလည်း မြေယာကိစ္စနဲ့ပတ်သက်ပြီး ခေါ်ယူစစ်ဆေးနေတာ ဖြစ်နိုင်တယ် ဆိုပေမယ့် အသေးစိတ်ပြောဖို့တော့ ငြင်းပါတယ်။

ခုလို ရန်ကုန်တိုင်းအစိုးရရဲ့ မြို့တော်ဝန်နဲ့ စီးပွားရေးဝန်ကြီးတို့ကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေသလို ဇေကမ္ဘာ ဦးခင်ရွှေနဲ့သားဖြစ်သူ ဦးဇေသီဟတို့ကိုလည်း မတ်လ ၂၂ ရက်၊ အင်္ဂါနေ့တုန်းက ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စ နှစ်ခု မသက်ဆိုင်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။ ဇေကမ္ဘာဦးခင်ရွှေနဲ့ ဇေသီဟတို့ကို ဖမ်းဆီး အမှုဖွင့်ထားတာကတော့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလတုန်းက စစ်ထောက်ချုပ်ရုံးနဲ့ ဇေကမ္ဘာကုမ္ပဏီတို့ MOA လက်မှတ်ရေးထိုးခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေကိစ္စနဲ့ ပတ်သက်တယ်လို့ ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားပါ တယ်။

"ဇေကမ္ဘာ ဦးခင်ရွှေနဲ့ သားကို ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ဖြစ်စဉ်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ပုလဲလမ်းမှာရှိတဲ့ ကာကွယ်ရေးဝန်ကြီး ဌာနပိုင် မြရိပ်ညိုဟိုတယ် မြေ ၁၃ ဒဿမ ၇၉ ဧက ကျော်၊ ဒါနဲ့ပတ်သက် ပြီးတော့ ဖြစ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ ရှေးဟောင်းအဆောက်အအုံနဲ့ သတ်မှတ်ထားသော ပရဝဏ်အတွင်းမှာ ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ စာဖြင့်ခွင့်ပြုချက်မရဘဲနဲ့ ရှေးဟောင်းအဆောက်အအုံကို ဖျက်စီးခြင်း၊ ပျက်စီးအောင် မပြုရဆိုတာ ပုဒ်မ ၁၉ (က) မှာ ပြဌာန်းထားပါတယ်။ ဒါနဲ့အညီ ပုဒ်မ ၂၄ မှာတော့ အဲဒါတွေလုပ်ခဲ့ရင် ပြစ်မှုကိုကျူးလွန်ခဲ့ရင် ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်။ ဒါကြောင့်မို့လို့ အနည်းဆုံး ဘယ်လောက်ပြစ်ဒဏ် ချမှတ်ရမယ်ဆိုတာကို ပြဌာန်းထားတာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ ၁၁ ရက် ၂ လ ၂၀၂၂ မှာ ဗဟန်းမြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ခဲ့ပါတယ်။ ဒါကြောင့် ပုဒ်မ ၂၄ အရ ရဲအရေးယူပိုင်ခွင့်ရှိတဲ့ပြစ်မှု ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်လှစ်စွဲဆိုခဲ့ပြီးတော့ ဒါနဲ့ ပတ်သက်ပြီးတော့ကျ ဥပဒေအရ တရားစီရင် ဆောင်ရွက်နိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ပဲ ဖြေကြားလို ပါတယ်။"

အခုရက်ပိုင်းအတွင်းမှာပဲ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးကျော်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်နဲ့ သူရဦးရွှေမန်းရဲ့ သားဖြစ်သူ တိုးနိုင်မန်းတို့ အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းတွေ မမှန်ဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

"လိုင်းပေါ်မှာလည်း ကျနော်တွေ့တယ်။ ဦးရဲထွဋ်တို့၊ ဦးကျော်ဆွေတို့၊ တိုးနိုင်မန်းတို့ကို ဖမ်းထားတယ်ဆိုပြီး ...။ တိုးနိုင်မန်းက မြန်မာပြည်မှာတောင် မရှိပါဘူး၊ ကျနော်သိရသလောက်။ ဗိုလ်ချုပ်ကြီးကျော်ဆွေကတော့ တပ်မတော်နေ့ အခမ်းအနားတက်ဖို့ နေပြည်တော်ကို ရောက်နေတယ်။ ဦးရဲထွဋ်လည်း ရန်ကုန်မှာရှိပါတယ်။"

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ ပြည်တွင်းက ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တချို့ ခေါ်ယူစစ်ဆေးခံရတာတွေ ရှိခဲ့သလို အရင် NLD အစိုးရလက်ထက်တုန်းက တာဝန်ယူခဲ့တဲ့ အစိုးရထိပ်တန်းခေါင်းဆောင် အများအပြားလည်း ဖမ်းဆီးခံထားရပါတယ်။ အခုလည်း မြန်မာ့စီးပွားရေးလောကမှာ လူသိများထင်ရှားတဲ့ ဇေကမ္ဘာ ဦးခင်ရွှေနဲ့ သားဖြစ်သူတို့ကို အမှုဖွင့်အရေးယူထားတာ ဖြစ်ပါတယ်။
================

XS
SM
MD
LG