သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လျှပ်စစ်မီးရရေး ကမ္ဘာ့ဘဏ် သန်း ၁၄၀ ထုတ်ချေး


ကမ္ဘာ့ဘဏ်ကနေ ရန်ကုန်မြို့မှာ စက်တင်ဘာလ ၂၅ ရက် ၂၀၁၃ က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)။
ကမ္ဘာ့ဘဏ်ကနေ ရန်ကုန်မြို့မှာ စက်တင်ဘာလ ၂၅ ရက် ၂၀၁၃ က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)။
မြန်မာနိုင်ငံရဲ့ အဓိက လိုအပ်ချက်တခုဖြစ်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးမှာ ကမ္ဘာ့ဘဏ်ကနေ အကူအညီတွေ ပေးသွားမယ်လို့ ဘဏ်ရဲ့အကြီးအကဲတဦးက ဗွီအိုအေကို ပြောလိုက်ပါတယ်။ ပထမခြေလှမ်းအဖြစ် အမေရိကန်ဒေါ်လာ သန်း (၁၄၀) ကျော်ကို လျှပ်စစ်စွမ်းအင်ကဏ္ဍအတွက် အတိုးမဲ့ ထုတ်ချေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

အာရှမှာ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်နေတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ပိုမို ထုတ်လုပ်နိုင်ရေး ကမ္ဘာ့ဘဏ်က ပိုက်ဆံထုတ်ချေးပြီး ကူညီမှာ ဖြစ်ပါတယ်။ မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အားပေး တာဗိုင်အသစ် တည်ဆောက်ပေးဖို့အတွက် မြန်မာအစိုးရကို ကမ္ဘာ့ဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း (၁၄၀) အတိုးမဲ့ ထုတ်ချေးမှာပါ။

ဒီအစီစဉ်ကြောင့် လက်ရှိ သုံးနေတဲ့ လျှပ်စစ်ဓာတ်အားထက် ပိုပြီး နှစ်ဆခွဲလောက် ထုတ်ပေးနိုင်မှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဌ Axel van Trotsenburg က ဗွီအိုအေကို ပြောပါတယ်။

“ဟောင်းနွမ်းနေပြီဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေး တာဗိုင်တွေနေရာမှာ အစားထိုးမယ့် ဓာတ်အားပေး အသစ်တွေဟာ ဓာတ်ငွေ့ကို အရင် ပမာဏအတိုင်း သုံးမယ်ဆိုရင်တောင် လျှပ်စစ်စွမ်းအင် နှစ်ဆခွဲ ထုတ်လုပ်ပေးနိုင်မယ်။ ပတ်ဝန်းကျင်ညစ်နွမ်းမှုကိုလည်း ပိုပြီး လျော့နည်းစေမှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီအစီအစဉ်ဟာ မြန်မာအစိုးရရဲ့ စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုတွေမှာ ရေရှည်အထောက်အကူ ပေးနိုင်ရေးအတွက် သိပ်အရေးပါပါတယ်။”

ကမ္ဘာ့ဘဏ်ရဲ့ ဒီချေးငွေအစီအစဉ်ကို ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေကို ထောက်ပံ့ပေးနေတဲ့ IDA လို့ခေါ်တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးအသင်းကနေ ငွေကြေးပံ့ပိုးတာဖြစ်တယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ အလွန်အမင်း ဆင်းရဲမွဲတေမှုကို အဆုံးသတ်နိုင်ရေးနဲ့ ချမ်းသာကြွယ်ဝတာကို မျှဝေဖို့အတွက် အခုလို လျှပ်စစ်စွမ်းအင်ကဏ္ဍမှာ ကူညီထောက်ပံ့ပေးဖို့ လိုအပ်တယ်လို့ Axel van Trotsenburg က ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အကူအညီတွေ ပြန်ပြီးပေးရတဲ့အတွက် ကမ္ဘာ့ဘဏ်အနေနဲ့ ဝမ်းမြောက်မိတယ်လို့ သူက ဆိုပါတယ်။

“ပြီးခဲ့တဲ့နှစ်ကတည်းက မြန်မာအစိုးရကို ကမ္ဘာ့ဘဏ်အနေနဲ့ ပြန်ပြီး အကူအညီတွေ ပေးခဲ့တာပါ။ လူမှုအဖွဲ့အစည်းတွေ ကူညီထောက်ပံ့ရေး အစီအစဉ်နဲ့ အမေရိကန်ဒေါ်လာ သန်း (၈၀) ကျော် ထုတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကနေ ကမ္ဘာ့ဘဏ်ကို ပြန်ဆပ်ရမယ့် အကြွေး ဒီနှစ်အစောပိုင်းမှာ လျှော့ပေးခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ မြန်မာအစိုးရ ဆက်ဆံရေး ကောင်းမွန်လာတာကြောင့် မေလမှာ ကမ္ဘာ့ဘဏ်ရုံးခွဲကို မြန်မာနိုင်ငံမှာ တရားဝင် ဖွင့်လှစ်ခွင့်ရခဲ့ပြီး နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးမှာ ကူညီထောက်ပံ့ပေးရတဲ့အတွက် ကျနော်တို့ ဝမ်းသာမိပါတယ်။ အထူးသဖြင့် အင်မတန်မှ လိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေးမှာ ကမ္ဘာ့ဘဏ်အနေနဲ့ အကူအညီတွေ ပေးနေပါတယ်။”

မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီတာခ နှုန်းဟာ အရှေ့တောင်အာရှမှာဆိုရင် အနိမ့်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိ လူဦးရေရဲ့ ရာခိုင်နှုန်း ၇၀ ကျော်ဟာ လျှပ်စစ်မီး မသုံးနိုင်ကြပါဘူး။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ မူလတန်းပြ ဆရာမလုပ်နေတဲ့ ဒေါ်မြမာလာချိုက သူတို့ဒေသတွေမှာ လျှပ်စစ်မီးမရလို့ ကလေးတွေ ပညာသင်ယူတဲ့နေရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်ကို ပြောဆိုသွားပါတယ်။

“ညီမတာဝန်ကျတဲ့ တောဘက်ကပေါ့၊ သူတို့ဆိုရင် ရေနံဆီမီးခွက်၊ ဖယောင်းတိုင်မီးပေ့ါ၊ ဘက္ထရီမီးလေးတွေလေ၊ အဲဒီလိုမျိုးလေးတွေပဲ အသုံးပြုရတယ်။ ကိုယ့်သားသမီးတွေလိုပဲ ဖြစ်နေလို့ပါ။”

ညောင်တုန်းမြို့နယ်မှာ ဆေးကုသပေးနေတဲ့ ဒေါက်တာလွမ်းဝေကလည်း လျှပ်စစ်မီး အခက်အခဲနဲ့ပတ်သက်လို့ ကမ္ဘာ့ဘဏ်ကို အခုလို ပြောပြပါတယ်။

“ဒီလျှပ်စစ်ကြောင့် ဒီပစ္စည်းတွေကလည်း မထားပေးနိုင်တဲ့အတွက်၊ Store မလုပ်နိုင်တဲ့အတွက် တိုးတက်မှုက မရှိတဲ့အပြင်၊ မလိုလားအပ်ဘဲ လူတွေ ရန်ကုန်သွားရတယ်၊ လမ်းစားရိတ်ကုန်တယ်။ လမ်းမှာတင် အသက်အန္တရာယ်နဲ့ ဆုံးရှုံးရတယ်။”

ဘလော့ဂါ ကိုနေဘုန်းလတ်ကတော့ ကလေးသူငယ်တွေရဲ့ နည်းပညာ လေ့လာသင်ကြားရေး တိုးတက်လာစေဖို့ လျှပ်စစ်မီး ပုံမှန်ရရှိဖို့ဟာ အရေးပါတယ်လို့ ကမ္ဘာ့ဘဏ်ကို ပြောပါတယ်။

“နည်းပညာပေါ့နော်၊ ကွန်ပြူတာတို့ အင်တာနက်တို့ ဒါတွေက Tool တခုအနေနဲ့ ကိရိယာတန်ဆာပလာ တခုအနေနဲ့ ပညာရေးမှာ ထည့်သုံးရမှာတွေ ရှိတာပေါ့။ အဲဒီတော့ ကလေးတွေအနေနဲ့က ဒီကွန်ပြူတာတို့ အင်တာနက်တို့နဲ့ Familiar ဖြစ်နေသင့်တာပေါ့နော်၊ ရင်းနှီးကျွမ်းဝင်နေသင့်တာပေါ့။ ဒါပေမဲ့ ပြဿနာက အခြေခံအကျဆုံး အခက်အခဲဖြစ်တဲ့ ဒီလျှပ်စစ်မီး ကိစ္စပေါ့နော်။ အဲဒီအခြေခံအကျဆုံး အခက်အခဲဖြစ်တဲ့ လျှပ်စစ်မီးကိစ္စကို ကျနော်တို့က အရင် မရှင်းဘူးဆိုရင် ဘယ်လောက်ပဲ အင်တာနက်လိုင်းတွေ ချပေးချပေး၊ ဘယ်လောက်ပဲ တယ်လီဖုန်းတွေ ပေးပေး၊ ဘယ်လောက်ပဲ ကွန်ပြူတာတွေ ပေးပေး ကျနော်တို့က ဒီလျှပ်စစ်မီး မရှိဘူးဆိုရင် ဘယ်လိုမှ ရှေ့ဆက်တက်လို့ မရဘူး။”

ကမ္ဘာ့ဘဏ်က ထုတ်ချေးမယ့် အစီအစဉ်နဲ့ ပြန်ပြီးတည်ဆောက်မယ့် သထုံလျှပ်စစ်ဓာတ်အားပေး တာဗိုင်စက်ရုံအသစ်ကနေ မီဂါဝပ် ၁၀၆ လောက် ထုတ်ပေးနိုင်မှာဖြစ်ပြီး ကာဗွန်ဓာတ်ငွေ့ထုတ်လုပ်မှုကိုလည်း လျော့နည်းစေမှာ ဖြစ်ပါတယ်။ အဲဒီစက်ရုံကနေ ထုတ်လုပ်မယ့် လျှပ်စစ်ဓာတ်အားကို ဒေသအတွက်ရော၊ တနိုင်ငံလုံးအတွက်ပါ ပေးနိုင်မယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေဟာလည်း အစိုးရဝန်ကြီးဌာနတွေရဲ့ ဖံ့ွဖြိုးရေးစီမံကိန်းတွေကို အထောက်အပံ့ပေးမှာ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG