သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၈ FIFA ကမ္ဘာ့ဖလား ရုရှားမှာ ဇွန် ၁၄ စတင်


၂၀၁၈ FIFA ကမ္ဘာ့ဖလား ရုရှားမှာ ဇွန် ၁၃ စတင်
၂၀၁၈ FIFA ကမ္ဘာ့ဖလား ရုရှားမှာ ဇွန် ၁၃ စတင်

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဒီကနေ့ ကြာသပတေးနေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။ ဇွန်လ ၁၄ ရက်နေ့ကနေ ဇူလိုင်လ ၁၅ ရက်နေ့အထိ လနဲ့ချီကြာမြင့်မှာဖြစ်တဲ့ ဒီပွဲကို ရုရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမှာ ဖြစ်ပါတယ်။ ငွေကြေးအကုန်ကျများလှတဲ့ ကမ္ဘာ့ဖလားပွဲအတွက် ရုရှားဘက်က ဘယ်လောက် အဆင်သင့် ဖြစ်နေပါပြီလဲ။

ဒီကမ္ဘာ့ဖလားပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နံမယ်ကြီး ကစားသမားတွေနဲ့ အသင်းတွေရဲ့ အလားအလာနဲ့ မြန်မာပရိတ်သတ်ရဲ့ မျှော်လင့်ချက်တွေကိုပါ သိရအောင် အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ မြန်မာ့လက်ရွေးစင်ဂိုးသမားဟောင်းတဦးဖြစ်တဲ့ ကိုရင်ထွေးကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးမှာပါ။

၂၀၁၈ မှာ ကမ္ဘာ့ဖလားဘောလုံးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးဖို့ အရွေးခံရချိန်မှာ ကမ္ဘာ့နိုင်ငံတွေကို ရုရှားက အိမ်ရှင်ပီပီသသ ရင်ဖွင့်ကြိုဆိုမှာ ဖြစ်ကြောင်း ရုရှားသမ္မတ Vladimir Putin က ကတိပေးခဲ့တာဖြစ်ပြီး ရုရှားအစိုးရ ထုတ်ပြန်တဲ့ ဗီဒီယိုမှာတော့-

“ကမ္ဘာပေါ်မှာ အကောင်းဆုံးဘောလုံးအသင်းတွေနဲ့ ဘောလုံးပွဲကြည့်ပရိသတ် အားလုံးကိုကြိုဆိုပါတယ်။ ရုရှားကို ရောက်နေတဲ့သူတွေရော၊ နောက်ရောက်လာမယ့် ပရိသတ်တွေကိုရော ဒီနှစ် သမိုင်းဝင် FIFA ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးကနေ ကြိုဆိုပါတယ်။ ကမ္ဘာ့ဘောလုံး မိသားစုအားလုံးကိုလည်း နွေးထွေးစွာကြိုဆိုပါတယ်။ ဘောလုံးပွဲတွေကနေ မေ့မရနိုင်တဲ့ အမှတ်တရတွေ ရကြဖို့အပြင် ရုရှားနိုင်ငံကနေ မေ့မရတဲ့ အတွေ့အကြုံတွေ ရကြပါစေလို့ ဆုတောင်းပါတယ်။”

ကမ္ဘာ့ဖလားပွဲအတွက် ပြင်ဆင်စားရိတ်တွေ၊ ဧည့်စားရိတ်တွေ အပြင် လုံခြုံရေးကအစ လိုအပ်တာဖြစ်ပြီး ဒီပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ရတာဟာ ကုန်ကျစားရိတ်က ဒေါ်လာ ၁၂ ဘီလျံလောက် ရှိနေတာပါ။ ဒီလောက်အကုန်အကျခံပြီး ကျင်းပရပေမယ့် ရုရှားဘောလုံး အသင်းဟာ FIFA ဘောလုံးလောကမှာ အဆင့် ၇၀ ပဲရှိတာမို့ ရုရှားနိုင်ငံသားတွေကတော့ အဆိုးဆုံးကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားတယ်လို့ အားကစားသမားတွေက ပြောပါတယ်။ ရုရှား ဘောလုံးဝါသနာအိုး တွေကလည်း သူတို့နိုင်ငံမှာ လက်ခံကျင်းပနိုင်တာမို့ သိပ်ကို ပျော်နေကြတာပါ။

ကြာသပတေးနေ့ စတင်မယ့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အိမ်ရှင် ရုရှားနဲ့ ဆော်ဒီ အာရေဗျတို့က မော်စကိုကွင်းမှာ ဖွင့်ပွဲ ကစားကြမှာ ဖြစ်ပါတယ်။ သောကြာနေ့မှာတော့ အီဂျစ်နဲ့ ဥရုဂွေး၊ မော်ရိုကိုနဲ့ အီရန်၊ ပေါ်တူဂီနဲ့ စပိန်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဘောလုံး ဝါသနာကြီးလှတဲ့ မြန်မာပရိတ်သတ်ကလည်း ကမ္ဘာ့ဖလားပွဲကို စောင့်ကြည့်ဖို့ အသင့်ဖြစ်နေပြီလို့ မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း ကိုရင်ထွေးက ပြောပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပရိသတ်တွေရဲ့ အခြေအနေက ဘောလုံး လုံးနေရင် ဘယ်နေရာပဲဖြစ်ဖြစ် စိတ်ဝင်စားတယ်။ ဘောလုံးကန်နေတယ်ဆိုရင် ရပ်ကွက်ပဲဖြစ်ဖြစ်၊ မြို့နယ်ပဲဖြစ်ဖြစ်၊ လမ်းဘေးမှာဖြစ်ဖြစ် ဘေးနေရာဖြစ်ဖြစ် အားပေးကြတဲ့ စိတ်ဓါတ်တွေက ရှိနေတော့ အခုလို ကမ္ဘာ့ဖလားဘောလုံးပွဲကြီး စတဲ့အခါကြတော့ ပိုပြီးတော့ စိတ်ဝင်စားကြတယ်။ ပိုပြီးတော့ အားတက်သရောနဲ့ ထင်ကြေးတွေပေးနေကြတဲ့ အသင်းတွေလည်း အများကြီးပေါ့နော်။ ဘာကြောင့်လဲဆိုတော့ နက်ဖြန်ဆို စကြမယ့် ကမ္ဘာ့ဖလားပွဲမှာ ဘယ်သူနိုင်မယ်၊ ဘယ်အသင်းတွေ တက်နိုင်မယ် ဆိုတာတွေကလည်း အွန်လိုင်းတွေမှာရော၊ ဖေ့စ်ဘုတ်ခ်တွေမှာရော ရေးနေ၊ ပြောနေကြတာတွေ ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေဟာ ဘောလုံးကို တော်တော်စိတ်ဝင်စားကြပါတယ်ခင်ဗျ။"

နိုင်ငံပေါင်း ၄၈ နိုင်ငံက အသင်းပေါင်း ၃၂ သင်းမှာ အကွက်မိမိနဲ့ ကစားနိုင်ဆုံးအသင်းက ဂျာမနီအသင်းဖြစ်ပြီး မြန်မာအများစုက အင်္ဂလန်အသင်းကို နိုင်စေချင်တာတွေ့ရတယ်လို့ ပြောပါတယ်။

“ကျနော်စိတ်ဝင်စားဆုံး ဘောလုံးအသင်းက ဂျာမနီ ဘောလုံးအသင်းခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ဂျာမနီကစားခဲ့တဲ့ ကစားကွက်မှာ တသင်းလုံးအရရော၊ တယောက်ချင်းရော စည်းလုံးမှုတွေပေါ့နော်။ အဲဒီလိုတွေ ကစားလာတဲ့အခါကျတော့ လက်ရှိကမ္ဘာဖလားပြိုင်ပွဲ ဘောလုံးအသင်းတွေမှာ နံပါတ်၁ ပေးတဲ့အသင်းက ဂျာမနီဘောလုံးအသင်းဖြစ်တယ်။”

ဘောလုံးသမားတွေထဲမှာ အာဂျင်တီးနားက မက်ဆီ၊ ပေါ်တူဂီက ရော်နယ်ဒို၊ ဘရာဇီးကနီမာတို့ဟာ မြန်မာပရိတ်သတ် တွေရဲ့ အသဲစွဲကစားသမားတွေ ဖြစ်ပါတယ်။

ဘောလုံးအသင်းတွေထဲမှာ နံမယ်အသင့်အတင့်ပဲ ရှိတဲ့ ၂ သင်းဖြစ်တဲ့ ရုရှားနဲ့ ဆော်ဒီအာရေဗျတို့ ကစားကြမယ့် ကြာသပတေးနေ့ ဖွင့်ပွဲမှာ အိမ်ရှင်ရုရှားက အားသာနိုင်တယ်လို့ ကိုရင်ထွေးက ခန့်မှန်းပါတယ်။

၂၀၁၈ ခုနှစ် အတွက် ကမ္ဘာ့ဖလားပွဲကို ရုရှားနိုင်ငံမှာ ကျင်းပသလို ၂၀၂၂ ခုနှစ် အတွက် ကမ္ဘာ့ဖလား ဘောလုံးပွဲကိုတော့ ကာတာနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေမှာ ၃၂ သင်းကစားနေတာကနေ ၂၀၂၆ ခုနှစ်မှာတော့ ၄၈ သင်းထိ ပါဝင် ကစားကြမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် FIFA က ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန် ပြည်ထောင်စုတို့ကို ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲ အတွက် ပူးတွဲပြီး အိမ်ရှင်အဖြစ် ကျင်းပခွင့်ပေးခဲ့ပါတယ်။ မော်ရိုကိုနဲ့ ယှဉ်ပြိုင်ပြီး အရွေးချယ်ခံခဲ့တဲ့ ဒီသုံးနိုင်ငံ အဖွဲ့ကို FIFA အဖွဲ့ဝင် နိုင်ငံတွေက ထောက်ခံမဲ ၁၃၄ မဲ ကန့်ကွက်မဲ ၆၅ မဲနဲ့ မဲပေးရွေးချယ်လိုက်တာ ဖြစ်ပြီး သုံးနိုင်ငံ ပူးတွဲ ကျင်းပခွင့်ပေးလိုက်တာက FIFA ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် သမိုင်းမှာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG