သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခနှင့် သဘာဝဘေးကြောင့် ကမ္ဘာ့အငတ်ဘေးအန္တရာယ် ကြီးမား


အဟာရချို့တဲ့နေသူ ကလေးငယ်တဦး
အဟာရချို့တဲ့နေသူ ကလေးငယ်တဦး

နေရာတကာမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ အကြိမ်ကြိမ်ကြုံနေရတဲ့ သဘာ၀ ဘေးဒုက္ခတွေကြောင့် ကမ္ဘာမှာ ငတ်မွတ်မှု တိုးလာနေကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတခုမှာ ဖေါ်ပြထားပါတယ်။ ၂၀၁၆ ခုနှစ်ထဲ တကမ္ဘာလုံးမှာ လူပေါင်း (၈၁၅)သန်းလောက် အစာရေစာ အလုံအလောက် မရခဲ့ကြပဲ၊ ဒီအရေအတွက်ဟာ ၂၀၁၅ ခုနှစ်ထက်စာရင် (၃၈)သန်း တိုးလာတာတွေ့ရတယ်လို့ ဆိုပါတယ်။

အငတ်ဘေးကြုံသူဦးရေ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပုံမှန်ကျဆင်း လာရာကနေ အခုတဖန် ပြန်မြင့်တက်လာတာ ဖြစ်ပါတယ်။ အဟာရချို့တဲ့မှုက ကမ္ဘာတဝှမ်းက သန်းပေါင်းများစွာသော လူတွေရဲ့ ကျန်းမာရေးနဲ့ သူတို့ အနာဂတ်တွေကိုပါ ခြိမ်းခြောက်နေကြောင်း ကုလသမဂ္ဂအေဂျင်စီ ၅ ခု ပူးတွဲထုတ်ပြန်တဲ့ ဒီအစီရင်ခံစာမှာ သတိပေးထားပါတယ်။

အသက် ၅ နှစ်အောက် ကလေးငယ် ၁၅၅ သန်းဟာ ကိုယ်ခန္ဓာ ပိန်လှီနေသလို၊ ဦးနှောက်ဖွံ့ဖြိုးမှုလဲ ကျဆင်းနေကြောင်း၊ ဒီအတွက်ကြောင့် သူတို့ဘ၀ တလျှောက်လုံး မျှော်လင့်ချက်တွေ မှေးမှိန်နေကြောင်း အစီရင်ခံစာက ဆိုပါတယ်။ ဒါ့အပြင် ကမ္ဘာ့ကလေးငယ်တွေရဲ့ ၈% ဖြစ်တဲ့ - ၅၂ သန်းသော ကလေးငယ်တွေဟာ သူတို့အရပ်အတိုင်းအတာမှာ ရှိရမယ့် ခန္ဓာကိုယ်အလေးချိန်ထက် ပိုနည်းနေတာတွေ့ရတယ်လို့ ဆိုပါတယ်။

အငတ်ဘေးကို တိုက်ဖျက်ဖို့ဆိုရင် အစိုးရတွေအနေနဲ့ အဟာရချို့တဲ့မှုကို လျှော့ချနိုင်ရေး၊ ကျန်းမာတဲ့ လူမှုဘဝအတွက် ကျန်မာရေးနဲ့ ညီညွတ်မယ့် ဘယ်လိုအရာတွေ စားသောက် ရမယ်ဆိုတာ လမ်းညွှန်ရေးတို့ကို စီမံကိန်းချ လုပ်ဆောင်ဖို့ လိုတယ်လို့ အစီရင်ခံစာ ရေးသူတွေက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG