သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဝူးရှူးအဖွဲ့ရဲ့ အာရှအားကစားပြိုင်ပွဲအလားအလာ 


GAMES-SEA/
GAMES-SEA/

အာရှအားကစားပြိုင်ပွဲမှာ မြန်မာဝူးရှူးအဖွဲ့အနေနဲ့ ဆုတံဆိပ်တွေရဖို့ မှန်းထားပြီး ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ မြန်မာ့ဝူရှူး လက်ရွေးစင်တဦးက ပြောပါတယ်။ ဒီပြိုင်ပွဲမှာ အိမ်ရှင်တရုတ်နိုင်ငံအပြင် နောက်ထပ် နိုင်ငံ ၇ နိုင်ငံလောက်နဲ့ အဓိကပြိုင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံမှာကျင်းပမယ့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မယ့် မြန်မာအားကစားအဖွဲ့မှာ ဝူရှူးလည်း ပါဝင် ပါတယ်။ မြန်မာဝူရှူးအဖွဲ့မှာတော့ ကစားသမား ၄ ဦးနဲ့ နည်းပြအုပ်ချုပ်သူ ၁ ဦး တို့ပါဝင်ပြီး အာရှအားကစားပြိုင်ပွဲဝင်ဖို့ ပြီးခဲ့တဲ့ဇူလိုင်လကစပြီး ရန်ကုန် အား/ကာသိပ္ပံမှာ တနေ့ကို ၂ ကြိမ် လေ့ကျင့်နေကြတာဖြစ်ပါတယ်။ အာရှအားကစားပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်မယ့်အခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာ့လက်ရွေးစင် ဝူရှူးကစားသမား မအေးသစ္စာမြင့်ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ သူဝင်ရောက် ယှဉ်ပြိုင်မယ့်ပြိုင်ပွဲနဲ့ပတ်သက်ပြီး ဗွီအိုအေကို အခုလိုပြောပါတယ်။

မအေးသစ္စာမြင့်။ ။ ဝူရှူးမှာ မြန်မာက နန်းချွမ်နဲ့နန်းသောင်း ပေါ့နော်၊ နှစ်မျိုးယှဥ်ပြိုင်မှာပါ။ အဲဒီနှစ်မျိုးမှာ .....။ နန်းချွမ်ကတော့ လက်သိုင်းပေါ့နော်။ နန်းသောင်ကျတော့ ဒါးသိုင်း။

ရန်နိုင်။ ။ ဒီ အာရှပြိုင်ပွဲမှာ အဓိကပြိုင်ရမယ့် ပြိုင်ဘက်တွေကရော ဘယ်နိုင်ငံတွေရှိလဲ။

မအေးသစ္စာမြင့်။ ။ အဓိက ကတော့ တရုတ်ရှိမယ်။ ဟောင်ကောင်၊ မကာအို၊ မလေး၊ ဗီယက်နမ်၊ အင်ဒို...အဲဒါတွေကတော့ အဓိကတွေပေါ့နော်၊ ပြီးရင် အီရန်ရှိမယ်။ ဥစဘက်ကစ္စတန်- အဲဒီနိုင်ငံတွေ ရှိတယ်ပေါ့။

ရန်နိုင်။ ။ ပြီးခဲ့တခေါက် SEA Games မှာတုန်းက မအေးသစ္စာမြင့်နဲ့ ကျနော် ပြောဖြစ်ခဲ့တယ်။ မအေးသစ္စာမြင့်က အဲဒီ SEA Game က နောက်ဆုံးပွဲပြီးရင် နားတော့မယ်ဆိုပြီးတော့ ပြောခဲ့တယ်။ အခုကျတော့ ဒီ Asean Game ကို ဆက်ပြီး ကစားသွားတယ်ပေါ့နော်။ ဘယ်လိုကြောင့် ဆက်ပြီးတော့ ကစားဖို့ ဆုံးဖြတ်ဖြစ်သွားတာလဲ။

