သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးအားလုံး အခွင့်အရေးရတဲ့အထိ ကြိုးပမ်းဖို့ Hillary Clinton တိုက်တွန်း


ကမ္ဘာ့အမျိုးသမီးညီလာခံမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန် မိန့်ခွန်းပြောနေစဉ်။ (ဧပြီလ ၅ ရက်၊ ၂၀၁၃။)
ကမ္ဘာ့အမျိုးသမီးညီလာခံမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန် မိန့်ခွန်းပြောနေစဉ်။ (ဧပြီလ ၅ ရက်၊ ၂၀၁၃။)
ကမ္ဘာတဝန်းက အမျိုးသမီးနဲ့ မိန်းကလေးတွေအားလုံးမှာ လွတ်လပ်ခွင့်နဲ့ တန်းတူညီမျှခွင့်ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကပြောပြီး သူတို့ရဲ့ အခွင့်အလမ်းတွေ ဂုဏ်သိက္ခာတွေအတွက် ဆက်လက် ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စု New York မြို့မှာ ၂ ရက်ကြာကျင်းပခဲ့တဲ့ ကမ္ဘာတဝန်းက အမျိုးသမီးများညီလာခံမှာ Mrs. Clinton က သောကြာနေ့က ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ရသင့်တဲ့အခွင့်အရေးတွေအတွက် ပြတ်ပြတ်သားသားရပ်တည်တဲ့ ပါကစ္စတန် က ကျောင်းသူလေးတယောက်ကိုလည်း နမူနာယူကြဖို့ ညီလာခံမှာ ပြောခဲ့ကြ ပါတယ်။ အမျိုးသမီးတွေရင်ဆိုင်နေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြတဲ့ ညီလာခံအကြောင်း မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

Women in the World လို့ဆိုတဲ့ ကမ္ဘာပေါ်က အမျိုးသမီးတွေရဲ့ အရေးကို အဓိကထားဆွေးနွေးပြောကြတဲ့ ၂ ရက်ကြာ ညီလာခံမှာ သောကြာနေ့တုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton မိန့်ခွန်းပြောခဲ့တာမှာ ကမ္ဘာတဝန်းမှာ အမျိုးသမီးနဲ့ မိန်းကလေးတွေ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု ရရှိရေးအတွက်ကို အသားပေးပြောကြားသွားခဲ့ပါတယ်။ မျက်မှောက်ခေတ်မှာ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို အမျိုးသမီးတွေ ရင်ဆိုနေရဆဲဖြစ်တယ်ဆိုတာကို ပါကက်စတန်နိုင်ငံကို ဥပမာပေးပြီး Mrs. Clinton ကပြောကြားခဲ့ပါတယ်။ ဒီမိုကရေစီအခြေခံအဆောက်အအုံတွေ မခိုင်မာသေးတဲ့ ပါကစ္စတန်နိုင်ငံမှာ အစွန်းရောက် အကြမ်းဖက်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ ဆင်းရဲမွဲတေမှုတွေကို အမျိုးသမီးတွေ ခံစားနေကြရဆဲ ဖြစ်တာကို ခုလို ပြောကြားခဲ့တာပါ။

“ပါကက်စတန်နိုင်ငံမှာ ဒီပြဿတွေအားလုံးက အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုကို ပိုပြီးဆိုးစေပါတယ်။ ၅ သန်းကျော် ကျောင်းမတက်နိုင်တဲ့ထဲမှာ ၃ ပုံ ၂ ပုံက မိန်းကလေးတွေပါ၊ တာလီဘန်တို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အခြေအနေတွေကို ပိုပြီးဆိုးစေပါတယ်။”

Mrs. Clinton က ပါကက်စတန်မှာ ကိုယ့်ရဲ့အခွင့်အရေးကို ရဲရဲဝံ့ဝံ့ ရအောင် ကြိုးစားနေတဲ့ ကျောင်းသူလေး Malala Yousufzai ကြောင့် ၂၁ ရာစုမှာ တောင် အမျိုးသမီးတွေ အခွင့်အရေးတန်းမရနိင်ကြသေးတာကို မီးမောင်းထိုးပြနေတယ် လို့ ပြောခဲ့ပါတယ်။ မိန်းကလေးတွေပညာသင်နိုင်ခွင့်ရနိုင်ရေးကို အားပေးဆောင်ရွက်တဲ့အတွက် Malala ကို တာလီဘန်တွေက လုပ်ကြံဖို့ ကြိုးစားခဲ့တာပါ။

“၂၁ ရာစုရောက်နေပြီး ပညာသင်ခွင့် ကျွန်မတို့ဘာကြောင့် မရနိုင်ရမှာလဲလို့ မလာ လာ ပြောခဲ့တယ်။ ကျွန်မတို့ကို သတိပေးခဲ့တာပါ၊ သူဆက်ပြီး ပြောခဲ့တဲ့ အတိုင်း ကစားချင်ရင် ကစားနိုင်ခွင့်တယ်။ သီချင်းဆိုချင်ဆိုနိုင်ခွင့်တယ်။ စကားပြောချင်ရင် ပြောနိုင်ခွင့်၊ ဈေးသွားချင်ရင် သွားနိုင်တဲ့ အခွင့်အရေး ရှိပါတယ်တဲ့၊ ဒီညီလာခံကို အခုရောက်နေကြတဲ့ထဲက ဘယ်နှယောက်သူ့လိုမျိုး သတ္တိရှိပါသလဲ၊ အသက် ၁၄ နှစ်ပဲရှိသေးတဲ့ ဒီမိန်းကလေးကို တာလီဘန်တွေက ခြိမ်းခြောက်မှုတခုလို့ မြင်နေကြပါတယ်။ ဟုတ်ပါတယ်။ ဒီမိန်းကလေးက တကယ်ကို ခြိမ်းခြောက်နေတဲ့ မိန်းကလေးပါ။”

အောက်တိုဘာလတုန်းက တာလီဘန်တွေက သူ့ခေါင်းကို သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခဲ့တဲ့အတွက် Malala Yousufzai ဟာ ဗြိတိန်နိုင်ငံမှာ ဆေးကုသမှု ခံယူခဲ့ရတာပါ၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ငြင်းဆန်နေတဲ့ တာလီဘန်တွေ ကို ဆန့်ကျင်တဲ့သူတယောက်အဖြစ် မာလာလာကို နိုင်ငံတကာမှာ အသိအမှတ် ပြုနေကြပါတယ်။ ကမ္ဘာတဝန်းက အမျိုးသမီးများညီလာခံမှာ ကြာသပတေးနေ့က မိန့်ခွန်းပြောကြားခဲ့တဲ့ Hollywood ရုပ်ရှင်မင်းသမီးလဲဖြစ် ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီရဲ့ အထူးသံတမန်လဲဖြစ်တဲ့ Angelina Jolie က ပါကက်စတန်က မိန်းကလေးတွေ ပညာသင်နိုင်ရေးအတွက် မလာလာ ရန်ပုံငွေဆိုပြီး အလှုငွေ ဒေါ်လာ ၂ သိန်းပေးဖို့ ကတိပြုခဲ့ပါတယ်။

“သူ့ကို နှုတ်ပိတ်ဖို့ ရက်ရက်စက်စက်ကြိုးစားခဲ့ပေမဲ့ သူ့ရဲ့ အသံက ပိုပြီး ကျယ် လာတယ်။ သူရဲ့ ဆုံးဖြတ်ချက်ပိုပြီး ခိုင်မာလာခဲ့တယ်။ မိန်းကလေး တိုင်း ယောင်္ကျားလေးတိုင်း ပညာသင်ကြားခွင့်ရဖို့ ပါကက်စတန်နိုင်ငံတခုထဲ မဟုတ်ဘဲ တကမ္ဘာလုံးကို သူက တောင်းဆိုလိုက်ပါတယ်။ မလာလာက ပြောခဲ့တယ်။ ဒါဟာ ကျွန်မရဲ့အခွင့်အရေး၊ ဒါဟာ အားလုံးရဲ့ အခွင့်အရေးပါတဲ့။”

ရတဲ့ရန်ပုံငွေကို မိန်းကလေး အယောက် ၄၀ သင်ကြားနိုင်တဲ့ ကျောင်းဖွင့်မယ်လို့ Video ပေါ်ကတဆင့် မလာလာက ပြောခဲ့ပြီး အယောက် ၄၀ ကနေ သန်း ၄၀ အထိ ပညာသင်ကြားနိုင်အောင်လုပ်ကြပါစို့လို့ ဆိုခဲ့ပါတယ်။ ကမ္ဘာတဝန်းမှာ ရှိကြတဲ့ အမျိုးသမီးတွေ မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့အခွင့်အရေးကို မလာလာလို မဆုတ်မနစ်ကြိုးစားရယူကြဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton က တိုက်တွန်းပြီး သူ့ရဲ့ မိန်ခွန်းကို အဆုံးသတ်ခဲ့ပါတယ်။

“လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာအတွက် ဆက်ပြီးဆောင်ရွက်သွားကြပါစို့၊ အမျိုးသမီးတွေရဲ့ ဆန္ဒသဘောထားတွေ အပြည့်အဝ ထုတ်ဖော်နိုင်တဲ့အထိ ဆက်ပြီး တိုက်ပွဲဝင်သွားကြပါစို့၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးဟာ လူ့အခွင့်အရေးဖြစ်တယ်။ လူ့အခွင့်အရေးဟာလဲ အမျိုးသမီးတွေရဲ့ အခွင့်အရေးဖြစ်တယ် ဆိုတာကို ကမ္ဘာကြီးကို ထပ်တလဲလဲ ပြောကြပါစို့။”

ကမ္ဘာတဝန်းအမျိုးသမီးတွေက သူတို့ရင်ဆိုင် ကြုံတွေ့နေကြရတဲ့ အခက်အခဲ ပြဿနာတွေ၊ စိန်ခေါ်မှုတွေကို ဆွေးနွေးအဖြေရှာတဲ့ နယူးယောက်မြို့က အမျိုးသမီးညီလာခံကို မြန်မာနိုင်ငံက Me N Ma အမျိုးသမီး လူငယ်တေးသံရှင်အဖွဲ့ကလည်း ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသလို သူ့တို့ အဖွဲ့ရဲ့ မင်္ဂလာပါ သီချင်းနဲ့လဲ ဧည့်ခံဖျော်ဖြေခဲ့ကြပါတယ်ရှင်။
XS
SM
MD
LG