ရာသီဥတု ဖေါက်ပြန်ပြောင်းလဲမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ လတ်တလော ကြုံနေရတဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတွေမှာ အဆိပ်ပြင်းတဲ့ မြွေကိုက်တာတွေ တိုးလာနိုင်ပြီး မြွေဆိပ်ဖြေဆေး မလုံလောက်တဲ့ ပြဿနာ ရင်ဆိုင်ရနိုင်တာကို WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတိပေးထားပါတယ်။
ကမ္ဘာပေါ်မှာ နှစ်စဉ် လူ ၂.၇ သန်း မြွေကိုက်ခံရပြီး ၄ မိနစ်နဲ့ ၆ မိနစ်ကြား လူတယောက်နှုန်း အဆိပ်ပြင်းတဲ့ မြွေတွေ အကိုက်ခံနေရတဲ့အကြောင်း၊ သေဆုံးသူ အရေအတွက် တသိန်းသုံးသောင်းကျော် ရှိတဲ့အကြောင်း WHO အဖွဲ့ကြီးရဲ့ မြွေကိုက်မှု သုတေသနဆိုင်ရာ ကျွမ်းကျင်သူ David Williams က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ စက်တင်ဘာ ၁၇ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
အကိုက်ခံရသူတွေထဲက တနှစ်ကို လူ နှစ်သိန်း လေးသောင်းလောက်ဟာ သေရာပါ ကိုယ်အင်္ဂါ အကြောတွေ ထိခိုက်ပျက်စီးတဲ့ ဒဏ်ကို ခံကြရတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံနဲ့အတူ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ တောင်ဆူဒန် စတဲ့နိုင်ငံတွေမှာ မြွေဆိပ်ဖြေဆေး မလုံလောက်တဲ့ ပြဿနာကို သူက သတိပေးတာပါ။
အာရှဒေသမှာ မြွေကိုက်ခံရမှု အများဆုံးနိုင်ငံဟာ အိန္ဒိယနိုင်ငံဖြစ်ပြီး တနှစ်ကို လူငါးသောင်းရှစ်ထောင်လောက် မြွေကိုက်ခံနေရတယ်လို့လည်း WHO အဖွဲ့ကြီးက ပြောပါတယ်။ အပူပိုင်းဒေသရောက်ပြီး ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေမှာ ကလေးငယ်တွေ မြွေကိုက်ခံရမှု အများဆုံးဖြစ်ပြီး ထိရောက်တဲ့ ကုသမှုနဲ့ ဆေးမလုံလောက်တာကို အဓိက ထောက်ပြထားတာပါ။
ကမ္ဘာပေါ်မှာ ၁၉၈၀ ခုနှစ်တွေကတည်းက မြွေဆိပ်ဖြေဆေးထုတ်တဲ့ ကုမ္ပဏီတချို့ ဆေးဆက်မထုတ်တော့ဟာ မြွေဆိပ်ဖြေဆေးမလောက်တဲ့ အကြောင်းတခု ဖြစ်တယ်လို့လည်း WHO အဖွဲ့ကြီးက ပြောဆိုပါတယ်။
Forum