သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အဂတိ လိုက်စားမှု အနည်းငယ် ကျဆင်း


Transparency International အဖွဲ့ရဲ့ ၂၀၁၅ ခုနှစ် အတွက် စစ်တမ်း
Transparency International အဖွဲ့ရဲ့ ၂၀၁၅ ခုနှစ် အတွက် စစ်တမ်း

မြန်မာနိုင်ငံရဲ့ အဂတိ လိုက်စားမှု အခြေအနေက ကမ္ဘာ့နိုင်ငံပေါင်း ၁၆၈ နိုင်ငံထဲမှာ အဆင့် ၁၄၇ မှာ ရှိနေတယ်လို့ စစ်တမ်းအသစ် တခုက ဖော်ပြလိုက်ပါတယ်။

ကမ္ဘာတဝန်းက နိုင်ငံပေါင်း ၁၆၈ နိုင်ငံရဲ့အဂတိလိုက်စားမှု အခြေအနေတွေကို စောင့်ကြည့်ပြီး ထုတ်ပြန်လိုက်တဲ့ Transparency International အဖွဲ့ရဲ့ ၂၀၁၅ ခုနှစ် အတွက် စစ်တမ်းသစ်မှာ အခုလို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

အဂတိ လိုက်စားမှု အခြေအနေမှာ မြန်မာနိုင်ငံက အဆင့် ၁၄၇ နဲ့ ဆိုးရွားနေဆဲ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက အဆင့် ၁၅၆ ဖြစ်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ် တုန်းကတော့ အဆင့် ၁၅၇ ဖြစ်ခဲ့တာနဲ့ ယှဉ်ရင်တော့ ပြီးခဲ့တဲ့နှစ် အတွင်း အဂတိလိုက်စား အခြေအနေက အနည်းငယ် တိုးတက်မှု ရှိလာတာ ဖြစ်ပါတယ်။

ဒါပေမယ့် အရှေ့တောင် အာရှ ဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကမ္ဘောဒီးယား နိုင်ငံပြီးရင် မြန်မာနိုင်ငံက အဂတိ လိုက်စားမှု အဆိုးဆုံးနိုင်ငံ အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အဂတိ လိုက်စားမှု အခြေအနေက အာဖရိက နိုင်ငံတွေ ဖြစ်တဲ့ ချဒ်၊ ဒီမိုကရက်တစ် ကွန်ဂို သမ္မတ နိုင်ငံတို့နဲ့ တန်းတူ ဖြစ်တယ်လို့လည်း Transparency International အဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အပါအဝင် ဖြစ်တဲ့ အာရှ ပစိဖိတ်ဒေသတွင်း အခြေအနေ တခုလုံးမှာတော့ အဂတိ လိုက်စားမှုက ဒေသတွင်းမှာ အဓိက ပြဿ နာ တခု အဖြစ် ရှိနေဆဲ ဖြစ်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အရေးယူ လုပ်ဆောင်မှု တိုးတက် ဖြစ်ထွန်းမှုကလည်း မဖြစ်စလောက်ဘဲ ရှိတယ်လို့ Transparency International အဖွဲ့ကြီးက ပြောဆိုပါတယ်။

ဒါပေမယ့် လူထုကြားမှာ အဂတိလိုက်စားမှု အခြေအနေကိုပြောင်းလဲလိုစိတ်က သိပ်ကို မြင့်တက်လာတာကိုတော့ ကောင်းမွန်တဲ့ အခြေအနေ အဖြစ် ဖော်ပြပေမယ့် အစိုးရတွေ ဘက်က အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို ထိရောက်အောင် လုပ်ဖို့ လိုအပ်နေသေးတယ်လို့လည်း ပြောဆိုထားပါတယ်။ ကမ္ဘာတလွှား အဂတိ လိုက်စားမှု အဆိုးရွားဆုံး နိုင်ငံတွေကတော့ မြောက်ကိုရီးယား၊ ဆိုမာလီယာနဲ့ အာဖဂနစ္စတန် နိုင်ငံတို့ ဖြစ်တယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

XS
SM
MD
LG