သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 အကြမ်းဖက်တိုက်ခိုက်မှု ၁၇ နှစ်အကြာ New York မြို့ခံ ပြန်ပြောင်းသတိရ


အမေရိကန်ပြည်ထောင်စု နယူးယောက်နဲ့ ဗာဂျီးနီးယားမှာ ဖြစ်ခဲ့တဲ့ 9/11 အကြမ်းဖက်တိုက်ခိုက်မှုဟာ အခုဆိုရင် ၁၇ နှစ်ပြည့်လာပြီဖြစ် ပါတယ်။ လူထောင်ချီသေဆုံးခဲ့ရတဲ့ နယူးယောက်မြို့က 9/11 အကြမ်းဖက်တိုက်ခိုက်မှုကြီးကို ကိုယ်တိုင်ကြုံခဲ့ရသူ မြန်မာတဦးကတော့ အဲဒီ ဖြစ်ရပ်ကြောင့် ဒီကနေ့အချိန်ထိ စိတ်ထဲ တုန်လှုပ်နေရဆဲပဲလို့ ပြောပါတယ်။ ကမ္ဘာပေါ်က ဘယ်နေရမှာမဆို အကြမ်းဖက်တဲ့ ဖြေရှင်းမှုတွေက ရလဒ်ကောင်းတွေ ထွက်ပေါ်လာစေမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

လွန်ခဲ့တဲ့ (၁၇)နှစ်တာကာလ ၂၀၀၁ ခုနှစ် စက်တင်ဘာ (၁၁)ရက်နေ့တုန်းက အယ်လ်ခိုင်းဒါး အကြမ်းဖက်သမားတွေဟာ လေယာဉ်တွေကို ပြန်ပေးဆွဲပြီး လေယာဉ်(၂)စင်းက နယူးယောက်မြို့က အထပ်ပေါင်း(၁၁၀)ရှိတဲ့ World Trade Center မိုးမျှော်တိုက်ကြီးကို ဝင်တိုက် ဖြိုချခဲ့ ပါတယ်။ တတိယတစင်းက ဝါရှင်တန်ဒီစီနားမြို့နားက ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့မှာရှိတဲ့ ပင်တဂွန်စစ်ဌာနချုပ်ကို အသေခံ ထိုးဆင်း ခဲ့တာပါ။ စတုတ္ထလေယာဉ်ကတော့ ဝါရှင်တန်ဒီစီနားမြို့ကို ဦးတည်လာနေတုန်း ပန်ဆယ်ဗေးနီးယားပြည်နယ် Shanksville ခရိုင်မှာ ပျက်ကျ သွားခဲ့ပါတယ်။

လူပေါင်း(၃)ထောင်နီးပါးသေဆုံးပြီး၊ လူ(၆)ထောင်လောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့ 9/11 မှာ နယူးယောက်မြို့ World Trade Center ညီနောင် မိုးမျှော်တိုက်ကြီးကို လေယာဉ် ၂ စင်း ဝင်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ကတော့ အဆိုးရွားဆုံး ဖြစ်ပါတယ်။ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးကို ကိုယ်တိုင်ကြုံခဲ့ရသူ ကိုရွှေထွန်းကတော့ အဲဒီဖြစ်ရပ်ပြန်တွေးတိုင်း ဒီကနေ့အချိန်ထိ တုန်လှုပ်နေရဆဲပဲလို့ ဆိုပါတယ်။

"အဲဒီနေ့မနက် ၈ နာရီလောက် ကျနော်ရောက်သွားတဲ့အခါမှာတော့ South tower ကတော့ မီးလောင်နေပြီ အဲဒီမှာ ကျနော်တို့က ထွက်ကြည့်နေတယ်။ ထွက်ကြည့်ပြီးတော့ နာရီဝက်လောက်ပဲ ဆိုင်ကအလုပ်သမားတွေနဲ့ ပြောပြီးတော့ North Tower တိုက်မယ့်လေယာဉ်က ကျနော်တို့ ခေါင်းပေါ်တည့်တည့်ကပဲ ဖြတ်လာတယ်။ လေယာဉ်တစီး လာပြန်ပြီ ကျနော်ထင်တာကတော့ South tower ကို မီးလာငြှိမ်းတယ်ထင်တာပေါ့ဗျာ ကြည့်နေတာ ခေါင်းပေါ်ကတည့်တည့်ပဲ။ North Tower ကို ဒုန်းဆိုပြီး တိုက်သွားတယ်။ အဲဒီမှာပဲ ကျနော်တို့လည်း ဘာလုပ်ရမှန်းမသိဘူး။ ပေါက်ကွဲလွှင့်စင်ပြီးတော့ ကျနော်တို့ဆီကို အပိုင်းအစထိမှာစိုးလို့ ကျနော်တို့လည်း အဆောက်အဦးထဲဝင်ပြေးပြီးတော့ ပုန်းနေတယ်။ ပုန်းနေတဲ့ ကျနော်တို့အဆောက်အဦးမှာလည်း မှန်စတွေကွဲ ဘာတွေကွဲတော့ အဆောက်အဦးက တုန်တော့ စိတ်မချရဘူးဆိုပြီး ထွက်ပြေးတယ် ။ မီးခိုးလုံးတွေကလည်း ကျနော်တို့အဆောက်အဦးထဲကို လှိမ့်ဝင်နေတယ်၊ ကျနေ်ာတို့ နေလို့မရဘူး အသက်ရှူလည်း ကျပ်လာတယ်။ တကယ်ပါပဲ စစ်ဖြစ်နေသလို အဲဒါနဲ့ ထွက်ပြေးတယ်။ ထွက်ပြေးတဲ့အခေါက်တော့ ၁၀ လှမ်းကျော်ကျော်လောက်ကွင်းပြင်ထဲရောက်တော့ ဘယ်လိုပြောရမှန်းတောင်မသိဘူးပေါ့ဗျာ ခြေပြတ်လက်ပြတ် အစိတ်အပိုင်းတွေက အဲဒီမှာ အကုန်လုံး ဘယ်လိုမှ မြင်စရာတောင် မကောင်းဘူးပေါ့ဗျာ။ တချို့ ဖြတ်သွားတဲ့ မိန်းမတွေဆိုရင် ထိုင်ငိုနေတာ ဘယ်သွားလို့ သွားရမှန်းမသိဘူး။ ကျနော်ကတော့ ပြေးတာပေါ့ဗာျ လူတွေကလည်း အများကြီးဆိုတော့ ဟိုတိုးဒီတိုးနဲ့ အဲလိုပဲ ကိုယ့်ဟာကိုယ် အသက်လွတ်မြောက်ရာလွတ်မြောက်ကြောင်း New Jersey ဘက်ကို ပြေးမှပဲဆိုပြီး ဒီဘက်ကို ကူးမယ့်သင်္ဘောပေါ်ကို ထွက်ပြေးသွားတယ်။ ထွက်ပြေးလို့ အဲဒီတင်မရောက်သေးဘူး North Tower က ပြိုကျတယ်။ တယောက်နဲ့ တယောက် ၂ ပေ ၃ ပေလောက်တောင် သိပ်မမြင်ရတော့ဘူး အဲလိုဆိုးဝါးတယ်။ အဲဒီအဖြစ်အပျက်က ပြောရင်တောင်မှ စိတ်ထဲမကောင်းလို့ ဆရာဝန်နဲ့တောင်တွေ့ရင်တောင်မှ - ငါက အဲဒါမျိုးတခုဖြစ်ရင် ခံစားရတယ်လို့ နှလုံးခုန်မြန်လာတာ။"

ကိုရွှေထွန်းဟာ အဲဒီအချိန်တုန်းက World Trade Center အဆောက်အဦးနဲ့ မလှမ်းမကမ်းမှာရှိတဲ့ တိုက်မြင့်ကြီးမှာ ဆူရှီဆိုင်ဖွင့်ခဲ့သူ ဖြစ်ပါ တယ်။ ဒီလို ဘာသာရေးအစွန်းရောက်တဲ့ အကြမ်းဖက်ဖြေရှင်းမှုတွေက ရလဒ်ကောင်းတွေကို ရရှိစေမှာ မဟုတ်ဘူးလို့ သူကဆိုပါတယ်။

"ဘာသာရေးအစွန်းရောက်ဆိုတာ ကျနော်ကတော့ မကြိုက်ပါဘူး။ ဘယ်ဘာသာ ဖြစ်ဖြစ် ဗုဒ္ဓ ဘာသာလည်း အစွန်းရောက်ရင်မကောင်းဘူး။ ခရစ်ယာန်လည်း အစွန်းရောက်ရင်မကောင်းဘူး။ မွတ်စလင်လည်း အစွန်းရောက်ရင်မကောင်းဘူး။ အဲလိုပဲပြောချင်ပါတယ်။ ဒီလို အစွန်းရောက်တွေကြောင့် လူသားတွေအမျိုးမျိုး ဒုက္ခရောက်တာလေ။ ကျနေ်ာ့အတွေ့အကြုံအရကတော့ ဒီလိုအကြမ်းဖက်ကိစ္စတွေကတော့ ဘယ်တော့မှ ငြိမ်းချမ်းမယ်မထင်ပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ စေ့စပ်ညှိနှိုင်းဖြေရှင်းမှရနိုင်မယ် အဲဒါမျိုးကိုပဲ ကျနော်ကတော့ လိုလားပါတယ်။ "

9/11 အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ World Trade Center ဟာ နယူးယောက်မြို့ လူစည်းကားလွန်းတဲ့ မန်ဟက်တန်အရပ်မှာရှိတာပါ။ အကြမ်းဖက်တိုက်ခိုက်စဉ် ပြိုပျက်သွားတဲ့ မိုးမျှော်တိုက်ကြီးနားတဝိုက်မှာ ခုတော့ အဆောက်အဦသစ်တွေနဲ့ ပြန်စည်းကားနေပြီး၊ အဲဒီမှာ ရှိခဲ့တဲ့ World Trade Center မြေအောက်ဘူတာကိုလည်း ဒီစက်တင်ဘာ လဆန်းမှာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

9/11 တုန်းက စတုတ္ထမြောက် ပြန်ပေးဆွဲလေယာဉ် ပျက်ကျခဲ့တဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ်က Shanksville ခရိုင်မှာ ကျင်းပမယ့် 9/11 ၁၇ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကိုတော့ သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်မယ်လို့ ကြေညာထားပါတယ်။ သမ္မတ အိမ်ဖြူတော် ကတော့ စက်တင်ဘာလ (၇)ရက်ကနေ (၉)ရက်နေ့ထိကို 9/11 မှာသေဆုံးခဲ့သူတွေအတွက် ဆုတောင်ပေးဖို့နဲ့ အောက်မေ့ဘွယ်နေ့အဖြစ် ကြေညာခဲ့ပြီး၊ ဒီဖြတ်ရပ်က တိုင်းပြည်ရဲ့ကံကြမ္မာကို စမ်းသပ်ခဲ့တာပဲဖြစ်ကြောင်းနဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ အင်အားနဲ့ ခံနိုင်ရည်ဟာ ဘယ်တော့မှ ပြားပြားဝပ် ဖြစ်သွားမှာ မဟုတ်ဘူးလို့လည်း အိမ်ဖြူတော်ကြေညာချက်မှာ ရေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG