သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြောက်တရားကင်းမဲ့စွာနဲ့ သတင်းတင်ဆက်နိုင်ရေး ကုလတိုက်တွန်း


ပွင့်လင်းလွတ်လပ်ပြီး မူမတူယဉ်တွဲမှုကို လက်ခံတဲ့ သတင်းမီဒီယာတွေအနေနဲ့ လုံခြုံတဲ့ဝန်းကျင်မှာ အကြောက်တရားကင်းရှင်းစွာနဲ့ သတင်းတွေကို
ထုတ်ပြန်နိုင်ရမယ်လို့ ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတဝန်းမှာ သတင်းထောက် ၇၁ ယောက် အသတ်ခံခဲ့ရပြီး ၈၂၆ ယောက်ဖမ်းဆီးခံခဲ့ရတဲ့အပြင် သတင်းထောက် ၂
ထောင်ကျော် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံခဲ့ရတာကို ကုလသမဂ္ဂက ထောက်ပြပါတယ်။ ပဋိပက္ခဖြစ်ပွားမှုတွေက သတင်းလွတ်လပ်မှုအပေါ်
သက်ရောက်မှုတွေရှိနေတယ်လို့ ၂၀၁၄ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းက မီးမောင်းထိုးပြထားပါတယ်။

တချို့နိုင်ငံတွေမှာ နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်နဲ့ သတင်းထုတ်ပြန်ခွင့် သတင်းပြန်ကြားခွင့်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်စွက်ဖက်မှုတွေ ရှိတာကိုလည်း သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းကို ထုတ်ပြန်တဲ့ နယ်စည်းမခြား သတင်းထောက်များ RSF အဖွဲ့က ပြောပါတယ်။ ဒီကိစ္စတွေဟာ ကမ္ဘာတဝန်းမှာ တိုးနေပြီး ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်ထားတဲ့ နိုင်ငံတွေမှာ သတင်းလွတ်လပ်ခွင့် ပျောက်ကွယ်သွားမယ့် အန္တရာယ် ဖြစ်တယ်လို့ RSF ကပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအခြေအနေရောက်ဖို့ ဘယ်လောက် ကြိုးစားခဲ့ရတယ်။ နောက်ထပ်ဘယ်လောက်အထိ ကြိုးစားသွားဖို့လိုသေးလဲဆိုတာကို ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ပြန်လည်သုံးသပ်ဖို့ အကောင်းဆုံး ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြည်သူ့သံတမန်ရေးရာနဲ့ ပြည်သူ့ရေးရာ လက်ထောက်ဝန်ကြီး Richard Stengel က ပြောကြားပါတယ်။ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အတွက် ရန်ကုန်အမေရိကန်သံရုံးရဲ့ Facebook စာမျက်နှာမှာ Mr. Stengal ရဲ့ သတင်းစကား Video ကို ဖေါ်ပြထားတာပါ။

ဒီမိုကရေစီစနစ်မှာ အစိုးရတွေက ပြည်သူလူထု အပေါ်မှာ တာဝန်ခံမှု ရှိရပါတယ်။ ဒီလို ပြည်သူ့ရေးရာတွေကို အစိုးရက တကယ် တာဝန်ယူဖြေရှင်းပေးဖို့ အတွက် အထောက်အကူပေးတာက သတင်းပညာပါ၊ အစိုးရရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ အရေးယူခံရမလားဆိုတဲ့ စိုးရိမ်စိတ် ကင်းစွာနဲ့ သတင်းမီဒီယာတွေဘက်က သတင်းထုတ်ပြန်နိုင်တာဟာ အစိုးရကို စောင့်ကြည့်ထိန်းကွပ်တာဖြစ်ပါတယ်။ ဒါဟာ ပြည်သူ့အကျိုးကို ဆောင်ရွက်တာလည်း ဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြည်သူ့သံတမန်ရေးရာနဲ့ ပြည်သူ့ရေးရာ လက်ထောက်ဝန်ကြီး Richard Stengel က ပြောသွားတာပါ။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံက သတ္တိရှိတဲ့ သတင်းထောက်တွေအားလုံးကိုကျေးဇူးတင်ပါတယ်လို့ မြန်မာနိုင်ငံကို လာသွားတဲ့
Mr. Stengel ကပြောပါတယ်။ ရှေ့ဆောင်လမ်းပြပေးခဲ့တဲ့ ကွယ်လွန်သူ သတင်းစာဆရာကြီး ဦးဝင်းတင်ကိုလည်း ဦးညွတ်ပါတယ်လို့ သတင်းစကား Video ထဲမှာ ပြောကြားသွားပါတယ်ရှင်၊
XS
SM
MD
LG