သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ် မျှတ ရွေးကောက် ပွဲဖြစ်ရေး ပို အားစိုက် ဖို့ မစ္စ ယန်ဟီးလီ တိုက်တွန်း


ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Ms. Yang Hee Lee သတင်းစာရှင်းလင်းပွဲ။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Ms. Yang Hee Lee သတင်းစာရှင်းလင်းပွဲ။

လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို အမှန်တကယ် လွတ်လပ်ပြီး တရားမျှတစေဖို့ဆိုရင်တော့ နိုင်ငံသား အားလုံးပါဝင်ပြီး မဲပေးနိုင်ဖို့လိုအပ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Ms. Yang Hee Lee က မြန်မာနိုင်ငံခရီးစဉ် အဆုံးသတ်နေ့မှာ ပြောလိုက်ပါတယ်။ သူ့ခရီးစဉ်ပြီးဆုံးတဲ့ သြဂုတ်လ ၇ ရက်နေ့ညက ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလိုပြောသွားတာပါ။ အပြည့်အစုံကိုတော့ VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပါမယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ရပ်ဖြစ်ဖို့ဆိုရင် နိုင်ငံသား အားလုံးပါဝင်ပြီး မဲပေးနိုင်ဖို့လိုအပ်တာကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပိုပြီး အားစိုက်စေလိုတယ်လို့ Ms. Yang Hee Lee က အခုလို ပြောဆိုလိုက်ပါတယ်။

"အမှန်တကယ် လွတ်လပ်ပြီး တရားမျှတဖို့ဆိုရင်တော့ နိုင်ငံသားအားလုံး မဲပေးခွင့်ရဖို့နဲ့ ပြည်သူတွေ ဆန္ဒတွေကို ထင်ဟပ်နေဖို့ လိုအပ်ပါတယ်။ ရွှေ့ပြောင်း အလုပ်သမားတွေ၊ ပြည်တွင်းစစ်ရှောင်ဒုက်ခသည်တွေနဲ့အခြား ဒုက္ခသည်တွေအနေနဲ့ မဲစာရင်းတွေ စစ်ဆေးတာ၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေပြင်ဆင်တာ၊ မဲပေးဖို့ စာရင်းသွင်းတာတွေမှာ အခက်အခဲတွေရင်ဆိုင်နေရပါတယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဒီကိစ်စတွေကို ဖြေရှင်းပေးဖို့ ဆောင်ရွက်နေတယ်ဆိုတာ ကျွန်မနားလည်ပါတယ်။ ဒါပေမယ့် အခုထက်ပိုပြီး အားစိုက်ဆောင်ရွက်ဖို့လိုအပ်နေပါသေးတယ်။"

သူ့အနေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်မှာကိုလည်း စိုးရိမ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ယာယီသက်သံခံလက်မှတ်ကိုင်ဆောင်ထားတဲ့ ရခိုင်ပြည်နယ်က မူစလင်လူမျိုးတွေ မဲပေးခွင့်မရှိတာကိုလည်း စိုးရိမ်တယ်လို့သူက ဖြည့်စွက်ပါတယ်။

သူ့အနေနဲ့ ခရီးစဉ်မစခင်ကတည်းက ရခိုင်ပြည်နယ်ကို ကိုယ်တိုင် သွားရောက်လေ့လာဖို့ ခွင့်တောင်းခဲ့ပေမယ့် အစိုးရကငြင်းပယ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိုးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေကိုလည်း လာမယ့် အထွေထွေညီလာခံမှာ အသေးစိတ်တင်ပြသွားမယ်လို့ အခုလိုပြောပါတယ်။

"၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင် ပျက်စီးသွားတဲ့ အိုးအိမ်တွေ ပြန်လည် ထူထောင်ဖို့နဲ့ လူမျိုးစုနှစ်စုကြားဆွေးနွေးဖို့ကြိုးစားကြတွေကို တင်ပြသွားပါမယ်။ ဒါ့အပြင် ရခိုင်ဒေသက ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းမှုတွေနဲ့ အထူးသဖြင့်တော့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပညာသင်ကြားခွင့် စတဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ အပေါ် တားဆီးထားတွေကို တင်ပြသွားမှာပါ။ ရိုဟင်ဂျာလူမျိုးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ သူတို့ရဲ့ ရပ်တည်မှုအနေအထားတွေကို အသိအမှတ်ပြုနိုင်ရေးအတွက် အများကြီးဆောင်ရွက်ဖို့လိုအပ်သေးတယ်လို့ တင်ပြသွားပါမယ်။"

လက်ရှိ မြန်မာနိုင်ငံမှာ လွတ်လပ်စွာဆန္ဒထုတ်ဖော်သူတွေအပေါ် အရေးယူတာတွေကိုလည်း သူ့အနေနဲ့စိတ်ပူတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လမှာ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကို ခံခဲ့ရတဲ့ ကျောင်းသားတွေနဲ့ အားပေးထောက်ခံသူတွေလည်း သာယာဝတီထောင်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး သူတို့ကို လွှတ်ပေးဖို့ အခုလိုတောင်းဆိုလိုက်ပါတယ်။

"ကျွန်မ ဆန္ဒပြတဲ့ နေရာကို သွားခဲ့ပြီး အာဏာပိုင်တွေနဲ့ တွေ့ခဲ့ပါတယ်။ နောက်ပြီး သာယာဝတီထောင်မှာ ထိန်းသိမ်းခံထားရသူ ၅ ယောက်နဲ့တွေ့ပြီး စကားပြောခဲ့ ပါတယ်။ ရဲတွေက လိုအပ်တာထက်ပိုပြီး အကြမ်းဖက်ဖြိုခွင့်ခဲ့တယ်လို့ စွပ်စွဲချက်တွေလည်း ရှိတာကြောင့် အာဏာပိုင်တွေအနေနဲ့ ဒီစွပ်စွဲချက်တွေအပေါ် မျှမျှတတနဲ့ လွတ်လပ်စွာ စုံစမ်းမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုလိုပါတယ်။ ကျွန်မအမြင်မှာ ဒီလူတွေဟာ တဖက်သတ် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်၊ ဒါကြောင့် သူတို့ကို ချက်ချင်းလွှတ်ပေးပြီး ဒီလက်ပံတန်းအရေးနဲ့ ပတ်သက်လို့ ထိန်းသိမ်းခံထားရသူတွေအပေါ် စွဲဆိုထားတဲ့ စွဲချက်တွေကိုလည်း ပယ်ဖျက်ပေးဖို့ တောင်းဆိုပါတယ်။"

နိုင်ငံသားအားလုံးပါဝင်မဲပေးနိုင်ခွင့်မှာလည်း အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ သူကပြောပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှုတွေကိုလည်း စုံစမ်းသိရှိတယ်လို့ ပြောပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာက ဆွေးနွေးနေတဲ့ တစ်နိုင်ငံလုံးပစ်ခက်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးပြီးသွားတဲ့ အခါမှာလည်း တိုင်းရင်းသားဒေသတွေမှာ မျှတတဲ့ လူ့အခွင့်အရေးတွေရရှိမယ်လို့လည်း ယုံကြည်တယ်လို့သူက ဆိုပါတယ်။

အဆုံးမှာတော့ မြန်မာအစိုးရအနေနဲ့ အတိုက်အခံနိုင်ငံရေးပါတီတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေကို ကြောက်ရွံ့မနေဘဲ ကွဲပြားတဲ့ အမြင်တွေကို ချပြပေးနေသူအဖြစ် ယူဆဖို့ အကြံပြုလိုတယ်လို့ Ms. Yanghee Lee က ပြောကြားခဲ့ပါတယ်။

Ms. Yanghee Lee အနေနဲ့ ဒီတစ်ခေါက်ခရီးစဉ်က ရရှိတဲ့တွေ့ရှိချက် အသေးစိတ်တွေကိုတော့ အောက်တိုဘာလမှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြသွားမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG