သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလပ်စတစ်အသုံးပြုမှုလျှော့ကျရေးနဲ့ ကမ္ဘာ့ပတ်ဝန်းကျင်


ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်နေ့ နိုင်ငံတော်သမ္မတ မိန့်ခွန်းပြော (Myanmar President Office)
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်နေ့ နိုင်ငံတော်သမ္မတ မိန့်ခွန်းပြော (Myanmar President Office)

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ဒီနှစ်အတွင်း ပလပ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ရေးကို အဓိကထားပြီး စည်းရုံးလှုံ့ဆော်ပညာပေးတာတွေ လုပ်ဆောင်နေကြပါတယ်။ ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပလပ်စတစ်လျော့ချ သုံးစွဲကြဖို့ မြန်မာပြည်တွင်းက အဖွဲ့အစည်းတွေ ဘယ်လိုဆောင်ရွက်နေကြလဲဆိုတာ ဗွီအိုအေရဲ့ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးသွားမှာပါ။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က သဘာဝပတ်ဝန်းကျင်ပျက်စီးစေနိုင်တဲ့ ပလပ်စတစ်သုံးစွဲမှုလျှော့ချရေးမှာ အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ နေပြည်တော်မှာဒီကနေ့ကျင်းပတဲ့ ကမ္ဘာ့ပတ်ဝန်းကျင်နေ့ အထိမ်းအမှတ် အခမ်းအနားမှ တိုက်တွန်းလိုက်ပါတယ်။

“အခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ပုဒ်အဖြစ် ပလပ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့ Beat Plastic Pollution ဆောင်ပုဒ်ရဲ့ ရည်ရွယ်ချက်ကတော့ ပင်လယ်သမုဒ္ဒရာများကို အဏ္ဍဝါသက်ရှိ များရဲ့ အသက်ရှင်နေထိုင်မှုနဲ့ လူသားတွေရဲ့ ကျန်းမာရေးကိုခြိမ်းခြောက်နေတဲ့ တစ်ခါသုံး ပလပ်စတစ်များ ထုတ်လုပ်သုံးစွဲမှုကိုလျှော့ချဖို့ ရေရှည်စဉ်ဆက်မပြတ် တည်တံ့စေမယ့် အခြားနည်းလမ်းများကို အချင်းချင်း မျှဝေပြီး အတူတကွပူပေါင်းရှာဖွေ ဖော်ထုတ်ကြဖို့ အစိုးရများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်သူအစုအဖွဲ့ များနဲ့တစ်ဦးချင်းစီကို တိုက်တွန်းထားခြင်း ဖြစ်ပါတယ်။ နိုင်ငံသားတိုင်းအနေနဲ့ ပလပ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြဖို့အတွက် အလေးထား ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။”

အခုဆိုရင် ရန်ကုန်တစ်မြို့လုံးရဲ့ စွန့်ပစ်အမှိုက်က တစ်ရက်ကို တန်ချိန် ၂၃၀၀ ကျော်ရှိပါတယ်။ တန်ချိန် ၄၀၀လောက်က အသုံးပြုပြီးသား ပလပ်စတစ်အမှိုက်တွေပါ။ အဲဒီအမှိုက်တွေကို စည်ပင်သာယာ အမှိုက်ပုံ လေးခုကိုခွဲပြီးပို့ပါတယ်။ လွန်ခဲ့တဲ့လက ဆယ်ရက်လောက်နီးပါး မီးလောင်ကျွမ်းခဲ့တဲ့ စတုရန်းဧက ၂၅၀လောက် ရှိတဲ့ ထိန်ပင်အမှိုက်ပုံက ထွက်တဲ့ ပလပ်စမီးခိုးငွေ့တွေ တစ်မြို့လုံးကိုပြန့်နှံ့သွားပြီးနောက်ပိုင်း ပလပ်စတစ် အမှိုက်ပြဿနာက ရန်ကုန်မြို့ အတွက် စဉ်းစားစရာတစ်ခုဖြစ်လာပါတယ်။

လက်ရှိအသုံးပြုနေတဲ့ အမှိုက်ပုံတွေက နှစ်အနည်းငယ်လောက်မှာ ရပ်နားရတော့မှာမို့ အဆင့်မြင့် နည်းပညာသုံးပြီး အမှိုက်ကိုဖျက်ဆီးပစ်နိုင်တဲ့ နည်းပညာကို လုပ်ဆောင်သင့်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဒေါက်တာ အောင်မြင့်မော်ကပြောပါတယ်။

“ထိန်ပင်မှာဆိုရင် မြေဧက ၂၄၀ လောက်ရှိတယ်၊ ဧက ၂၄၀ပေါ်မှာ နေ့စဉ် တန်ချိန်၁၀၀၀ပုံနေတော့ အလွတ်ဆိုရင် ဧက ၄၀ လောက်ပဲကျန်တော့တယ်။ နောက်ထပ် ၂နှစ် ၃နှစ်လောက်ဆိုရင် ပြည့်တော့မယ်။ Urban Planning မှာကိုက ကျွန်တော်တို့ အမှိုက်ပုံဖို့နေရာကို ပေးမထားခဲ့ဘူး။ သုသာန်ကိုပဲ ပေးထားခဲ့တယ်။ သုဿန်မြေနေရာကနေ ဖဲ့ထုတ်ပြီးတော့မှ အမှိုက်ပုံနေတာကို သုံးနေတာဆိုတော့ လက်ရှိ ကျွန်တော်တို့ အသုံးပြုနေတဲ့ ရန်ကုန်မြို့ပေါ်က အမှိုက်ပုံငါးနေရာ ဆိုလို့ရှိရင် နောက်ငါးနှစ်မှာ နောက်ထပ် အမှိုက်ပုံလို့ မရတော့ဘူး။ ဒါကြောင့် ကျွန်တော့် suggestion ကအမှိုက်ကို မီးရှို့ပြီး လျှပ်စစ်ထုတ်တာရှိတယ်။ Gas ထုတ်တာရှိတယ်။ နည်းပညာနဲ့ investment နဲ့ Hi Technology ကိုသုံးမယ်ဆိုရင်နောက်ထပ် နှစ်သုံးဆယ်ထိ သုံးနိုင်ပါတယ်။”

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မြစ်ချောင်းတွေထဲကို စီးဝင်နေတဲ့ အမှိုက်က တစ်ရက်ကိုတန်ချိန် ၂၀၀ လောက် ရှိပါတယ်။ ပလပ်စတစ်အမှိုက်တွေ စည်းကမ်းမဲ့ မစွန့်ပစ်ဖို့ ပညာပေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ပရဟိတအဖွဲ့တွေထဲမှာ စိမ်းလန်းပြင်ဦးလွင်လည်း ပါပါတယ်။ ပလပ်စတစ်တွေ အလွန်အကျွံသုံးစွဲ လာတာကိုတားဆီးဖို့ ၂၀၁၁ ကတည်းကစပြီးလုပ်ဆောင်နေတဲ့အကြောင်း စိမ်းလန်းပြင်ဦးလွင်အဖွဲ့ ဥက္ကဌ ဦးလေးမြင့်အောင်ကပြောပါတယ်။

“မေမြို့မှာရှိတဲ့ ရေကန်တော်တော်များများကလည်း ဒီပလပ်စတစ်တွေ၊ ပလပ်စတစ်တွေနဲ့။ မေမြို့မှာ မြို့လယ်ဖြတ်သွားတဲ့ ချောင်းနှစ်ချောင်းရှိတယ်။ အဲဒီချောင်းမှာလည်း ပလပ်စတစ် အန္တရာယ်တွေ ကြုံနေ ရတာပေါ့ဗျာ။ အဲဒါကြောင့်မလို့ ကျွန်တော်တို့က ဒီအမှိုက်နဲ့ပတ်သတ်ရင် လူတွေမှာ အသိအမြင် အားနည်း သေးတယ်။ အားနည်းတော့ ဒါတွေကဖြစ်ချင်တိုင်းဖြစ်နေကြတာပေါ့။ တော်တော်များများက ဒီပလပ်စတစ် တွေကို အလွန်အကျွံသုံးစွဲတဲ့ ပြဿနာက ကျွန်တော်တို့ရဲ့ ကျန်းမာရေးထိခိုက်မှုနဲ့ ကြုံနေရတာပေါ့။ အဲဒါ ကြောင့်မလို့ ကျွန်တော်တို့က ပလပ်စတစ်အန္တရာယ်လျော့ချရေး ပုံမှန်ကတော့ ကျွန်တော်လုပ်ဖြစ်တယ်ဗျ။”

ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်ပြန်ပွားဖို့ ရည်ရွယ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေကို ၂၀၁၂ မှာ ပြဌာန်းခဲ့ပါတယ်။ လူထုလိုက်နာမှုကတော့ အားနည်းနေဆဲဖြစ်တာမို့ နောင်အနာဂတ်မျိုးဆက် အတွက်စိုးရိမ်စရာဖြစ်တယ်လို့ ပတ်ဝန်ကျင်ရေးရာ အသိပညာပေးလုပ်ငန်းတွေ နိုင်ငံအနှံ့မှာ ဆောင်ရွက်နေတဲ့ သန့်မြန်မာအဖွဲ့ရဲ့ စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဒေါ်မေသက်ထွေးက အခုလို ပြောပါတယ်။

“ဒီနှစ်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ရဲ့ အဓိကအကြောင်းအရာက ပလပ်စစ်ညစ်ညမ်းမှုကို ဆန့်ကျင် တိုက်ခိုက်ပါဆိုပြီး Beat Plastic Pollution ပေါ့နော်။ ဒီနှစ်နဲ့ Themesက။ ကျွန်မတို့က ဒါကနေ့စဉ်နေ့စဉ် လုပ်ရမှာ ဒီနေ့တစ်ရက်တည်း လုပ်ရမှာမဟုတ်ဘူး။ ကျွန်မတို့ နေ့စဉ်တောက်လျောက် နေထိုင်နေတဲ့ ကာလပတ်လုံး တတ်နိုင်သမျှ ကျွန်မတို့ ပလပ်စတစ်ကို လျှော့သုံးမယ်။ ပလပ်စတစ်အစား ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေနဲ့ အစားထိုးသုံးမယ်။ အဲလိုသာဆိုရင် သေချာပေါက် နောင်အနာဂတ်မျိုးဆက်အတွက် နေစရာ နေရာထားပေးနိုင်မှာပါ။ တကယ်လို့သာ ကျွန်မတို့ ပလပ်စတစ်တွေကို အများကြီးဆုံးပြီး ဆက်လက်ပြီး အမှိုက်တွေချသွားမယ်ဆိုရင် ကျွန်မတို့မွေးလာတဲ့ကလေးတွေ သေချာပေါက်အမှိုက်တွေပေါ်မှာကြီးမှာ။ ဘာလို့လဲဆိုတော့ ပလပ်စတစ်တွေက မဆွေးမြေ့တဲ့အတွက်ကြောင့် သူတို့ရဲ့နေရာယူမှုကတဖြည်းဖြည်း ကြီးမြင့်လာမှာပါ။”

ကမ္ဘာတစ်ဝန်းမှာထုတ်လုပ်လိုက်တဲ့ ပလပ်စတစ်တွေကို ၁၀ရာခိုင်နှုန်းလောက်ပဲ ပြန်သုံးကြတာဖြစ်ပြီး ကျန်တဲ့ပလပ်စတစ်တွေကတော့ အမှိုက်အနေနဲ့ကျန်ရှိခဲ့တာပါ။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ငါးနှစ်နဲ့တာ ကာလနဲ့ နှိုင်းယှဉ်ရင် ပလပ်စတစ်စွန့်ပစ်မှုက သုံးဆပိုများလာတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG