အမေရိကန် သံတမန်တွေရဲ့ အစီရင်ခံချက်တွေ ၀ီကီလိခ်စ် (Wikileaks) ၀က်ဘ်ဆိုက်ပေါ်မှာ လူသိရှင်ကြား ထွက်ပေါ်လာခဲ့ပြီးနောက်မှာ စင်ကာပူ သံတမန်တွေ အနေနဲ့ အမေရိကန် သံတမန်တွေနဲ့ ဆက်ဆံတဲ့ နေရာမှာ ပိုပြီး သတိထားသွားမယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
ဝီကီလိခ်စ် ၀က်ဘ်ဆိုက်ရဲ့ ဖွင့်ချမှုတွေဟာ အမေရိကန် သံတမန်ရေးအတွက် ထိခိုက်စရာ ဖြစ်ခဲ့ရတယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျယိုး (George Yeo) က ပါလီမန်မှာ ဒီနေ့ တနင်္လာနေ့မှာ ပြောကြားခဲ့တာပါ။
မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ အသုံးမကျသူတွေ ဖြစ်တယ်၊ မြောက်ကိုရီးယား ခေါင်းဆောင်ဟာ ခပ်ကြောင်ကြောင် ဖြစ်တယ်လို့ စင်ကာပူ အကြီးတန်းဝန်ကြီး လီကွမ်ယူး (Lee Kuan Yew) က ပြောခဲ့တာ ပါဝင်တဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ ပတ်သက်လို့ စင်ကာပူအစိုးရ တာဝန်ရှိသူတွေက အမေရိကန် သံမန်တွေကို ပြောပြထားတဲ့ ဝေဖန်ပြောကြားထားချက်တွေဟာ ၀ီကီလိခ်စ် ၀က်ဘ်ဆိုက်ပေါ်ကနေ ပေါ်ထွက်လာခဲ့ပါတယ်။
ဒီလို သတင်းပေါက်ကြားမှု အသေးစိတ်နဲ့ ပတ်သက်ပြီး စင်ကာပူ ပါလီမန်မှာ မေးတာကိုတော့ နိုင်ငံခြားရေးဝန်ကြီး ယိုးက ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဒါပေမဲ့ သူနဲ့ သူ့ရဲ့ နိုင်ငံခြားရေးဌာန ဝန်ထမ်းတွေ အနေနဲ့ နောင်မှာ အမေရိကန် သံတမန်တွေနဲ့ ဆက်ဆံတဲ့အခါမှာ ပိုပြီး သတိထားရမယ်လို့ ဝန်ကြီး ဂျော့ခ်ျယိုးက ပြောပါတယ်။ တခါဖြစ်ဖူးရင် နောက်တခါ ထပ်ဖြစ်နိုင်တယ်လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။