မအေးသစ္စာမြင့်။ ။ ဘယ်လိုကြောင့် ဆက်ပြီးတော့ ကစားဖြစ်သွားလဲဆိုတာက ညီမက နားပြီးသွားတော့ Asean Game က နောက် နှစ်လ သုံးလလောက်နေရင် ရှိတယ်ပေါ့နော်။ ပြီးတော့ အရင် ဟန်ဂျိုးမှာ သွားပြီး လေ့ကျင့်ခဲ့တုန်းကလည်း Asean Game ၂၀၂၂ မှာလုပ်မှာပေါ့၊ အဲဒီပွဲကို ပြိုင်ချင်တယ်ပေါ့။ အဲလိုမျိုးစိတ်တွေကလည်း ရှိနေတာ။ ပြီးတော့ Asean Game က ညီမပြိုင်ထားတာ တပွဲပဲ ရှိသေးတယ်ပေါ့နော်။ အဲဒါကြောင့် ကိုယ်မနားခင်လေးပေါ့နော်၊ ကိုယ့်အခွင့်အရေးလေးလည်း ရတယ်ပေါ့နော်။​ ကိုယ့်အတွက်အခွင့်အရေးရတဲ့အတွက်ကြောင့်မို့လို့ ဒီ Asean Game ကို အရင်ကတည်းကလည်း ပြိုင်ချင်စိတ်ရှိတဲ့အတွက်ကြောင့်ရော၊ အချိန်ကလည်း ဘယ်လောက်မှမလိုဘူးပေါ့နော်။ ကြိုးစားလိုက်ရင် ရသေးတယ်ဆိုတဲ့စိတ်နဲ့ပေါ့နော်...အဲဒါနဲ့ပဲ ထပ်ပြီးတော့ ဒီ နှစ်လကျော်လောက်ကလေးကို ထပ်ပြီးတော့ ဆက်ကစားဖြစ်သွားတာပါ။

ရန်နိုင်။ ။ အရင်ဟန်ဂျိုးမှာလေ့ကျင့်တယ်ဆိုတာကရော ဘယ်တုန်းကလေ့ကျင့်တာလဲ။

မအေးသစ္စာမြင့်။ ။ ၂၀၁၉ မှာ သွားလေ့ကျင့်တာရှင့်။​

ရန်နိုင်။ ။ အဲဒါကရော ဘယ်လောက်လောက် ကြာလိုက်လဲ။

မအေးသစ္စာမြင့်။ ။ အဲဒါက တလလောက်ပဲကြာလိုက်တယ်ရှင့်။ ၂၀၁၉ ဟန်ဂျိုးမှာလေ့ကျင့်ပြီးတော့ အဲဒီမှာ ရှန်ဟိုင်းမှာ World Champianship သွားပြိုင်တာ။ အဲဒီမှာကတည်းက ဟန်ဂျိုးမှာ သူ့ရဲ့ Asean Game အတွက် ဆောက်နေတဲ့အဆောက်အဦးတွေရော၊ အားကစားရုံတွေဘာတွေ အဲဒါတွေ မြင်ခဲ့ရတာပေါ့နော်။

ရန်နိုင်။ ။ အဲဒီတော့ ဟန်ဂျိုးမှာသွားပြီးတော့ လေ့ကျင့်ခဲ့တဲ့ဥစ္စာက ကိုယ့်အတွက်ရော ဘယ်လောက်အထိ အတွေ့အကြုံကောင်းတွေ ရခဲ့လဲ။

မအေးသစ္စာမြင့်။ ။ တရုတ်မှာကျတော့ တရုတ်ပြည်ကိုသွားလိုက်ပြီဆိုတာနဲ့ ဝူရှူးကလည်း တရုတ်ကအခြေခံဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဓိကကတော့.....ကြည့်ရတယ်ပေါ့နော်။ ကစားသမားတွေရဲ့လှုပ်ရှားပုံတွေ၊ ကစားပုံတွေကိုကြည့်ရတယ်ဆိုတော့ အဲဒီအမြင်နဲ့တင်ကို တိုးတက်မှုကို တဆင့်တိုးစေတယ်ပေါ့နော်။ အဲဒီမှာမှ နည်းပြဆရာရဲ့ကြီးကြပ်မှုတွေနဲ့ဆိုတော့ ပိုပြီးတော့ တိုးတက်မှုရှိတယ်ပေါ့။

ရန်နိုင်။ ။ အဲဒီမှာလေ့ကျင့်တဲ့ဥစ္စာတွေကျတော့ ဘယ်လိုလေ့ကျင့်ရလဲ။

မအေးသစ္စာမြင့်။ ။ အဲဒီတုန်းကဆိုရင်တော့ ညီမတို့က တလပဲသွားတဲ့အတွက်ကြောင့်မို့လို့ တလပဲသွားတာဆိုတော့ အဲဒီမှာတုန်းက တပတ်လုံးလုံးကို ထရိန်နင်ဆင်းရတယ်။ ပြိုင်ပွဲကလည်း နီးဖြစ်တဲ့အတွက်ကြောင့်။ အစကတည်းကလည်း World Champianship ကလည်း ပြိုင်မလိုလို မပြိုင်မလိုလိုဖြစ်နေတာပေါ့နော်။ မသွားတော့မလိုလုပ်ပြီးတော့မှ သွားဖြစ်သွားတာဆိုတော့ အဲဒီတလလုံးလုံးကို ညီမတို့ - အဲဒီလေးပတ်လုံးကို မနားဘဲနဲ့ဆက်တိုက် ကျင့်ခဲ့ရတာ။ တော်တော်လည်း အပင်ပမ်းခံပြီးတော့ တော်တော်လုပ်ခဲ့ရတာပေ့ါ။

ရန်နိုင်။ ။ ဆိုတော့ ...ဒီ ပွဲအတွက်ရော အဆင်သင့်ဖြစ်နေပြီလို့ ပြောနိုင်လား။

မအေးသစ္စာမြင့်။ ။ ဟုတ်၊ အဆင်သင့်ဖြစ်နေပါပြီ။ ပြိုင်ပွဲလေးလည်း သွားရမယ်ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ကြိုးစားပြီးလေ့ကျင့်ခဲ့ရတာလေးတွေကို ချပြရမယ့်အချိန်ရောက်ပြီပေါ့။ အဆင်သင့်ကတော့ ဖြစ်နေပါပြီ။

ရန်နိုင်။ ။ ပြီးခဲ့တဲ့ ကမ္ဘောဒီးယား SEA Game တုန်းက လည်းပဲ​ညီမက ဆုတွေရခဲ့တယ်။ ဒီအာရှပြိုင်ပွဲမှာရော ဆုတွေဘယ်လောက်အထိ ရမယ်လို့ မှန်းထားလဲ။

မအေးသစ္စာမြင့်။ ။​ အာရှပြိုင်ပွဲမှာကတော့ တယောက်ကို တခုနှုန်းနဲ့ပဲ သတ်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပွဲကတော့ တော်တော်ကြပ်တယ်ပေါ့နော်၊ တော်တော်ကိုလုပ်ယူရမယ့်ပြိုင်ပွဲပေါ့နော်။ တကယ့်အားကစားပွဲကြီးဆိုတော့။ ဒါပေမဲ့လည်း ကိုယ်လည်းကြိုးစားခဲ့ပြီး လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရွှေတံဆိပ်ဆုကတော့ အမြင့်ဆုံးကို မျှော်မှန်းထးပါတယ်။​

မြန်မာဝူရှူးအသင်းဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ပြီးခဲ့တဲ့မေလကကျင်းပခဲ့တဲ့ ၃၂ ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ရွှေ ၁ ခု၊ ငွေ ၃ ခု၊ ကြေး ၃ ခု နဲ့ ဆုတံဆိပ် ၇ ခု ရရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ ၁၈ ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲရဲ့ ဝူရှူးပြိုင်ပွဲမှာတော့ တရုတ်နိုင်ငံက ဝူရှုးမှာ ရွှေ ၁၀ ခု၊ ငွေ ၂ ခု နဲ့ အများဆုံးရခဲ့ပြီး အဲဒီတုန်းက မြန်မာကတော့ ကြေးတံဆိပ်တခုပဲ ရခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG