သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၃၀ အမီ မြန်မာတပြည်လုံး လျှပ်စစ်မီးနဲ့အရည်အသွေးမီ ကျန်းမာရေးစောင့်ရှောက်မှုရရေး ကမ္ဘာ့ဘဏ်ကူမည်


မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်မှာ သမ္မတဦးသိန်းစိန်နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim တို့အား အတူတွေ့ရစဉ်။ (ဇန်နဝါရီ ၂၇၊ ၂၀၁၄)
မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်မှာ သမ္မတဦးသိန်းစိန်နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim တို့အား အတူတွေ့ရစဉ်။ (ဇန်နဝါရီ ၂၇၊ ၂၀၁၄)
မြန်မာနိုင်ငံတွင်း ၂၀၃၀ ခုနှစ်မှာ ပြည်သူအားလုံး လျှပ်စစ်မီးရရှိရေးနဲ့ အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးဆိုတဲ့ မြန်မာအစိုးရရဲ့ ရည်မှန်းချက်အတွက် ကမ္ဘာ့ဘဏ်အနေနဲ့ အမေရိကန်ဒေါ်လာ သန်း (၂,၀၀၀) ပမာဏရှိတဲ့ နှစ်ရှည်ဖွံ့ဖြိုးရေးအစီအစဉ် ဆောင်ရွက်သွားမယ်လို့ ကမ္ဘာဘဏ် ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ အထူးသဖြင့်တော့ လျှပ်စစ်မီးရရှိရေး အတွက် ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေးပိုင်းတွေမှာ ဒေါ်လာ သန်းတထောင် အကုန်အကျခံသွားမယ်လို့ ပြောပါတယ်။ ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်သွားတဲ့ ကမ္ဘာဘဏ်ဥက္ကဋ္ဌရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့တော့ ရန်ကုန်ရုံးခွဲ ကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ပိုပြီးအားဖြစ်လာစေဖို့နဲ့ မြန်မာလူထုရဲ့ လူနေမှုဘဝတွေ မြင့်တက်လာစေဖို့ ကမ္ဘာဘဏ်အနေနဲ့ အခုလို အကူအညီတွေပေးသွားမယ်လို့ ကမ္ဘာဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကမ်က ဒီကနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေကို ချီးကျူးပြောဆိုခဲ့သလို မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေး ဒီမိုကရေစီရေနဲ့ ဈေးကွက်စီးပွားရေးတခါးဖွင့်မှုတွေလုပ်လာပြီး ဒေသတွင်းနဲ့လည်း တစည်းတလုံးတည်း ရှိလာတယ်လို့ ပြောပါတယ်။ အမျိုးသားထုတ်ကုန်ပမာဏတိုးများလာသလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာလည်း သုံးဆလောက်အထိ တက်လာတယ်လို့ ပြောသွားပါတယ်။

“ကမ္ဘာ့ဘဏ်အုပ်စုနဲ့အတူ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း IFC နဲ့ နိုင်ငံစုံအကျိုးတူ ရင်းနှီးမြှုပ်နှံမှုအာမခံရေး အေဂျင်စီ MEGA အဖွဲ့တွေဟာ မြန်မာလူထုအားလုံးရဲ့ လူနေမှုဘ၀ မြင့်တက်လာရေးအတွက် ဒီပြုပြင်ပြောင်းလဲမှုတွေကို အကူအညီတွေပေးသွားဖို့ ပိုင်းဖြတ်ထားပါတယ်။ အစိတ်အပိုင်းတရပ်အနေနဲ့ အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ပမာဏ နှစ်ရှည်ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် ရှိပါတယ်။ ဒါဟာဆိုရင် ၂၀၃၀ ပြည့်နှစ်မှာ လူတိုင်း လျှပ်စစ်မီးရစေရမယ်ဆိုတဲ့ မြန်မာ အစိုးရရဲ့ ရည်မှန်းချက်နဲ့ နိုင်ငံတကာအဆင့်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြားဖံ့ွဖြိုးရေး ရည်မှန်းချက်တွေအတွက် အထောက်အကူဖြစ်စေမှာပါ။”

ဒီပေးမယ့် အကူအညီထဲက ဒေါ်လာ သန်းတထောင်ကိုတော့ အရေးကြီးတဲ့ လူတိုင်းလျှပ်စစ်မီးရရှိရေး အတွက် အသုံးပြုမယ်လို့ဆိုပါတယ်။ လျှပ်စစ်မီးရရှိရေး ဟာ မြန်မာပြည်သူတွေရဲ့ လူနေမှုဘ၀ မြင့်တက်လာရေးသာမက စီးပွားရေး လုပ်ငန်းတွေအားကောင်းမောင်းသန်ဖြစ်လာဖို့အတွက်ပါ အရေးကြီးတယ်လို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ပြောသွားပါတယ်။

“လက်ရှိအားဖြင့် မြန်မာလူထု ၇၀% ဟာ လျှပ်စစ်မီးမရကြပါဘူး။ လျှပ်စစ်မီး ရရှိခြင်းဟာ ဆင်းရဲမှု လျှော့ပါးရေးကို အထောက်အပံ့ဖြစ်မှာပါ။ ကျောင်းသားတွေ ညပိုင်းမှာ စာဖတ်နိုင်ကြမယ်။ ဆေးရုံတွေမှာ လျှပ်စစ်မီးရတာကြောင့် စက်ပစ္စည်းနဲ့ နည်းပညာတွေ အသုံးပြုနိုင်ပါမယ်။ ဆေးဝါးတွေကို အအေးခန်းတွေမှာ ထားနိုင်မယ်။ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နိုင်မယ်။ ဒါကြောင့်လည်း လျှပ်စစ်မီး ရရှိရေးအတွက် ထုတ်လုပ်ရေး ဖြန့်ဖြူးရေးပိုင်းတွေ အတွက် အမေရိကန်ဒေါ်လာ သန်းတထောင် အသုံးပြုသွားပါမယ်။”

မြန်မာပြည်သူ ၇၅ % အထူးသဖြင့် ကျေးလက်နေပြည်သူတွေဟာ အရည်အသွေး ပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို မရကြသလို ဆေးဝါးကုသဖို့ ငွေကြေးမတတ်နိုင်တဲ့ ဆင်းရဲနွမ်းပါး သူတွေဖြစ်နေတယ်လို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ပြောပါတယ်။ ဒါကြောင့်လည်း အခု ဖွံ့ဖြိုးရေး အစီအစဉ်ထဲမှာ ကျန်းမာရေး စောင့်ရှောက်မှုကိစ္စကိုလည်း ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စအနေနဲ့ ထည့်သွင်းထားတယ်လို့ ပြောပါတယ်။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကမ်ဟာ ဒီကနေ့မှာပဲ မြန်မာသမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတု့ိအပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးချက်တွေမှာတော့ မြန်မာအစိုးရက ဆင်းရဲမွဲတေမှု လျော့ပါးရေး အတွက် ရည်မှန်းထားချက်တွေနဲ့ ကမ္ဘာ့ဘဏ်က ရည်မှန်းချက်တွေ အတော်လေး တူညီ နေတာကြောင့် ဒီအပေါ်မှာ လုပ်ငန်းတွေအပေါ် ဆွေးနွေးခဲ့ကြတယ်လို့ ကမ္ဘာ့ဘဏ် ရန်ကုန်ရုံး ပြန်ကြားရေးတာဝန်ခံ ကိုကျော်စိုးလင်းက ဗွီအိုအေကို ရှင်းပြခဲ့ပါတယ်။

“ကမ္ဘာ့ဘဏ်အုပ်စုရဲ့ရည်မှန်းချက် နှစ်ခုရှိပါတယ်။ အဲဒါကတော့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနဲ့ ချမ်းသာကြွယ်ဝမှုတွေကို ဝေမျှခံစားနိုင်ရေးဆိုတဲ့ ရည်မှန်းချက်န နှစ်ခုနဲ့ ဆောင်ရွက်နေတဲ့အခါမှာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဆိုတဲ့ နေရာမှာလည်း ကျေးလက်ဒေသမှာရှိတဲ့လူတွေရဲ့ ဘဝတွေကိုလည်း တိုးတက်ဖို့ ဆိုတဲ့ဟာမျိုးတွေ ပါပါတယ်။ အဲဒီလိုဆိုတော့ ဒီမြန်မာနိုင်ငံ လက်ရှိ အစိုးရမှာလည်း သူတို့ ဦးတည်ချက်ထားပြီး ဆောင်ရွက်နေတဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတို့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတို့ ဆိုတော့ မြန်မာနိုင်ငံအစိုးရက သွားနေတဲ့လမ်းကြောင်းနဲ့ ကျနော်တို့ ကမ္ဘာ့ဘဏ်အုပ်စုက သွားနေတဲ့ လမ်းကြောင်းက ကိုက်ညီနေတာ တွေ့ရပါတယ်ပေါ့။

“….ဆိုတဲ့အခါကျ- ဒီဘက်မှာရှိနေတဲ့ အစိုးရဘက်က ထားရှိတဲ့ သူတို့ရဲ့ ဖွံ့ဖြိုးရေး ဦးစားပေးလုပ်ငန်းတွေကိုလည်း ကျနော်တို့ဘက်က မေးမြန်းပြီးတော့မှ ဘာတွေဆက်လုပ်သွားသင့်တယ်ဆိုတာ အကြံဉာဏ် ယူပြီးတော့မှ ဆောင်ရွက်သွားမှာ၊ ဆွေးနွေးတာတွေ ရှိပါတယ်။”

ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ဆက်လက်ကူညီသွားမယ့် အကြောင်းလည်း ကတိပြုပြောဆိုသွားတယ်လို့ သိရပါတယ်။ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကမ်ဟာ ဒီကနေ့ပဲ နေပြည်တော်မှာ ပြုလုပ်သွားတဲ့ ဒုတိယအကြိမ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ဖော်ရမ်မှာလည်း မိန့်ခွန်းပြောခဲ့ပါတယ်။ ဒီကနေ့ညနေပိုင်းမှာတော့ နေပြည်တော် နိုင်ငံတကာ လေဆိပ်ကတဆင့် မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာက သတ်ဖြတ်ခံရတယ်ဆိုတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးသင့်တယ်လို့ ပြောခဲ့ပါတယ်။ ဒီလအတွင်းမှာပဲ ရခိုင်ပြည်နယ်၊ ဒုချီးရားတန်းကျေးရွာမှာ ရိုဟင်ဂျာမွတ်ဆလင် အနည်းဆုံး (၄၀) လောက် သတ်ဖြတ်ခံရတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့တဲ့အပေါ် မြန်မာအစိုးရအနေနဲ့ စုံစမ်းစစ်ဆေးရေးလုပ်ဖို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim က တနင်္လာနေ့မှာ တောင်းဆိုပါတယ်။

"အကြမ်းဖက်မှုတွေကို ကျနော်တို့ လျစ်လျှူရှုထားမှာ မဟုတ်ပါဘူး၊ နောက် အစိုးရအနေနဲ့လည်း ဒီကိစ္စ စုံစမ်းစစ်ဆေးရေးအတွက် အတတ်နိုင်ဆုံး နည်းလမ်းပေါင်းစုံ အသုံးပြုဆောင်ရွက်ပြီး သင့်လျော်တဲ့နည်းလမ်းနဲ့ တုံ့ပြန်ဆောင်ရွက်လိမ့်မယ်လို့ ကျနော်တို့မျှော်လင့်တဲ့အကြောင်း" - ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim က ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။ ဒီလ အစောပိုင်းတုန်းကပဲ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာက ဒေသခံ ရိုဟင်ဂျာမွတ်ဆလင်အနည်းဆုံး (၄၀) လောက် သတ်ဖြတ်ခံရတယ်ဆိုပြီး ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုခဲ့ကြတာပါ။ ဒုချီရားတန်းကျေးရွာမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမရှိပါဘူးဆိုပြီး ပြီးခဲ့တဲ့သောကြာနေ့တုန်းကပဲ မြန်မာပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ငြင်းဆိုထားတာလည်း ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG