သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၁၆ နှစ်အရွယ် ဖွားသက်ရှည် ကွယ်လွန်


ကမ္ဘာမှာ အသက်အကြီးဆုံး ဖွားသက်ရှည် Susannah Mushatt Jones။
ကမ္ဘာမှာ အသက်အကြီးဆုံး ဖွားသက်ရှည် Susannah Mushatt Jones။

ကမ္ဘာမှာ အသက်အကြီးဆုံး ဖွားသက်ရှည် Susannah Mushatt Jones ဟာ ကြာသပတေးနေ့ ညက ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ အသက် ၁၁၆ နှစ် ရှိပြီဖြစ်တဲ့ ဖွားသက်ရှည် ဟာ သူနေထိုင်ရာ New York မြို့ Brooklyn အရပ်က ဘိုးဘွားဂေဟာ တခုမှာ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း အသက် ၁၁၀ နဲ့ အထက် ကမ္ဘာ့ဖိုးသက်ရှည် ဖွားသက်ရှည် တွေကို မှတ်တမ်းတင်နေတဲ့ Gerontology သုတေသန အဖွဲ့က Robert Young ကပြောပါတယ်။

မစ်စ် Susie လို့ ချစ်စနိုး ခေါ်ကြတဲ့ ဖွားသက်ရှည်ဟာ ၁၈၀၀ နှစ်တွေရဲ့ နောက်ဆုံး လက်ကျန် အမေရိကန်သူပါ။ သူဟာ လွန်ခဲ့တဲ့ ဆယ်ရက်လောက် ကတည်းက ဖျားနေတာလို့လည်း Young ကပြောပါတယ်။

မစ် Susie ကို ၁၈၉၉ ခုနှစ်တုန်းက Alabama ပြည်နယ် Montgomery မြို့နားက လယ်တောလေးမှာ မွေးဖွါးခဲ့တာပါ။ သူနဲ့ မွေးချင်း ၁၁ ယောက်တို့ရဲ့ မိဘတွေဟာ Alabama က လယ်သူရင်းငှါးတွေ ဖြစ်ပြီး သူတို့ ဖိုးဖွားတွေကတော့ ကျွန်တွေ ဖြစ်ပါတယ်။

သူဟာ Alabama က အာဖရိက နွယ်ဖွါး အမေရိကန် မိန်းကလေးငယ်တွေ အတွက် အထူးဖွင့်ပေးထားတဲ့ ၇ မိုင်ဝေးတဲ့ ကျောင်းကို လမ်းလျှောက် သွားရပြီး ကျောင်းတက်ခဲ့သလို ၁၉၂၂ ခုနှစ်မှာ ဘွဲ့ရခဲ့သူပါ။ သူ့ကျောင်းလခ အတွက် မိသားစုက ပြောင်းဖူးစိုက် ထင်းခုတ်ပြီး ရတဲ့ ငွေနဲ့ပေးခဲ့တာပါ။

သူဘွဲ့ရပြီးတဲ့နောက်မှာ မိသားစုရဲ့ လယ်အလုပ်ကို ကူညီခဲ့သလို နောက်ပိုင်းမှာ ခလေးထိန်းအလုပ် လုပ်ဖို့ New Jersey ပြည်နယ်ကို သွားခဲ့ပြီးမှ New York မှာ အခြေချခဲ့တာပါ။ New York ရောက်တဲ့အခါမှာ သူနဲ့ အထက်တန်းအောင် သူငယ်ချင်း တွေစုပြီး အာဖရိက နွယ်ဖွါး အမေရိကန် အမျိုးသမီးတွေ ကောလိပ် တက်ဖို့ ပညာသင်ဆုပေးတဲ့ အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ ကလေးချစ်တဲ့ သူဟာ လက်ထပ်ခဲ့ပေမယ့် ကလေးမရခဲ့ပါဘူး။

အခု Susannah Jones ကွယ်လွန်သွားတာမို့ ၁၈၉၉ ခုနှစ်မှာ မွေးတဲ့ သူ့ထက် လပိုင်းပဲ ငယ်တဲ့အီတလီနိုင်ငံက အသက် ၁၁၆ နှစ်အရွယ် Emma Morano ကပဲ ကမ္ဘာ့အသက်အကြီးဆုံး လူသား အဖြစ်ကျန်ပါတော့တယ်။

XS
SM
MD
LG