သုံးရလွယ်ကူစေသည့် Link များ

ငြိမ်းချမ်းရေးညီလာခံမှ UWSA ထွက်ခွါရသည့် အကြောင်း


ဒေါ်အောင်ဆန်းစုကြည်နဲ့ UWSA ဝ အဖွဲ့တို့ တွေ့ဆုံခဲ့စဉ်။ ( ဇူလိုင် ၂၉၊ ၂၀၁၆)

(၂၁)ရာစုပင်လုံညီလာခံကို တက်ရောက်လာတဲ့ “၀” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကိုယ်စားလှယ်အဖွဲ့အတွက် စီစဉ်နေရာချထားမှု အားနည်းတဲ့ အပြင် ခွဲခြားကန့်သတ်ခံခဲ့ရတဲ့အတွက် ညီလာခံကိုဆက်မတက်ပဲ ထွက်ခွာ လာခဲ့တာဖြစ်ကြောင်း UWSA ဘက်က ပြောကြားခဲ့ပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ NLD အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ဘက်က UWSA ကိုတောင်းပန်ခဲ့ပြီး ညီလာခံအတွင်း စီမံခန့်ခွဲမှု အားနည်းချက်တချို့ကြောင့် အဆင်မပြေဖြစ်ခဲ့တဲ့ အပေါ် နားလည်မှုပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

ငြိမ်းချမ်းရေးညီလာခံကနေ နုတ်ထွက်လာတဲ့ ၀ ကိုယ်စားလှယ်အဖွဲ့ဟာ ရှမ်းပြည် အရှေ့ခြမ်းမှာရှိတဲ့ UWSA ဌာနချုပ်ကို မနေ့က ပြန်လည်ရောက်ရှိခဲ့ပါတယ်။ သူတို့အနေနဲ့ ညီလာခံ ဆက်မတက်ပဲ ထွက်ခွာလာတဲ့ အကြောင်းအရင်းဟာ ညီလာခံအတွင်း သူတို့အဖွဲ့အပေါ် ကန့်သတ်မှုတွေ ရှိခဲ့တာ ကြောင့်ဖြစ်တယ်လို့ ၀ ကိုယ်စားလှယ်အဖွဲ့ ဦးဆောင်သူ UWSA တောင်ပိုင်း ဆက်ဆံရေးရုံး ဒုတိယ တာဝန်ခံ ဦးညီရမ်းက သတင်းထောက်တွေကို အခုလိုပြောပါတယ်။

" ကျနော်တို့ စဝင်တဲ့နေ့ကတည်းက ဒီကတ်တွေကိုပေး ကတည်းက လေ့လာသူ အနေနဲ့ ပြောတော့။ ပြောတော့ သူတို့က လဲပေးမယ် လဲပေးမယ် ဆိုပြီး ညအထိလည်း လဲမပေးဘူး။ မိုးလင်းအထိ နောက်ရက် ထပ်တက်တော့လည်း ဒီဘက် ဝင်မရ၊ ဟိုဘက်ဝင်မရ ဟိုမှာသွားမရ ကန့်သတ်ချက်တွေ အမျိုးမျိုးပဲ။"

ညီလာခံစီစဉ်သူတွေဘက်က အားနည်းချက်တွေရှိခဲ့တဲ့အတွက် အခုလို ဖြစ်ရပ် မျိုးပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့ မြင်မိကြောင်း (၂၁)ရာစု ပင်လုံညီလာခံ ကို တက်ရောက်နေတဲ့ NDAA မိုင်းလားအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးကြည်မြင့်က ဗွီအိုအေကို ပြောပါတယ်။

" နားလည်မှုတော့ နည်းနည်း လွဲတော့ လွဲနေတယ်။ ပြင်ဆင်တဲ့နေရာမှာ နည်းနည်းတော့ မပြည့်စုံဘူးပေါ့။ တခြားတော့ ပြဿနာမရှိပါဘူး။ ကျနော်တို့ အားလုံးပေါင်း တက်ဖို့ရာကတော့ ၁၆ယောက် ဒါပေမဲ့ တချို့ကတော့ ဒီဒေသမှာ မရောက်ဖူးဘူးဆို သွားလေ့လာတာရှိတယ်။ တကယ်အစည်းအဝေး တက်တဲ့သူကတော့ ၇ယောက်ပေါ့။"

အခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တက်ရောက်ဖို့ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အဆင့်မြင့်မျိုးမှာ အရေးပါတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအတွက် နေရာချထားရေးမှာ အားနည်းချက်တွေ ရှိနေကြောင်း ညီလာခံကို လေ့လာသူအဖြစ် တက်ရောက်နေတဲ့ မဟာဗျူဟာနဲ့မူဝါဒ လေ့လာရေး အင်စတီကျု ရဲ့ သင်တန်းပိုင်းဆိုင်ရာ ညွန်ကြားရေးမှူး ဦးအောင်သူငြိမ်းကပြောပါတယ်။

" အထူးသဖြင့်ကတော့ စီမံခန့်ခွဲမှုမှာ အားနည်းချက်တွေ ရှိတာပေါ့နော်။ သူတို့က ဝန်ကြီးဌာနက ဝန်ထမ်းတွေက နေရာချထားတယ်။ ချထားတဲ့အခါကျတော့ Conflict Sensitivity ခေါ်တာပေါ့။ ဒီတိုင်းရင်းသားခေါင်းဆောင်တွေကို ဘယ်လိုနေရာပေးရမယ်ဆိုတဲ့ ကိစ္စမျိုးပေါ့နော်။ အဲ့လိုဟာတွေမှာ အားနည်းတယ်လို့ ထင်တယ်။"

အခုလို ညီလာခံအတွင်း အဆင်မပြေဖြစ်ခဲ့တဲ့ အပေါ်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၀ ကိုယ်စားလှယ်အဖွဲ့ကို ရှင်းပြတောင်းပန်ဖို့ ကြာသာပတေးနေ့က ညွန်ကြားခဲ့ပါတယ်။ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် ဘက်ကလည်း UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်းဆီကို နားလည်ပေးဖို့ မေတ္တာရပ်ခံတဲ့ တရားဝင်စာကို ဒုဥက္ကဋ္ဌ ဦးသိန်းဇော်က လက်မှတ်ရေးထိုးပြီး မနေ့က ရက်စွဲနဲ့ အများပြည်သူသိအောင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီမေတ္တာရပ်ခံစာမှာတော့ ညီလာခံတက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို နိုင်ငံတော်က တန်းတူညီတူ သဘောထားကြောင်း နဲ့ ညီလာခံအတွင်း စီမံခန့်ခွဲမှု အားနည်းချက်အချို့ကြောင့် အဆင်မပြေဖြစ်ခဲ့ရမှုများ ရှိခဲ့သည်ကို နားလည်ပေးဖို့ မေတ္တာ ရပ်ခံကြောင်း ဖေါ်ပြထားပါတယ်။

တရုတ်-မြန်မာနယ်စပ် အခြေစိုက် ၀ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့နဲ့ မိုင်းလားအဖွဲ့တို့ (၂၁)ရာစု ပင်လုံညီလာခံကို တက်ရောက် ဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဖွဲ့လုံး အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ထောက်ခံသလို ပင်လုံစိတ်ဓါတ်နဲ့ညီတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ် ဖို့ လိုလားကြောင်း NDAA မိုင်းလားအဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးကြည်မြင့်က ဆိုပါတယ်။

" ကျနော်တို့ကတော့ ၂၁ရာစုပင်လုံညီလာခံရဲ့ ရည်ရွယ်ချက်နဲ့ ငြိမ်းချမ်းရေး ညီလာခံဆိုတဲ့ အတွက်ကြောင့် အပြည့်အဝ ထောက်ခံတယ်။ ပြည်ထောင်စုအတွက် အထူးဒေသ(၄)ဟာ ပင်လုံစိတ်ဓာတ်နဲ့ ညီတဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုအဖြစ် လိုချင်တယ်ဆိုတာကို အဲ့လိုပဲ တင်ပြတယ်။"

သြဂုတ်လ (၃၁)ရက်နေ့ကနေ စက်တင်ဘာလ (၃)ရက်နေ့ထိ နေပြည်တော်မှာ လေး ရက်ကြာကျင်းပ နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တိုင်းရင်းသား လက်နက်ကိုင် (၂၁)ဖွဲ့ထဲက (၁၈)ဖွဲ့တက် ရောက်ခဲ့ပြီး ဖယ်ဒရယ်ပြည်ထောင်စု နဲ့ပတ်သက်တဲ့ သူတို့ရဲ့ မူဝါဒတွေကို အသီးသီးစာတမ်းတင်သွင်းခဲ့ကြပါတယ်။

XS
SM
MD
LG