သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်၊ ဂျပန် အမျိုးသမီး ကမ္ဘာ့ဖလား ဗိုလ်လုမည်


အမေရိကန်၊ ဂျပန် အမျိုးသမီး ကမ္ဘာ့ဖလား ဗိုလ်လုမည်
အမေရိကန်၊ ဂျပန် အမျိုးသမီး ကမ္ဘာ့ဖလား ဗိုလ်လုမည်

အမေရိကန် အမျိုးသမီး ဘောလုံးအသင်းဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၁၉၉၉ ခုနှစ်က အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနိုင်ရပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ်နဲ့ ဗိုလ်လုပွဲ တက်သွားပါပြီ။ အလားတူပဲ ဂျပန်အသင်းလည်း အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲကို တက်သွားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ပါ့ခ် ဘရူဝါ (Parke Brewer) ပေးပို့ထားတဲ့ သတင်းနဲ့အတူ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဟာ ၅ ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ ကစားခဲ့တဲ့ ပွဲတိုင်းမှာ အမေရိကန် အမျိုးသမီးအသင်း တခုပဲ ပြိုင်ပွဲတိုင်းမှာ ဆီးမီးဖိုင်နယ် တက်ဖူးတဲ့ အသင်းပါ။

ဒါပေမဲ့ အမေရိကန်တို့ အနေနဲ့ ချန်ပီယံဖလားတွေကို ၁၉၉၁ ခုနှစ်က တရုတ်နိုင်ငံမှာ စတင်ပြုလုပ်ခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပွဲနဲ့ ၁၉၉၉ ခုနှစ်က ကာလီဖိုးနီးယားပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ ပွဲတွေမှာပဲ ရဖူးတာပါ။ ၁၉၉၉ ခုနှစ် ပြိုင်ပွဲမှာတော့ တရုတ်အသင်းကို ပင်နယ်တီကန်ပြီး အနိုင်ရလိုက်တာပါ။ နောက် ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တို့မှာ ကစားတဲ့ ပွဲတွေမှာတော့ တတိယနေရာ အသီးသီး ရခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ပြင်သစ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရလိုက်တဲ့အတွက် ၁၉၉၉ ခုနှစ်နောက်ပိုင်း အမေရိကန်အသင်းဟာ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ပြန်တက်တာ ဖြစ်ပါတယ်။

အမေရိကန်အသင်းက လော်ရန် ချိန်နီ (Lauren Chaney) ကော်နာကန်လိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး အပ်ဘီ ဝမ်ဘက်ခ် (Abby Wambach) က ခေါင်းတိုက်သွင်းလိုက်တဲ့အတွက် ၁ ဂိုးစီ သရေကျနေရာကနေ အမေရိကန်တို့ ပထမ အနိုင်ဂိုးကို သွင်းလိုက်နိုင်တာပါ။ အဲဒီဂိုးဟာ ဒီနှစ် အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွင်း ဝမ်ဘက်ခ်ရဲ့ တတိယဂိုးဖြစ်ပြီး သူမရဲ့ ဘောလုံးသမား ဘဝတလျှောက် ၁၂ ဂိုးမြောက် ဖြစ်တာကြောင့် အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေအတွင်း ဂိုးအများဆုံး သွင်းထားတဲ့ အမေရိကန် ကစားသမား မစ်ရှဲလ် အေကာစ် (Michelle Akers) နဲ့ ဂိုးအရေအတွက် အတူတူပဲ ဖြစ်သွားပါတယ်။

အမေရိကန်တို့အတွက် ပထမဂိုးကို လော်ရန် ချိန်နီက ပွဲစပြီး ၉ မိနစ်မှာပဲ စတင် သွင်းယူလိုက်တာပါ။ ဒါပေမဲ့ အဲဒီဂိုးဟာ ဝမ်ဘက်ခ်ရဲ့ အကူအညီကြောင့် သွင်းလိုက်နိုင်တာလို့ ချိန်နီက ESPN သတင်းဌာနကို ပြောပါတယ်။

“သူက အချိန်ကိုက်ပြီး နေရာမှန်မှာ ရောက်နေရုံတင် မကဘူး၊ ကျမ အတူကစားဖူးတဲ့ သူတွေထဲမှာတော့ သူဟာ စိတ်ကောင်းအရှိဆုံး ကစားသမားပါပဲ။ နောက်ဆုံးမှာတော့ သူမ မဖြစ်ဖြစ်အောင် လုပ်လိမ့်မယ်ဆိုတာ ကျမ သိနေပါတယ်။”

တတိယမြောက် အနိုင်ဂိုးကိုတော့ အမေရိကန်အသင်းက အသက်အငယ်ဆုံး ကစားသမား အဲလက်စ် မော်ဂန် (Alex Morgan) က ပြင်သစ် နောက်တန်းလူတွေကို ဖြတ်ကျော်ပြီး ပွဲပြီးခါနီး ၈၂ မိနစ်မှာ သွင်းယူလိုက်တာပါ။

ဘရာဇီးအသင်းကို ပင်နယ်တီသွင်း အနိုင်ယူလိုက်ပြီးတဲ့နောက် သူတို့နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေ အပြည့်ရှိနေခဲ့တယ်လို့ အမေရိကန်အသင်းရဲ့ ဂိုးသမား ဟုပ် ဆိုလို (Hope Solo) က ပြောပါတယ်။

“ဒါဟာ ဒီအသင်းရဲ့ စိတ်ဓာတ်ပါပဲ။ ကျမတို့ဟာ ကျမတို့ တိုင်းပြည်အတွက် ကစားခဲ့ကြတာပါ။ ကျမတို့ နိုင်ကို နိုင်ရမယ်ဆိုတာ ကျမတို့ စိတ်ဓာတ်ပါပဲ။ ကျမတို့ဘက်ကို အသွင်းခံလိုက်ရတဲ့ ဂိုးဟာ မပေးသင့်ဘဲ ပေးလိုက်ရလို့ ကျမ စိတ်တိုခဲ့ပေမဲ့ ငါတို့တော့ ရှုံးမှာပဲဆိုတဲ့ စိတ်မျိုး တခါမှ မဝင်ခဲ့ဘူး။ ကျမတို့ ဒီအကျပ်အတည်းကို ကျော်လွန်ပြီး နိုင်မယ်ဆိုတာကို သိနေတယ်။”

အမေရိကန်နဲ့ ပြင်သစ်တို့ရဲ့ ဆီမီးဖိုင်နယ်ပွဲအပြီး ဗုဒ္ဓဟူးနေ့ တနေ့တည်းမှာပဲ ဆွီဒင်နဲ့ ဂျပန်အသင်းတို့ ဒုတိယ ဆီမီးဖိုင်နယ်ပွဲ အဖြစ်နဲ့ ဆက်ကစားခဲ့ကြပါတယ်။ လက်ရှိချန်ပီယံလည်းဖြစ်၊ အိမ်ရှင်အသင်းလည်းဖြစ်တဲ့ ဂျာမဏီအသင်းကို နိုင်ပြီး ဆီမီးဖိုင်နယ် တက်လာတဲ့ ဂျပန်အသင်းက ဆွီဒင်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရပြီး ပထမဆုံးအကြိမ် အဖြစ်နဲ့ အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို တက်သွားခဲ့ပါတယ်။

လာမယ့် တနင်္ဂနွေမှာတော့ ချန်ပီယံ ၂ ခါရဖူးတဲ့ အမေရိကန်နဲ့ အခုမှ ပထမဆုံးအကြိမ် ဗိုလ်ပွဲကို တက်ဖူးတဲ့ ဂျပန်အသင်းတို့ ဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG