ထောင်ဒဏ် ၁ နှစ် ချခံခဲ့ရတဲ့ ဒုရဲမှူးဟောင်းမိုးရန်နိုင်ဟာ ကျခံရမယ့် ထောင်ကျရက် ပြည့် သွားတာကြောင့် ဒီကနေ့မှာပဲ အင်းစိန်ထောင်က ပြန်လွတ်လာပါပြီ။ သူဟာ ရဲစည်းကမ်း ကို ဖောက်ဖျက်တာမျိုး မရှိဖူးဘူးလို့ ထောင်ကထွက်ထွက်ချင်းမှာပဲ သတင်းထောက်တွေ ကို ဦးမိုးရန်နိုင်ကပြောပါတယ်။ ဒါ့အပြင် အဲဒီ ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သင့်တယ်လို့ လည်း ပြောပါတယ်။ ဒီအကြောင်း အင်းစိန်ထောင်ရှေ့မှာ ကိုယ်တိုင်သွားပြီး သတင်းယူခဲ့တဲ့ ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
ရိုက်တာသတင်းထောက်တွေကို ခွင့်ပြုချက်မရှိဘဲ တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့တယ်ဆိုပြီး ရဲစည်းကမ်း ဖောက်ဖျက် မှု ဥပဒေနဲ့ အကျဉ်းကျနေတဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ ဒီကနေ့မနက်ပိုင်းကပဲ အင်းစိန်ထောင်ကနေ ပြန်လွတ်လာတာပါ။
ရိုက်တာသတင်းထောက်တွေ တွေ့ဆုံမေးမြန်းတဲ့ကိစ္စမှာ ရဲစည်းကမ်း ဖောက်ဖျက်ခဲ့တာ မရှိဘူးလို့ ထောင်က ထွက်ထွက်ချင်းမှာပဲ သူက သတင်းထောက်တွေကို ပြောလိုက်သလို အဲဒီဥပဒေအပေါ် သူ့ရဲ့အမြင်ကိုလည်း ပြောသွားပါတယ်။
"ကျနော့်ဘဝတလျောက်လုံး၊ ရဲဘဝတလျောက်လုံး အခုဖြစ်တဲ့ကိစ္စမှာ ဘာရဲစည်းကမ်းမှ ဖောက်ဖျက်တာ မရှိဘူး။ ဖောက်ဖျက်တယ်လို့ပြောလို့ရတာက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဆိုတာ ကျနော်တို့ ဒီ Law တွေနဲ့ ဥပဒေအရဆိုရင် စံချိန်စံညွှန်းမီတဲ့ ဥပဒေတခု မဟုတ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေအတွက် အများကြီး နစ်နာတဲ့ ဥပဒေတခုလို့ ကျနော်က မှတ်ယူတယ်။ ဒါကြောင့်မို့ ဒီဥပဒေဟာလည်း ဒီမိုကရေစီ ချီတက်တဲ့ လမ်းကြောင်းမှာ ရဲစည်းကမ်း ထိမ်းသိမ်းရေး ဥပဒေဟာလည်း လုံးဝပြုပြင်ရမယ့် ဥပဒေတခုလို့ ကျနော် မြင်တယ်။"
ဦးမိုးရန်နိုင် သူအကျဉ်းကျခံနေရစဉ် ကူညီဝန်းရံတဲ့သူတွေကိုလည်း ကျေးဇူးတင်စကား ပြောသွားပါတယ်။
"ကျနော်နဲ့ ကျနော့်မိသားစုကို ကျနော်ထောင်ကျနေတဲ့အတွင်းမှာ ပြည်သူလူထုအားလုံးက ဝန်းရံ အားပေး ကူညီကြတဲ့အတွက် ကျနော်က ဒီနေရာကနေ ပြည်သူလူထု မြန်မာနိုင်ငံ အရပ်ရပ်မှာရှိတဲ့ ပြည်သူ လူထုကို ကျေးဇူးအများကြီးတင်ကြောင်း ဝိုင်းဝန်းပံ့ပိုးကြတဲ့ အဖွဲ့ အစည်းတွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ၊ နောက်ပြီး အဝေးရောက် မြန်မာပြည်သူပြည်သားတွေကအစ အားပေးကြတဲ့အတွက် အများကြီး ဝမ်းသာရပါ တယ်။"
ဦးမိုးရန်နိုင်ဟာ ရိုက်တာသတင်းထောက်တွေအမှုမှာ တရားလိုပြ သက်သေတယောက် ဖြစ်ပြီး ရိုက်တာ သတင်းထောက်တွေကို ရဲမှူးချုပ်တင်ကိုကိုက ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာလို့ တရားခွင်မှာ ထွက်ဆိုခဲ့ သူပါ။ အဲဒီလိုထွက်ဆိုပြီးတဲ့နောက် သူ့ကို အရေးယူ ထောင်ချတဲ့အပေါ် ဘာမှ အညှိုးအတေးမရှိဘဲ ဗုဒ္ဓဘာသာ ဝင် တဦးဖြစ်တဲ့ အတွက် ဘာသာရေးအရ ဖြေသိမ့်နိုင်တယ် လို့ပြောပါတယ်။
ဦးမိုးရန်နိုင် ရပ်တည်ထွက်ဆိုပေးခဲ့သူတွေဖြစ်တဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦး ကတော့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရပြီး အခုချိန်ထိ အကျဉ်းကျနေဆဲပါ။ အခု နောက်ဆုံးအခြေအနေ ကတော့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အတွက် ရာဇဝတ်ပြင်ဆင်မှု အယူခံကို ဦးမိုးရန်နိုင် အကျဉ်းထောင်က လွတ်တဲ့ နေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁ ရက်၊ သောကြာနေ့မှာ ပဲ သူတို့ရဲ့အကျိုးဆောင်ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ပြည်ထောင်စုတရားလွှတ်တော်မှာ တင်သွင်းလိုက်ပြီဖြစ်ပါတယ်။