သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ အတွင်းစကားတွေ တရုတ်ကို မြန်မာ လက်ထောက်ချနိုင်


အာဆီယံ အတွင်းစကားတွေ တရုတ်ကို မြန်မာ လက်ထောက်ချနိုင်
အာဆီယံ အတွင်းစကားတွေ တရုတ်ကို မြန်မာ လက်ထောက်ချနိုင်

အမေရိကန် ခေါင်းဆောင်တွေ၊ အမေရိကန် သံတမန်တွေ အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေကြား၊ နိုင်ငံတကာ သံတမန်တွေကြားက တရားမဝင် ပြောဆိုမှုတွေ၊ အလွတ်သဘော ပြောဆိုမှုတွေကို မှတ်တမ်းတင် ပြုစုထားတဲ့ ကမ္ဘာတလွှား အမေရိကန် သံရုံးတွေက မှတ်တမ်းတွေကို အင်တာနက်ပေါ်က WikiLeaks ဝက်ဘ်ဆိုက်မှာ ဆက်တိုက် ဖွင့်ချနေပါတယ်။ အမေရိကန် ခေါင်းဆောင်တွေရဲ့ ရုရှား ဒီမိုကရေစီကို ဝေဖန်မှုတွေအပေါ် ရုရှား ခေါင်းဆောင်တွေက မကျေမနပ် ဖြစ်ရမှုတွေနဲ့ မြန်မာနိုင်ငံဟာ အာဆီယံထဲမှာ တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးနေတယ်ဆိုတဲ့ အာရှခေါင်းဆောင် တဦးရဲ့ မှတ်ချက်တွေ အပါအဝင် WikiLeaks ဝက်ဘ်ဆိုက်ရဲ့ နောက်ဆုံးဖွင့်ချမှုတွေကို လန်ဒန်မြို့က ဗွီအိုအေ သတင်းထောက် ဆယ်လာ ဟန်နက်စီ (Selah Hennessy) သတင်းပေးပို့ထားတာကို ဦးရော်နီညိမ်းက ထုတ်နှုတ် တင်ပြပေးထားပါတယ်။

အခုလို ဝီကီလိခ် ဝက်ဘ်ဆိုက်ကနေ ဖွင့်ချလိုက်တဲ့ အထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ရုရှားနိုင်ငံကို ထောက်လှမ်းရေးတွေနဲ့ အုပ်ချုပ်နေတယ်လို့ ပြောခဲ့တာဟာ အလွဲကြီး လွဲမှားပါတယ်လို့ ရုရှားဝန်ကြီးချုပ် ဗလာဒီမာ ပူတင် (Vladimir Putin) က CNN ကို ပြောဆိုသွားခဲ့ပါတယ်။ လန်ဒန်မြို့က နိုင်ငံတကာရေးရာနဲ့ သံတမန်ရေးရာ လေ့လာမှု ဌာနက ဒန် ပလက်ရှ် (Dan Pelsh) ကတော့ အခုလို ပြောပါတယ်။

“ရုရှားရဲ့ အာဏာရှိ အထက်တန်းလွှာ အသိုင်းအဝိုင်းထဲမှာ ရာဇဝတ်မှု ကျူးလွန်နေတာတွေကို အဆင့်မြင့်မြင့် စီမံခန့်ခွဲပေးမှုတရပ် ရှိနေတယ်လို့ လူတွေကြားမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုမှုတွေ ရှိနေတာကနေ တဆင့် အမေရိကန်တွေမှာလည်း ဒီအယူအဆ ဝင်လာတယ်လို့ ကျနော် ထင်ပါတယ်။ ဥပမာ ပြောရရင် အမေရိကန် ပြည်ထောင်စုကို အပြင်ကနေ လှမ်းပြီး ရှုမြင်ကြသူတွေက အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲ စနစ်ဟာ ငွေရှင်ကြေးရှင်တွေပဲ ပါဝင်အရွေးခံနိုင်တဲ့ အတွက်ကြောင့် အမေရိကန် လူ့အဖွဲ့အစည်းဆိုတာ အင်မတန်ကို အကျင့်ပျက်တဲ့ လူ့အဖွဲ့အစည်း ဖြစ်တယ်လို့ အဝေးမြင်နဲ့ ရှုမြင် သုံးသပ်ကြသလိုပေါ့ဗျာ။”

ဒါပေမဲ့ အခုလို ဝီကီလိခ်ရဲ့ ဖွင့်ချနေမှုကြောင့် အမေရိကန်၊ ရုရှား ဆက်ဆံရေး မထိခိုက်ပါဘူးလို့ ဒန် ပလက်ရှ်က ပြောပါတယ်။

“အိုဘားမား အစိုးရဟာ အမေရိကန်၊ ရုရှား မဟာဗျူဟာ လက်နက်ကြီးများ လျှော့ချရေး START စာချုပ်သစ် ဖြစ်မြောက်ရေးအတွက် သိပ်ကို ကြိုးစားပမ်းစား အလုပ် လုပ်နေတာပါ။ ဒါ့အပြင် ဥရောပမှာ ဒုံးကျည်ကာကွယ်ရေး စနစ်တရပ် ဖြစ်မြောက်ရေးနဲ့ အီရန် နျူကလီးယား ကိစ္စတွေမှာ အမေရိကန်နဲ့ ရုရှားတို့ အတူတကွ ကြိုးပမ်း လုပ်ဆောင်နေကြတာပါ။ ဆိုဗီယက် ယူနီယံခေတ်က စခဲ့တဲ့ ဒီ START စာချုပ်ကို အခု သမ္မတ မက်ဗီဒက်ဗ် (Medvedev) နဲ့ ဆက်လုပ်နေတာဟာ သိပ်ကို အနှစ်သာရရှိတဲ့ ရှေ့ဆောင်ရှေ့ရွက် ခြေလှမ်းတွေပဲလို့ ကျနော် ထင်ပါတယ်။”

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ ၂ ရက်နေ့ ဝီကီလိခ်က စပြီး ဖွင့်ချထားတဲ့ ဆက်သွယ် မှတ်တမ်းတွေမှာတော့ စင်ကာပူ ခေါင်းဆောင်ဟောင်း၊ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူ (Lee Kuan Yew) ရဲ့ ပြောဆိုမှုတွေ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံ၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေဟာ အာဆီယံနိုင်ငံတွေ ကြားမှာ တရုတ်အစိုးရရဲ့ သူလျှိုအဖြစ် ဆောင်ရွက်ဖွယ်ရှိတယ်လို့ မစ္စတာ လီကွမ်ယူက အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် စတိန်းဘတ်နဲ့ ၂၀၀၉ ခုနှစ် မေလက တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တဲ့အကြောင်း ဝီကီလိခ်ရဲ့ ဖွင့်ချမှုထဲမှာ ပါဝင်နေပါတယ်။

အာဆီယံ အစည်းအဝေးတွေထဲမှာ ဆွေးနွေးခဲ့သမျှတွေကို နာရီပိုင်း အတွင်းမှာပဲ တရုတ်နဲ့ နီးစပ်တဲ့ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့က သတင်းပေးလို့ ဘေဂျင်းက တရုတ်အစိုးရက အကုန်လုံး သတင်းတွေကို သိနေပြီလို့ မစ္စတာ လီကွမ်ယူက မစ္စတာ စတိန်းဘတ်ကို ပြောဆိုခဲ့တာပါ။

ဒီလို စင်ကာပူနိုင်ငံ ခေါင်းဆောင်ဟောင်းနဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးတို့ရဲ့ ပြောဆိုချက်တွေကို စင်ကာပူနိုင်ငံမှာရှိတဲ့ အမေရိကန် သံအရာရှိ ဒန်နီယယ် အယ်လ်ရှီးစ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ်စ် ဟီလာရီ ကလင်တန် (Hillary Clinton) ဆီကို ဇွန်လက ပေးပို့ခဲ့တဲ့ တရုတ်နဲ့ မြောက်ကိုရီးယားအပေါ် လီကွမ်ယူရဲ့ အမြင်များလို့ ခေါင်းစဉ်တပ်ထားတဲ့ ပေးပို့ချက်မှာ ပါဝင်တဲ့အကြောင်း ဝီကီလိခ်မှာ ရေးသား ဖော်ပြထားပါတယ်။

ဝီကီလိခ် ဝက်ဘ်ဆိုက်မှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေဟာ ၃,၀၀၀ ကျော်လောက် ရှိပြီးတော့ အဲဒီအထဲက ကျန်ရှိနေတာတွေကိုလည်း မကြာခင်မှာ ဖတ်ရှုနိုင်လိမ့်မယ်လို့ မျှော်လင့်ရတဲ့အကြောင်း ဧရာဝတီ သတင်းဌာနရဲ့ ဆောင်းပါး တပုဒ်မှာလည်း ဖော်ပြထားပါတယ်။

လန်ဒန်မြို့က ဝီကီလိခ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခရစ်စ်တင်း ဟရပ်ဖ်ဆန် (Kristinn Hrafnsson) ကတော့ ခုခံကာကွယ် ပြောဆိုခဲ့ပါတယ်။

“ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုဟာ လိမ်ညာ ကောက်ကျစ်နိုင်မှုတွေ အပေါ်မှာ အခြေပြုနေတယ်ဆိုရင် အဲဒါကို ပြောင်းလဲသွားအောင် နည်းနည်းတော့ လှုပ်ခါပေးရမှာပေါ့ဗျာ။ နိုင်ငံတကာ အစိုးရတွေရဲ့ ခေါင်းဆောင်တွေဟာ လူရှေ့သူရှေ့မှာ ပြောတာဆိုတာတွေက တမျိုး၊ ကွယ်ရာမှာ အချင်းချင်းကြား ပြောကြတာတွေက တမျိုးနဲ့ စိတ်ဓာတ်တွေကို သိကြရတာပေါ့ဗျာ။”

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အလက်စီ ဆာဇိုနော့ကတော့ ဝီကီလိခ်ရဲ့ ရုရှားနဲ့ ပတ်သက်ပြီးတော့ ဖွင့်ချမှုတွေမှာ အသစ်အဆန်းတွေ၊ မမျှော်လင့်ထားတာတွေ တခုမှ မပါဝင်သလို ရုရှားအစိုးရ အနေနဲ့လည်း အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်မှုကို အခိုင်အမာ ဆက်ပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

XS
SM
MD
LG