သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ်ထိရောက်စွာ အရေးယူဖို့ Yanghee Lee တိုက်တွန်း


Yanghee Lee
Yanghee Lee

ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားဥပဒေနဲ့ အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ အားရကျေနပ်မှု ရှိသလို အားမရစရာတွေလည်း ရှိတဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၄၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွေ ပြင်ပ သီးခြား ဆွေးနွေးပွဲ တခုမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောဆိုလိုက်တာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ၄၁ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံ ပြင်ပမှာ မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး Physicians for Human Rights အဖွဲ့က တနလာၤနေ့မှာ သီးသန့် ဆွေးနွေးပွဲ ကျင်ပပါတယ်။ မြန်မာနိုင်ငံတွင်း လူနည်းစုတွေ အပေါ် နိုင်ငံက ထောက်ပံ့ပေးထားတဲ့ အကြမ်းဖက်မှု အမွေဆိုး ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဒီဆွေးနွေးပွဲကိုတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီလည်း တက်ရောက်ခဲ့ပါတယ်။ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဆောင်ရွက်ချက်တွေကို သူက အခုလို ထောက်ပြ ပြောဆိုပါတယ်။

"အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC က ရိုဟင်ဂျာ အရေးကို ICJ နိုင်ငံတကာ တရားခုံရုံးကို လွှဲပြောင်းနိုင်ရေး အခု လုပ်ဆောင်နေတဲ့ အပေါ်မှာတော့ အားရကျေနပ်မိပါတယ်။ ဒါပေမယ့် လုံခြုံရေး ကောင်စီ အနေနဲ့ မြန်မာနိုင်ငံကို ICC နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး တင်မယ့် အလားအလာကတော့ မသေချာပါဘူး။ ဒါကတော့ အားရစရာ မရှိပါဘူး။ ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာတွေ အတင်းအဓမ္မ မောင်းထုတ်ခံရတဲ့ ကိစ္စကို ICC - နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးဘက်က ဘာတွေ လုပ်နိုင်မလဲ ဆိုတာကို အသေအချာ ဆောင်ရွက်နေတဲ့ အပေါ်မှာတော့ အားရကျေနပ်စရာပါ။"

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင်း မူဆလင် အများစု နေထိုင်ရာ ဒေသတွေမှာ အကြမ်းဖက်မှုတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခဲ့ကြရတာပါ။ ဒီလူတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်ကလည်း အခုအချိန်ထိ အကောင်အထည် မပေါ်သေးပါဘူး။ ရိုဟင်ဂျာ သိန်းနဲ့ချီ ထွက်ပြေးရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူနိုင်ရေးကိုလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီက အခုလို တိုက်တွန်းပါတယ်။

"သက်သေအထောက်အထားတွေ စုဆောင်းမှုကို ကျမတို့ဘက်က ဆောင်ရွက်ပြီးပါပြီ။ ­သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တယား Independence Investigative Mechanism – IIM မြန်မြန်ဆန်ဆန် ဖြစ်လာဖို့ တိုက်တွန်း ထောက်ပံ့ပေးစေလိုပါတယ်။ ကျမတို့မှာ ရံပုံငွေ အများကြီး ရထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ စနစ်က အရမ်း နှေးကွေးပါတယ်။ စုံစမ်းရေး ယန္တရားက မလည်ပတ်နိုင်သေးပါဘူး။ ကျမတို့ဘက်ကတော့ တာဝန်ရှိသူတွေကို တရားဥပဒေ အရ အပြစ်ပေးနိုင်ဖို့၊ အမှုဖွင့်နိုင်ဖို့ ဆောင်ရွက်စရာ အားလုံး ပြီးစီးသွားပါပြီ။ ကျမ အနေနဲ့ကတော့ တခြား တိုးတက်မှု တခုကိုလည်း တွေ့ချင်ပါတယ်။ အဲဒါကတော့ လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတို့ အတွက် လုံခြုံရေး ကောင်စီဘက်က နိုင်ငံတကာ ခုံရုံးတခု ဖွဲ့စည်းဖို့ပါ။ ကျမဘက်က အခုနောက်ဆုံး ကြိုးစားနေတာကတော့ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုလုပ်ငန်းစဉ် Transitional Justice ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူ အားလုံး အတွက် အရေးယူဆောင်ရွက် စရာ တချို့လည်း ရှိပါသေးတယ်။"

ဆွစ်ဇာလန်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံ အတွင်း မြန်မာ့လူ့အခွင့်အရေး ချိုးဖောက်မှု၊ ပြစ်ဒဏ်ကင်းလွတ်သက်သာခွင့်နဲ့ စီးပွားရေးကို စစ်တပ်ပုံစံသွင်းခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ မြန်မာ့ အရေး တနလာၤနေ့က သီးသန့် ဆွေးနွေးပွဲမှာလည်း မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ ဆွေးနွေးခဲ့ပါတယ်။

ရိုဟင်ဂျာတွေ အပေါ် မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက လူမျိုးတုံးသွားစေဖို့ထိ ရည်ရွယ်ဆောင်ရွက်ခဲ့ကြတယ်လို့ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့က ပြောဆိုထားပြီး မြန်မာ ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် တာဝန်ရှိသူတွေကို နိုင်ငံတကာ ဥပဒေတွေနဲ့အရေးယူဖို့လည်း တိုက်တွန်းနေတာ ဖြစ်ပါတယ်။ မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတောင် လက်သင့်မခံပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်းဟီးလီကို ပြည်ဝင်ခွင့် ပိတ်ထားသလို ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ အချက်အလက်ရှာ အဖွဲ့ဟာလည်း တဖက်စောင်းနင်း ဘက်လိုက်တယ်ဆိုပြီး အသိအမှတ်မပြုပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG