အမျိုးသားစာပေ တသက်တာဆုရှင် စာရေးဆရာမကြီး ခင်ဆွေဦးဟာ မတ်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၆ နှစ်ရှိပြီဖြစ်ပါတယ်။ သူအခုလို ကွယ်လွန်သွားတာဟာ မြန်မာစာပေ လောကအတွက် ဆုံးရှုံးမှုတရပ် ဖြစ်တယ်လို့ ပြည်ပရောက် မြန်မာ စာရေးဆရာတွေက သုံးသပ်ပြောဆိုပါတယ်။ ကိုဉာဏ်ဝင်းအောင် စုစည်း တင်ဆက်ထားတာပါ။
စာရေးဆရာမကြီး ခင်ဆွေဦးရဲ့ နာမည်အရင်းက ဒေါ်ခင်ဆွေဦး ဖြစ်ပြီး သူ အသက် ၁၃ နှစ်အရွယ်၊ ဟိုတချိန်က ထုတ်ဝေခဲ့တဲ့ သံတော်ဆင့် သတင်းစာမှာ ‘ခင်ဆွေဦး’ ဆိုတဲ့ ကလောင်နာမည်နဲ့ ကလေးကဏ္ဍမှာ ဝတ္ထု ဆောင်းပါးတွေ စရေးခဲ့တာပါ။ ၁၉၆၁ ခုနှစ်မှာ ထုတ်ဝေတဲ့ “ဒို့တိုင်းဌာနီ” ဆိုတဲ့ ပထမဦးဆုံး လုံးချင်းဝတ္ထုကြောင့် စာပေနယ်မှာ ထင်ရှားခဲ့ပြီး အဲဒီဝတ္ထုကို အခုအချိန်ထိ အကြိမ်ကြိမ် ပြန်လည်ရိုက်နှိပ် ထုတ်ဝေနေရဆဲ ဖြစ်ပါတယ်။ ဒေါ်ခင်ဆွေဦးရဲ့ အဲဒီ ဝတ္ထုနဲ့ပတ်သက်လို့ ဆရာမကြီးရဲ့ အရင်းနှီးဆုံး စာပေမိတ်ဆွေတဦးဖြစ်တဲ့ လက်ရှိ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာနေထိုင်သူ ကဗျာဆရာ စာပေဝန်ဖန်ရေး ဆရာကြီး မောင်စွမ်းရည်က အမှတ်တရတချို့ကို ပြောလာပါတယ်။
“ တို့တိုင်းဌာနီ ကတော့ နာမည် အကြီးဆုံးပေါ့လေ။ အဲဒါလည်း ခန ခနလည်း ပြန်ထုတ်တယ်။ သူက ဗိုလ်ချုပ်ကျော်ဇောကို အထူးပြုပြီးတော့၊ ဗိုလ်ချုပ် ကျော်ဇောကို လေ့လာပြီးတော့ ချစ်ခင်တဲ့ စိတ်နဲ့ ရေးတာဆိုတော့လေ။ သူက အဲဒါမျိုး ရေးတဲ့ နေရာမှာတော့ အင်မတန် ကောင်းပါတယ်။ ”
ဆရာမကြီး ဒေါ်ခင်ဆွေဦးဟာ စပယ်ဖြူမဂ္ဂဇင်းမှာ အယ်ဒီတာချုပ် အဖြစ် နှစ်ပေါင်း အတော်ကြာ စာပေတာဝန်ကို ကျေပွန်ခဲ့သူဖြစ်တယ်လို့ အမေရိကန် မေရီလန်းပြည်နယ်မှာ နေထိုင်တဲ့ စာရေးဆရာမ မေငြိမ်းက ပြောပါတယ်။
“ မေဦးက ကျမတို့ မေဦးလို့ ခေါ်သလိုဘဲ တကယ့် အမေလိုဘဲပေါ့။ ကျမတို့ စာ စရေးတဲ့ အချိန် အသက် ၂၀ ကျော်လေး စာရေးဆရာမ ပေါက်စကို သေသေချာချာကို ဂရုတစိုက်နဲ့ အသိအမှတ်ပြုတဲ့ စာရေး ဆရာမကြီးတွေထဲမှာ မေဦးက ထိပ်ဆုံးက ပါတယ်လို့ ပြောလို့ ရတယ်။ မေဦးမှာ ထူးခြားတဲ့ အချက်က ဒေါ်ခင်ဆွေဦးမှာ ထူးခြားတဲ့ အချက်က လူငယ်တွေကို သိပ်နေရာပေးတယ်။ ပြီးတော့ သိပ် အသိအမှတ်ပြုတယ်။ စာပေအလုပ်ကို လုပ်တဲ့ နေရာမှာ ဟို ငွေရေးကြေးရေး ဘယ်လောက်ပဲ အရှုံးပေါ်နေပါစေ စာကောင်း ပေကောင်း ရှိကို ရှိရမယ်ဆိုတဲ့ စိတ်နဲ့ ဒီ စပါယ်ဖြူ မဂ္ဂဇင်းကို လုပ်တာဟာ နောက်ဆုံး လုံးလုံးကြီး မရတော့လို့ စွန့်လိုက်ရတဲ့ အထိ အဆုံးရှုံးခံ ဘဝတွေပါရင်း အချိန်တွေပါရင်းပြီး ပေးခဲ့တာ။ တသက်လုံး စာပေစိတ်နဲ့ ရှင်သန်သွားတဲ့ စာရေးဆရာမကြီး၊ စာပေ သမားတွေကို ပျိုးထောင် အားပေးသွားတဲ့ ချစ်ခင်သွားတဲ့ စာရေးဆရာမကြီးလို့ ပြောလို့ ရပါတယ်ရှင့်။ ”
တကယ်တော့ ခင်ဆွေဦးရဲ့ စာပေတွေဟာ နိုင်ငံရေးနဲ့ တော်လှန်ရေးပေါ် အခြေခံထားတာ များတယ်လို့ မောင်စွမ်းရည်က မှတ်ချက် ပေးပါတယ်။
“ တကယ်တော့ သူက တော်လှန်ရေး စာရေးဆရာမကြီး တယောက်ဘဲ။ တို့ကတော့ သူ့ကို သူစာမရေးခင် သူရိယ မဂ္ဂဇင်းမှာ သူ့အဖေက ချာပါတီမလေး အေးရေ ဆိုပြီးတော့ မိန်းကလေးတန်မဲ့ တခါတည်း ယောက်ျားလေးတွေလို နေကြ စားကြတယ် ဆိုတဲ့ ဥစ္စာကို အဲလို ငယ်ငယ်က သူ့ကို စံထားခဲ့ရတယ်။ ကိုယ့်အမကြီး တယောက်လို ခင်ခဲ့ရတာပေါ့လေ။
မြို့ပေါ်ရောက်လာတော့ စာရေးဆရာ အနေနဲ့ အတူတူ တွေ့ကြတော့လည်း မောင်နှမလို ခင်ကြပါတယ်။ သူဟာ မဟာဆွေရဲ့ သမီးပီပီ မျိုးချစ် စိတ်ဓာတ်ကလည်း ရှိတယ်။ အထူးသဖြင့် သူဟာ ဗိုလ်ချုပ် ကျော်ဇော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇောနဲ့ကလည်း အတော်ခင်တယ်။ အကိုရွှေလို့ သူခေါ်တာ။ သူရဲကောင်းတွေကို ချစ်မြတ်နိုးတဲ့ အမျိုးသမီး တယောက်ပေါ့လေ။ နော် အဲဒီတော့ သူက နိုင်ငံရေး ဝတ္ထုတွေ ရေးတယ်၊ ကျောင်းသား လှုပ်ရှားမှုတွေ အကြောင်း ရေးတယ်။ အဲလို ရေးတဲ့ နေရာမှာတော့ သူက ထိပ်တန်း စာရေးဆရာမကြီးပါဘဲ။ အင်မတန်လည်း ရိုးလည်း ရိုးသားပါတယ်။ ”
စာရေးဆရာမကြီး ခင်ဆွေဦးကို ဖခင် စာရေးဆရာကြီး မဟာဆွေနဲ့ မိခင် ဒေါ်ကြည်ကြည်တို့က ၁၉၃၃ ဒီဇင်ဘာလ စစ်ကိုင်းမြို့မှာ မွေးဖွား ခဲ့ပြီး၊ ဒေါ်ခင်ဆွေဦးဟာ ငယ်စဉ်က ရန်ကုန်မြို့မှာ အထက်တန်းပညာကို သင်ယူခဲ့ပါတယ်။ ၁၉၅၁ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ခဲ့ပေမယ့် ၁၉၅၆ မန္တလေးတက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့ ရခဲ့သူဖြစ်ပြီး ၁၉၆၇ မှာ ပညာရေးတက္ကသိုလ်က နောက်ထပ် ဘွဲ့ရခဲ့သူလည်း ဖြစ်ပါတယ်။
၁၉၅၁-၅၂ ကာလမှာ ရန်ကုန်တက္ကသိုလ်ရဲ့ စာနယ်ဇင်းအသင်း တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သလို၊ ၁၉၅၂-၅၃ မှာလည်း အိုးဝေ မဂ္ဂဇင်း တွဲဖက်အယ်ဒီတာ လုပ်ခဲ့ပါတယ်။ ၁၉၆၁ မှာ'ဒို့တိုင်းဌာနီ' ၊ ၁၉၆၂ မှာ ‘ခေတ်နှင့်အတူ’ ‘ဘဝနှင့်မုန်တိုင်း’ ၊ ၁၉၆၃ ‘ငြိမ်းချမ်းပါစေ’ ‘စုံတောမြိုင်’ စတာတွေကို ရေးသားခဲ့ပြီး၊ ၁၉၇၂ ခုနှစ်မှာ ထုတ်ဝေတဲ့ ‘နေခြည်ဖြာတော့ နွေးလိမ့်မည်’ကိုတော့ ရုပ်ရှင်ရိုက်ကူးခဲ့ပါတယ်။ ဆရာမကြီးရဲ့ နောက်ဆုံး လုံးချင်းလို့ပြောလို့ ရနိုင်မယ့် ‘စစ်ကိုင်းသမီး ဒိုင်ယာရီ’ ကို ၂၀၀၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး လုံးချင်းစာအုပ်ပေါင်း ၇၃ အုပ်ရေးသားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ အမျိုးသားစာပေ တသက်တာဆုကို ချီးမြှင့်ခြင်း ခံရသူလည်း ဖြစ်ပါတယ်။