သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေ အခက်အခဲ IFC ထုတ်ပြန်


ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်။ စက်တင်ဘာ ၃၊ ၂၀၁၂။
ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်။ စက်တင်ဘာ ၃၊ ၂၀၁၂။

မြန်မာ့ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ ငွေကြေးအကူအညီ ရရှိနိုင်မှု၊ မြေယာ အခက်အခဲ၊ လျှပ်စစ်မီးပုံမှန် မရရှိတဲ့ အခက်အခဲ နဲ့ ကျွမ်းကျင် အလုပ်သမားတွေ ရှားပါးနေမှု စ တဲ့ အဟန့်အတားတွေ ကြုံတွေ့နေရတယ်လို့ ကမ္ဘာ့ဘဏ်အုပ်စု အဖွဲ့ဝင် International Finance Corporation က တာဝန်ရှိသူ တစ်ဦးက ပြောဆိုလိုက်ပါတယ်။ ဒီအဟန့်အတားတွေနဲ့ ဖြေရှင်းနိုင်မယ့် အကြံပြုချက်တွေ ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာနိုင်ငံအတွက် ပထမဦးဆုံးထုတ်ပြန်တဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်အခြေအနေ ဆန်းစစ်လေ့လာချက် အစီအရင်ခံစာ မှာဖော်ပြထားတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

မြန်မာ့ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေ ကြုံတွေ့နေရတဲ့ အဟန့်အတားတွေအနက် စီးပွားရေးလုပ်ငန်းတွေ စတင်ဖို့၊ တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်တဲ့ ငွေကြေးအကူအညီ ရရှိနိုင်မှုနဲ့ မြေယာအခက်အခဲတွေကို အဓိက ကြုံတွေ့နေရတာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုက ထုတ်ဝေတဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်အခြေအနေ ဆန်းစစ်လေ့လာချက် အစီရင်ခံစာ ရေးသားရာမှာ ပါဝင်ခဲ့တဲ့ Charles Schneider က ပြောဆိုလိုက်ပါတယ်။

"ဒီအစီရင်ခံစာရေးသားရာမှာ ရှာဖွေတွေ့ရှိတဲ့ အဓိက အဟန့်အတားဖြစ်တဲ့ အချက်ကတော့ ငွေကြေး အကူအညီ လွယ်လွယ်ကူကူ မရတဲ့ အခက်အခဲပဲဖြစ်ပါတယ်။ အစီရင်ခံစာအတွက် စစ်တမ်းကောက်ယူခဲ့တုန်းက လူ ၄ ယောက်မှာ ၁ ယောက်လောက်က စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာ မှာ ငွေရေးကြေးရေး အခက်အခဲ ကြုံတွေ့နေရတယ်လို့ ရှာဖွေတွေ့ရှိ ပါတယ်။ နောက်ထပ် အဓိက အဟန့်အတား ကတော့ မြေယာ အခက်အခဲပဲ ဖြစ်ပါတယ်။ စစ်တမ်းကောက်ယူထားတဲ့ အရေအတွက်ရဲ့ ၂၀ ရာခိုင်နှုန်းကတော့ သူတို့ စီးပွားရေးလုပ်ငန်းတွေ စတင်လုပ်ကိုင်ဖို့၊ တိုးချဲ့လုပ်ကိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ မြေယာတွေ ရဖို့ အခက်အခဲတွေရှိတယ်လို့ တေ့ွရှိပါတယ်။"

ငွေကြေးနဲ့ မြေယာအခက်အခဲတွေပြီးရင်တော့ လျှပ်စစ်မီး ပုံမှန်မရရှိတဲ့ အခက်အခဲနဲ့ ကျွမ်းကျင်အလုပ်သမား ရှားပါးတဲ့ အခက်အခဲတွေကို ပုဂ္ဂလိက လုပ်ငန်းရှင် အများအပြားက ကြုံတွေ့နေရတယ်လို့ အစီရင်ခံစာ ရေးသားဖို့ စစ်တမ်းကောက်ယူရာမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

ဒီအဟန့်အတားတွေကို ဖြေရှင်းဖို့အတွက် အစိုးရ-ပုဂလိက တွေ့ဆုံဆွေးနွေးပွဲတွေ ကို ပုံမှန်ကျင်းပပြီးကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဆွေးနွေးပြီး ဖြေရှင်းကြဖို့ ကမ္ဘာ့ဘဏ် အုပ်စုက အကြုံပြုတယ်လို့လည်း Mr. Schneider က ပြောပါတယ်။
ငွေကြေးအကူအညီ ရရှိနိုင်မှု အခက်အခဲကို ဖြေရှင်းဖို့ အတွက် ငွေစုငွေချေး အသင်းတွေ တည်ထောင်ဖို့၊ အပေါင်ခံပစ္စည်းနဲ့ ချေးငှားတဲ့ စနစ်ကို တိုးမြှင့်ပေးဖို့ စတဲ့ ငွေကြေးဆိုင်ရာ အခြေခံအဆောက်အအုံကို တိုးတက်လာအောင် ဆောင်ရွက်ဖို့ အစီရင်ခံစာမှာ အကြံပြုထားတယ်လို့ အခုလို ပြောပါတယ်။

"ငွေကြေးအခက်အခဲတွေကို ကူညီဖို့ ဖြေရှင်းမယ့် နည်းလမ်းတွေ အတော်များများ ရှိပါတယ်။ ငွေစုငွေချေးအသင်းတွေ တည်ထောင်မယ်၊ အပေါင်ခံပစ္စည်း နဲ့ ငွေချေးတဲ့ စနစ်ကို တိုးမြှင့်ပေးမယ် စတဲ့ ငွေကြေးဆိုင်ရာ အခြေခံအဆောက်အအုံကို တိုးတက်လာအောင် ဆောင်ရွက်မယ်ဆိုရင်တော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ အနေနဲ့ ငွေကြေးအကူအညီတွေ ပိုရနိုင်တာပေါ့ဗျာ။"

ကမ္ဘာ့ဘဏ်အဖွဲ့ဝင် International Finance Corporation အဖွဲ့အနေနဲ့လည်း ငွေကြေးအခက်အခဲတွေ့နေရတဲ့ ပုဂ္ဂလိက အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေအတွက်လည်း အသေးစားငွေချေး လုပ်ငန်းတွေကို အကူအညီပေးနေတယ်လို့လည်း သူက ပြောပါတယ်။

"ကျွန်တော်တို့အနေနဲ့ ငွေကြေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ ပိုမိုကောင်းမွန်လာဖို့ အတွက် အကူအညီတွေ ပေးနေပါတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို ချေးငွေချပေးနိုင်ဖို့ ဘဏ်တွေကို အကူအညီပေးနေ သလို အသေးစားငွေချေးလုပ်ငန်းတွေကိုလည်း ကူညီပေးနေပါတယ်။ ကျွန်တော်တို့ International Finance Corporation အနေနဲ့ ဘဏ်တွေနဲ့ အသေးစားငွေချေး လုပ်ငန်းတွေထဲကို ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ငွေကြေးအကူအညီ အမှန်တကယ် လိုအပ်နေတဲ့ ပုဂ္ဂလိက စီးပွားရေးတွေ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ကူညီနေတာဖြစ်ပါတယ်။"

ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်အခြေအနေ ဆန်းစစ်လေ့လာချက် အစီရင်ခံစာတွေကို International Finance Corporation က နိုင်ငံပေါင်း ၁၀၀ ကျော်အတွက် ရေးသား ထုတ်ဝေပေးခဲ့ပြီး မြန်မာနိုင်ငံအတွက်တော့ ၂၀၁၅ ခုနှစ်မှာ ပထမဦးဆုံး အကြိမ် ရေးသားထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဒီအစီရင်ခံစာမှာ စီးပွားရေးလုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ အဟန့်အတားတွေ၊ အစိုးရရဲ့ တာဝန်ယူကြီးကြပ်မှုနဲ့ အသွင်ကူးပြောင်းရေးကာလမှာ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာဖို့ ဆက်လက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ အကြောင်း ရေးသားဖော်ပြထားပါတယ်။

XS
SM
MD
LG