သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rhodes မြန်မာခရီးစဉ် ဒေသတွင်းဆက်ဆံရေးမှာအရေးပါ


အမေရိကန်သမ္မတအိုဘားမားရဲ့ အနီးကပ်အကြံပေးလည်းဖြစ်၊ အမျိုးသားလုံခြုံရေး ဒုအကြံပေးအရာရှိလည်းဖြစ်တဲ့ မစ္စတာ Ben Rhodes
အမေရိကန်သမ္မတအိုဘားမားရဲ့ အနီးကပ်အကြံပေးလည်းဖြစ်၊ အမျိုးသားလုံခြုံရေး ဒုအကြံပေးအရာရှိလည်းဖြစ်တဲ့ မစ္စတာ Ben Rhodes

အမေရိကန်သမ္မတအိုဘားမားရဲ့ အနီးကပ်အကြံပေးလည်းဖြစ်၊ အမျိုးသားလုံခြုံရေး ဒုအကြံပေးအရာရှိလည်းဖြစ်တဲ့ Ben Rhodes ရဲ့ မြန်မာ နိုင်ငံခရီးစဉ်ဟာ အမေရိကန်ရဲ့ အာရှ၊ ပစိဖိတ်ဒေသဆက်ဆံရေးချိန်ခွင့်လျှာညှိရေးမူဝါဒအတွက် အရေးပါတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်ကပြောပါတယ်။ နိုဝင်ဘာလ (၈) ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေနဲ့ အမေရိကန်အစိုးရဘက်က မျှော်လင့်ထားတာတွေကို သုံးရက်ကြာ ခရီးစဉ် အတွင်းမှာ ဆွေးနွေးမှာဖြစ်တယ်လို့လည်း သမ္မတအိမ်ဖြူတော်ရဲ့ အာရှရေးရာဆိုင်ရာ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြပေးထားပါတယ်။

မစ္စတာ Rhodes ရဲ့မြန်မာနိုင်ငံခရီးစဉ်ထူးခြားချက် အရေးပါမှုကတော့ အမေရိကန်ပြည်ထောင်စုနဲ့ အာရှ၊ ပစိဖိတ် ဒေသ ဆက်ဆံရေးမှာ ချိန်ခွင်လျှာ ညှိရေးမူဝါဒကို ဆက်လက်ထားရှိဖို့ဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော် အဆင့်မြင့်အရာရှိတဦးက ဗွီအိုအေကိုပြောပါတယ်။ ဒါ့အပြင် အရေးပါတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ဒေသတခုလုံးနဲ့ ဆက်ဆံရေး တည်ဆောက်မှုမှာ အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် အမေရိကန်အစိုးရက ထည့်သွင်းစဉ်းစားကြောင်းလည်း သူကဆိုပါတယ်။

အောက်တိုဘာလ (၁၈) ရက်နေ့က မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ မစ္စတာ Rhodes ရဲ့ သုံးရက်ကြာခရီးစဉ်မှာ မြန်မာ့ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက်တွေအပါအဝင် ရွေးကောက်ပွဲနဲ့ အမေရိကန်ဘက်မျှော်လင့်ချက်တွေကို ဆွေးနွေးမှာဖြစ်တယ်လို့လည်း သမ္မတအိမ်ဖြူတော်ရဲ့ အာရှရေးရာ ဆိုင်ရာပြောခွင့်ရပုဂ္ဂိုလ် Myles Caggins (မိုင်လ်စ် ကက်ဂင်န်စ်) က ဗွီအိုအေကိုပြောပါတယ်။

“မစ္စတာ Rhodes ဟာ မြန်မာနိုင်ငံ ရန်ကုန်နဲ့နေပြည်တော်ကိုသွားပြီး အစိုးရအရာရှိကြီးတွေ၊ လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားနဲ့ ဘာသာရေး ခေါင်းဆောင်တွေကို တွေ့ဆုံမှာ ဖြစ်ပါတယ်။ ပြည်သူအားလုံးရဲ့ အခွင့်အရေးလေးစားပြီးတိုးတက်မှု အခွင့်အလမ်းတွေကို ဖေါ်ဆောင်မယ့် ပြုပြင်ပြောင်းလဲရေးကို အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးနေကြောင်း ထပ်လောင်း အတည်ပြု ပြောဆိုမှာဖြစ်ပါတယ်။ လာမယ့်နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေနဲ့ ဒါနဲ့ပတ်သက်လို့ အမေရိကန်ဘက်က မျှော်လင့်ချက်တွေကို ဆွေးနွေးမှာပါ။”

ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ ရှိမရှိကိုတော့ သမ္မတအိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်က အတိအကျ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။ မစ္စတာ Rhodes ဟာ မြန်မာခရီးစဉ်မတိုင်ခင် လာအိုနိုင်ငံကို အရင်ဆုံး သွားရောက်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်အတွင်း အလှည့်ကျ အာဆီယံဥက္ကဋ္ဌရာထူးကို လက်ခံမယ့် ကိစ္စရပ် အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေး ဒုအကြံပေးအရာရှိလည်းဖြစ်၊ သမ္မတအိုဘားမားရဲ့ အနီးကပ် အကြံပေးလည်းဖြစ်တဲ့ Ben Rhodes ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ စတုတ္ထ အကြိမ်မြောက် ဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ (၂ဝ) ရက်နေ့ မြန်မာနိုင်ငံက မထွက်ခွာခင်မှာ မစ္စတာ Rhodes ရဲ့ ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

အသက် (၃၇) နှစ်အရွယ် မစ္စတာ Rhodes ဟာ သမ္မတအိုဘားမားရဲ့ လက်ရှိ နိုင်ငံခြားရေး မူဝါဒနဲ့ပတ်သက်ပြီး လမ်းကြောင်းပေးနိုင်သူအဖြစ် လူသိများ ထင်ရှားသူဖြစ်ပါတယ်။ အထူးသဖြင့် စစ်ဗိုလ်ချုပ်ဟောင်း သမ္မတဦးသိန်းစိန်ရဲ့ အရပ်သားတပိုင်းအစိုးရ တက်လာတဲ့ အချိန်မှာ မြန်မာနဲ့ အနီးကပ်မူဝါဒ ချ မှတ်ဆက်ဆံဖို့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး လမ်းပွင့်လာဖို့ အဓိကအခန်းကဏ္ဍက ဆောင်ရွက်ခဲ့သူဟာ Ben Rhodes ဖြစ်တယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း Kurt Campbell က ထုတ်ဖေါ်ပြောဆိုခဲ့ဖူးပါတယ်။

XS
SM
MD
LG