သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာမြေကြီးနေ့ နဲ့ မြန်မာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး


ဧပြီလ ၂၂ ရက်နေ့ဟာ မြေကမ္ဘာနေ့ ဖြစ်ပါတယ်။ ၂၀၁၉ မြေကမ္ဘာနေ့ ဆောင်ပုဒ်အတိုင်း မျိုးတုံးကွယ်ပျောက်တော့မယ့် တောရိုင်း တိရိစ္ဆာန်တွေနဲ့ အပင်မျိုးစိတ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ အရေးကြီးသလို လွန်ကဲတဲ့ ဥတုရာသီဒဏ်ကို ထူးထူးကဲကဲ ခံစားနေရတဲ့ မြန်မာနိုင်ငံအတွက် လက်ရှိမှာ ရေကိုပါ ထိန်းသိမ်းကြဖို့ သဘာဝဝန်းကျင် ထိန်းသိမ်းရေးပညာရှင် တွေက သတိပေးနေပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးလာခဲ့တဲ့ နှစ်ပေါင်း ၁၅၀ ကျော်အတွင်း ကမ္ဘာတလွှားကြုံလာရတဲ့ ရိုက်ခတ်မှုတွေအတွက် ၁၉၇၀ မှာ သန်းနဲ့ချီတဲ့ ပြည်သူတွေ လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြတဲ့နောက် ကုလသမဂ္ဂက ဧပြီလ ၂၂ ရက်နေ့ကို မြေကမ္ဘာနေ့အဖြစ် တရားဝင် သတ်မှတ်ပြီး မြေကမ္ဘာထိန်းသိမ်းဖို့ လုပ်ဆောင်ခဲ့တာပါ။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် António Guterres ရဲ့ မြေကမ္ဘာနေ့အမှာစကားကို အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောပါတယ်။

“ဒီကနေ့ဟာ အမိ - မြေကမ္ဘာနေ့ပါ။ ဥတုရာသီ ပြောင်းလဲမှုလျော့ကျစေဖို့ လိုအပ်တာအားလုံးကို မြေကမ္ဘာနေ့မှာတင် မကပဲ နေ့စဉ်နေ့တိုင်း တတ်နိုင်တဲ့ဘက်က ပါဝင်လုပ်ဆောင်ကြဖို့ ကုလမဂ္ဂအတွင်းရေးမှူးချုပ်က ကျနော်တို့ အားလုံးကို တိုက်တွန်းလိုက်ပါတယ်။”

ကမ္ဘာမြေက တခုပဲရှိတာကြောင့် ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း သတိပေးပြောကြားခဲ့တာပါ။ မတ်လ ၃၀ ရက်နေ့က ကျရောက်တဲ့ Earth hour နေ့မှာတော့ ကမ္ဘာတလွှား ဥတုရာသီ ပြောင်းလဲမှု၊ သဘာဝမျိုးစိတ်တွေ မျိုးတုံးပျောက်ကွယ်မှု၊ သမုဒ္ဒရာ ညစ်ညမ်းလာမှု၊ မြေလွှာပြုန်းတီးပျက်စီးမှုနဲ့ ရေရှားလာတဲ့ ပြဿနာတွေရဲ့ ရိုက်ခတ်မှုကို လက်တွေ့ မြင်နေရပြီ ဖြစ်တဲ့အတွက် အရေးတကြီး အဖြေရှာကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့တာပါ။

လွန်ကဲတဲ့ ဥတုရာသီဒဏ်ကို ထူးထူးကဲကဲ ခံစားနေရတဲ့ မြန်မာနိုင်ငံမှာဆို အခုအချိန်ဟာ မီးနီပြ အချက်ပေးတဲ့ အချိန်မျိုး ရောက်နေပြီမို့ ရေ မြေတောတောင် တွေကို အရေးတကြီး ထိန်းသိမ်းကြဖို့ သဘာဝဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က သတိပေးပါတယ်။

“သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှ လူသားတွေနဲ့ ကမ္ဘာပေါ်မှာ ရှိတဲ့ တိရိစ္ဆာန်တွေအားလုံး အဓွန့်ရှည် နိုင်မယ်။ အဲဒါကြောင့် ထိန်းသိမ်းရတာဖြစ်တယ်။ မြန်မာပြည်အတွက်ဆိုရင် ရေရဲ့ အရေအတွက်နဲ့ အရည်အသွေးက အင်မတန်နည်းလာပြီ။ မြေအောက်ရေတွေ လည်း အင်မတန်ထုတ်သုံးနေတယ်။ ရေချိုရေတွေမှာလည်း ဆားငန်ရေတွေ ဝင်နေတယ်။ နောက်ပြီး မြေပြင်ပေါ်က ရေတွေကလည်း လုပ်ငန်းကြောင့်ဖြစ်ဖြစ်၊ လူတွေကြောင့်ဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် အားလုံးညစ်ညမ်းတော့ သောက်ရေသုံးရေမှာလည်း ဒုက္ခဖြစ်တယ်။ ဒါက အခုအချိန်မှာဆိုရင် အင်မတန်မှ မီးနီပြတဲ့ အခြေအနေရောက်နေပါပြီ။ အဲဒါကြောင့်မို့လို့ လူတိုင်းလူတိုင်း တာဝန်ရှိပါတယ်။”

မြေအောက်ရေပါ လျော့ပါးလာနေတာကြောင့် ရေအသုံးအစွဲကို ခြွေတာဖို့လိုသလို ရေပိုက်တွေယိုနေ ပေါက်နေတာတွေ့ရင် ချက်ချင်းပြင်ရမယ်ဆိုတဲ့ အသိရှိဖို့လည်း လိုအပ်တယ်လို့ ပြောပါတယ်။

ဒီနှစ်အတွက် မြေကမ္ဘာနေ့ဆောင်ပုဒ်က မျိုးတုန်းပျောက်ကွယ်မယ့် တောရိုင်းတိရိစ္တာန်တွေနဲ့ သဘောဝမျိုးစိတ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ အာရှဒေသ တလွှား မျိုးတုန်း ပျောက်ကွယ်လုနီး မျိုးစိတ်ပေါင်း ၅ ထောင်ကျော်ရှိတဲ့ ထဲက မဲခေါင်ဒေသမှာ ပျောက်ကွယ်လု မျိုးစိတ်ပေါင်း ၅၀၀ လောက် ရှိနေသလို မြန်မာနိုင်ငံ တနိုင်ငံထဲမှာတင် မျိုးစိတ်ပေါင်း ၃၃၁ အတွက် အန္တရာယ်ရှိနေတယ်လို့ ဆွစ်ဇာလန်အခြေစိုက် IUCN သဘာဝ တော်ရိုင်း ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က မတ်လ ထဲမှာ အစီရင်ခံစာ ထုတ်ပြန်ထားတာပါ။ ဒီမျိုးစိတ်တွေ မပျောက်ကွယ်အောင် အရေးတကြီး ထိန်းသိမ်းရေး အတွက် ပညာရှင်တွေနဲ့ အတူ အစိုးရက ဦးဆောင်ဖို့ လိုအပ်သလို မြန်မာ့ လူမှုအဖွဲ့အစည်း တွေရဲ့ အကူအညီတွေပါ လိုအပ်တယ်လို့ လည်း ဒေါ်အေးအေးကြည်က ပြောပါတယ်။

“အဓိကက သတ္တဝါတွေမှီတင်းနေထိုင်တဲ့ ရေ၊ မြေ၊ လေ အနေအထားတွေ မပျောက်ပြယ်ဘူးဆိုရင် သတ္တဝါတွေ ဆက်လက်တည်ရှိနေမှာဖြစ်တယ်။ သူတို့လိုအပ်တဲ့အခြေအနေမှာ မရတော့ဘူးဆိုရင် သူတို့ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ သတ္တဝါတွေဟာ မြေကို မှီပြီးနေရတာဖြစ်တယ်၊ အဲဒီတော့ အိမ်ဆောက်လိုက်မယ်၊ လုပ်ငန်းတွေ လုပ်လိုက်မယ်လို့ စဉ်းစားလိုက်ရင် မျိုးတုံးတော့မယ့် ပျောက်ကွယ်သွားတော့မယ့် သတ္တဝါတွေ အဲဒီဒေသမှာ ဘယ်လောက်ရှိသလဲဆိုတာ အင်တိုက်အားတိုက် တကယ်ကို အလေးအနက်ထားပြီးတော့ လုပ်တဲ့ပုံစံမျိုး လုပ်သင့်ပါတယ်။ မြန်မာပြည်မှာ အဲလို လူမှုအဖွဲ့အစည်းတွေ နောက်ခံအဖွဲ့အစည်းတွေက အားနည်းနေတယ် လိုနေတယ် အဲဒီတော့ အဲဒါတွေကိုလည်း အားပေးဖို့လိုတယ်။”

မြေကမ္ဘာနေ့ ကျင်းပလာတာ ၂၀၂၀ မှာ နှစ် ၅၀ ပြည့်တော့မှာ ဖြစ်ပြီး မနှစ်က မြေကမ္ဘာနေ့က ပလစ်စတစ်ညစ်ညမ်းမှု အန္တရာယ်ကို သတိပေးခဲ့သလို ဒီနှစ်မှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ မျိုးစိတ်တွေကို ကာကွယ်စောင့်ရှောက် ကြဖို့ သတိပေးထား တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG