သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးသတ္တိရှင်ဆုပေးပွဲ အခမ်းအနား


၂၀၁၉ အမျိုးသမီးသတ္တိရှင်ဆုပေးပွဲ အခမ်းအနား
၂၀၁၉ အမျိုးသမီးသတ္တိရှင်ဆုပေးပွဲ အခမ်းအနား

အမေရိကန်နိုင်ငံခြားရေးဌာနက ချီးမြှင့်တဲ့ နိုင်ငံတကာအမျိုးသမီး ရဲစွမ်းသတ္တိရှင်များဆု ကို မြန်မာနိုင်ငံက ကရင်အမျိုးသမီး နော်ကညောဖောလည်း ရရှိပါတယ်။ နှစ်စဉ်ချီးမြှင့်တဲ့ ဒီဆုပေးပွဲ အခမ်းအနားကို မတ်လ ၇ ရက်နေ့က ကျင်းပရာမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင်တက်ရောက် ဆုချီးမြှင့်ခဲ့တာပါ။ ဝါရှင်တန်ဒီစီမြို့တော် နိုင်ငံခြားရေး ဌာနမှာ ကျင်းပတဲ့ ဒီဆုပေးပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်အောင် က တင်ပြပေးထားပါတယ်။

ပဋိပက္ခဖြစ်ပွားရာဒေသက အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေရဲ့ ဘဝတွေကို ကာကွယ်မြှင့်တင်ပေး ခဲ့တာကြောင့်နဲ့ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သတ်ပြီး တာဝန်ရှိသူတွေ အပေါ် ပြတ်ပြတ်သားသား ထုတ်ဖေါ်ဝေဖန်ခဲ့တာကြောင့် ကရင်အမျိုးသမီး နော်ကညောဖောကို နိုင်ငံတကာအမျိုးသမီး ရဲစွမ်းသတ္တိရှင်များဆုကို ပေးအပ်တာပါ။ အခမ်းအနားကို တက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားမှာ နော်ကညောဖောရဲ့ ဆောင်ရွက်ချက်တွေ အကြောင်း အခုလို ပြောဆိုပါတယ်။

"ဆယ်စုနှစ်တွေနဲ့ ချီကြာမြင့်ခဲ့တဲ့ မြန်မာနိုင်ငံက ပြည်တွင်းစစ်ကြောင့် ထွက်ပြေး ပြောင်းရွှေ့နေထိုင်ကြတဲ့ တိုင်းရင်းသားမိသားစုတွေအပေါ် ဘဝတလျှောက်လုံးမြှပ်နှံ ကူညီပေးခဲ့သူဖြစ်ပါတယ်။"

အမျိုးသမီးရဲစွမ်းသတ္တိရှင်တွေရဲ့ စွမ်းဆောင်ချက်တွေဟာ နေရာတိုင်းမှာရှိနေသလို အဲဒီလို ရှိနေဖို့ လိုအပ်နေကြောင်းလည်း ဝန်ကြီး Mike Pompeo ကပြောပါတယ်။ အမေရိကန် အစိုးရအနေ နဲ့လည်း မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သတ်ပြီး အစဉ်တစိုက် အားပေးကူညီ ခဲ့တာပါ။ ဒီဆုပေးပွဲ အခမ်းအနားကို အရင်သမ္မတတွေရဲ့ကတော်တွေလည်း တက်ရောက် ခဲ့ကြသလို သမ္မတ Donald Trump ရဲ့ကတော်လည်း တက်ရောက်ပါတယ်။ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ရဲစွမ်းသတ္တိရှိတာဟာ လူမှုအသိုင်းအဝိုင်းအတွက် အကျိုးရှိစေတဲ့အကြောင်း Melania Trump က အခုလို ပြောပါတယ်။

"လူမှုအသိုင်းအဝိုင်းအတွင်း ရဲစွမ်းသတ္တိအပြည့်နဲ့ မကြောက်မရွံ့ဆောင်ရွက်ဖို့ဆိုတဲ့ အရည်အချင်းဟာ ကျမတို့အတွက် အလိုအပ်ဆုံးအရာဖြစ်တယ်ဆိုတာကို ယုံကြည် ပါတယ်။ ဒီစိတ်ဓါတ်ဟာ ရှေ့လျှောက်လှမ်းရမယ့်ခရီးအတွက်လည်း ပြင်ဆင်ပေးပါတယ်။ ရဲစွမ်းသတ္တိဟာ အပြောင်းအလဲ လုပ်ရမယ်ဆိုတာကို စကားနဲ့ ပြောနေသူတွေနဲ့ တကယ် အကောင်အထည်ဖေါ်နေတဲ့သူတွေကိုလည်း ခွဲခြားပေးပါတယ်။ ရဲရင့်မှုနဲ့ လူသားချင်း စာနာမှု ဆိုတာလည်း ရဲစွမ်းသတ္တိရှိမှဖြစ်ပြီး အဲဒါဟာ အများအတွက် ဦးစားပေးဆောင်ရွက်ပေးတယ် ဆိုတဲ့ စွမ်းဆောင်ရည်ကို ဖြစ်ပေါ်စေပါတယ်။"

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်းကတည်းက ဖြစ်ပွားခဲ့တဲ့ ပြည်တွင်း စစ်ကြောင့် နယ်စပ်ဒေသတွေက လူထုအနေနဲ့ ဒုက္ခတွေ ပိုရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့် စစ်အစိုးရလက်ထက်မှာ တိုင်းရင်းသားဒေသေတွေအတွင်း အတင်းအဓမ္မ ္မနေရာရွှေ့ပြောင်းမှုတွေ၊ လုယက်မှုတွေ၊ အမျိုးသမီးတွေအပေါ် အဓမ ္မကျူးလွန်မှုတွေ လည်း အများအပြား ရှိခဲ့တာကြောင့်ဆိုပြီး နိုင်ငံတကာကလည်း ဒီလို အခြေအနေတွေ အပေါ် ဝိုင်းဝန်းပြစ်တင် ရှုံ့ချကြပါတယ်။ ဒါပေမယ့်လည်း ၂၀၁၀ ခုနှစ်နေစလို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်း အလဲတွေ ရှိလာခဲ့ပြီးနောက်ပိုင်းမှာတေ့ာ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို သက်ဆိုင်ရာနိုင်ငံတွေက လျှော့ချခဲ့ပြီးနောက်မှာရော အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျော့ကျသွားခဲ့ပါပြီလား။ နိုင်ငံတကာအမျိုးသမီးစွမ်းဆောင်ရှင်များ ဆုရှင် KWO ကရင်အမျိုးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်ကညောဖောက အခုလို ပြောပါတယ်။

"၂၀၁၇ ခုနှစ်ကဆိုရင်လည်း မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ရက်စက်မှုတွေကို ကမ္ဘာကြီးအနေနဲ့ စိုးရိမ်ထိတ်လန့်စွာ မြင်ခဲ့ကြပါတယ်။ အခုတကြိမ်ကတော့ ရိုဟင်ဂျာ အမျိုးသမီးတွေ အပေါ်ကို ကျူးလွန်မှုတွေပါ။ အမျိုးသမီးတွေပေါ် အဲဒီလို အဓမ္မပြုကျင့်မှုတွေ ထောင်နဲ့ချီကို တခြားတိုင်းရင်းသားတွေကလည်း မှတ်တမ်းပြုစုထားပါတယ်။ ဒါပေမယ့်လည်း အဲဒီ လူတစုကနေပဲ တိုင်းပြည်ကို အုပ်ချုပ်နေပြီး ကျမတို့လူထုတွေရဲ့ ဘဝကို ထိန်းချုပ်နေ ပါတယ်။ ဒါကြောင့် အဲဒီလူတစုအပေါ် တရားမျှတစွာ စီရင်နိုင်ဖို့ ကမ္ဘာကြီးအနေနဲ့ ဆောင်ရွက်ပေးပါလို့ ကျမ အနူးအညွတ်မေတ္တာရပ်ခံပါတယ်။"

ငယ်စဉ်ကတည်းက ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းမှာ ကြီးပြင်းခဲ့တဲ့ နော်ကညောဖော ဟာ KWO ကရင်အမျိုးသမီး အစည်းအရုံးဝင်အဖြစ်နဲ့လည်း အကာအကွယ်မဲ့ သူတွေအတွက် ရပ်တည်လှုပ်ရှားခဲ့ပါတယ်။

"ကျမတို့ အစည်းအရုံးကတော့ စစ်အစိုးရက လူ့အခွင့်အရေးချိုးဖောက်တာပေါ့နော် အဲဒီအတွက် ကျမတို့ကတော့ တခြားနိုင်ငံပဲဖြစ်ဖြစ်ပြောပြတာ၊ အမျိုးသမီးနဲ့ ကလေးအတွက် သူတို့ကို လုံခြုံမှုရှိအောင် ကျမတို့က ကူညီပေးတာပေါ့နော်။"

၁၃ ကြိမ်မြောက်အဖြစ် နိုင်ငံတကာအမျိုးသမီးရဲစွမ်းသတ္တိရှင်များဆုကို အခုနှစ် ချီးမြှင့်ရာမှာ အမျိုးသမီးအခွင့်အရေးအတွက် အထူးကြိုးပမ်းခဲ့ကြသူတွေကို ရွေးချယ် ချီးမြှင့်တာဖြစ်ပြီး မြန်မာအပါအဝင် အိမ်းနီးချင်း ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနိုင်ငံအပါအဝင် စုစုပေါင်း ၁၀ ဦးကို ချီးမြှင့်တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆုရှင်တဦးဖြစ်တဲ့ Razia Sultana ဟာဆိုရင်လည်း ရခိုင်ပြည်နယ် မောင်တောမှာ ရိုဟင်ဂျာမိဘနှစ်ပါးက မွေးဖွားခဲ့သူဖြစ်ပြီး ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်း အတွက် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ဆောင်ရွက်နေသူပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လည်း ဖြစ်တဲ့သူမဟာ ကျောင်းဆရာမ၊ ရှေ့နေ၊ လူ့အခွင့်အရေး လှုပ်ရှားသူအဖြစ်နဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အခြေခံပြီး အစီရင်ခံစာတွေ ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ Razia Sultana က ဘင်္ဂါလီ ဘာသာစကား နဲ့ အခုလို ပြောပါတယ်။

" ဒီဆုဟာ ကျမတယောက်တည်းအတွက်မဟုတ်ပဲ ရိုဟင်ဂျာတမျိုးသားလုံးအတွက် ကိုယ်စားပြုပါတယ်။ ကျမရိုဟင်ဂျာအရေးအတွက် ကြိုးပမ်းဆောင်ရွက်လို့ ရရှိတဲ့ ဒီဆုကို ကျမ သိပ်တန်ဖိုးထားပါတယ်။"

နိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိရှင်များဆုချီးမြှင့်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံတွေက အမျိုးသမီးစွမ်းဆောင်ရှင်တွေကို အဲဒီနိုင်ငံ အခြေစိုက် အမေရိကန်သံရုံးတွေကနေ ရွေးချယ်ပေးပြီးနောက် အမေရိကန်နိုင်ငံခြားရေးဌာနက နောက်ဆုံးအတည်ပြု ထပ်မံ ရွေးချယ် ပေးအပ်တာပါ။ အခုလို ဆုပေးပွဲကို နှစ်စဉ်ကျင်းပလာတာ ဒီနှစ်မှာ ၁၃ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ၂၀၁၂ ခုနှစ်တုန်းက မဇင်မာအောင်နဲ့ ၂၀၁၅ ခုနှစ်မှာ မမေစံပယ်ဖြူ တို့လည်း ဒီဆုရရှိခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG