သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးသံတမန် ယန်ဟီလီ ဝန်ကြီးဌာန ၄ ခု ရက် ၁၀၀ စီမံချက် လေ့လာ


ကုလအထူးသံတမန် ယန်ဟီလီ
ကုလအထူးသံတမန် ယန်ဟီလီ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီကနေ့မှာတော့ နိုင်ငံတော် အတိုင်ပင်ခံအတိုင်ပင်ခံ ရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အခြား ဝန်ကြီးဌာန ၂ ခုကို သွားရောက်ပြီး ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းစဉ်တွေကိုလေ့လာခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာပြီး ကုလသမဂ အထွေထွေညီလာခံမှာ တင်ပြဖို့အတွက် သတင်းအချက်အလက် စုဆောင်းဖို့ ရောက်ရှိနေတဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီနေ့မှာတော့ နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန နဲ့ အခြားဝန်ကြီးဌာန ၂ ခုကို သွားရောက် ခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက အခုလို ပြောပါတယ်။

“မနက်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ တွေ့ပါတယ်။ နောက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန နဲ့လည်းတွေ့ပါတယ်။ နယ်စပ်ရေးရာဝန်ကြီးနဲ့လည်းတွေ့တယ်။ အခုကျနော်တို့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့လည်းသွားတွေ့ဖို့ရှိပါတယ်။”

မနက် ၉ နာရီကတည်းက စတင်ပြီး ဝန်ကြီးဌာနတွေကို လှည့်ပတ်လေ့လာနေတာဖြစ်ပါတယ်။

နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နဲ့ တွေ့ဆုံခဲ့တဲ့အခါ နယ်စပ်ဒေသတွေက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေ အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးက အခုလို ပြောပြပါတယ်။

“ထုံးစံအတိုင်းပေါ့ဗျာ သူသွားလေ့လာတဲ့ နေရာအကြောင်းတွေ ကိုပြောပြပါတယ်။ နောက်တခါ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်သွားတဲ့အကြောင်းလေးတွေလည်းပြောပါတယ်။ နယ်စပ်နဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသားနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အဓိကသူမေးတာ ဝန်ကြီးဌာနတွေက ဘာတွေလုပ်နေသလဲ၊ နောက်တခါ တိုင်းရင်းသားဒေသဘက်မှာ မူးယစ်ဆေးဝါးပပြောက်ရေးအတွက် ကျနော်တို့ ဘာတွေလုပ်နေသလဲပေါ့နော်။ နောက်ပြီးတော့ ရှေ့ဆက်လုပ်မယ့် Plan တွေမေးပါတယ်။ ကျနော်တို့မှာလည်း ဝန်ကြီးဌာနတိုင်းမှာတော့ စီမံချက်လေးတွေရှိပါတယ် ၅ နှစ်စီမံကိန်းတို့၊ ၁၀ နှစ်စီမံကိန်းတို့ စသဖြင့်ပေါ့နော်။ အဲဒါလေးတွေကို ကျနော်တို့ ဝန်ကြီးကလည်း သူတို့ကိုရှင်းပြပါတယ်။ ပုံမှန်လုပ်ငန်းစဉ်လိုပါပဲ ကျနော်တို့ ရက် ၁၀၀ ပြီးတဲ့နောက်ဆောင်ရွက်မယ့်လုပ်ငန်းတွေလေ။”

Ms. Yanghee Leeအနေနဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးနဲ့တွေ့ဆုံတဲ့အခါမှာတော့ ဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်ဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အပါအဝင် အလုပ်သမားအရေးတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေး အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က အခုလို ပြောပါတယ်။

“အစုံပဲဗျ ကျနော်တို့ အလုပ်သမားရေးရာကိစ္စတွေ၊ လက်ရှိ ကျနော်တို့ အလုပ်သမားရေးရာနဲ့ ပတ်သက်တဲ့ကိစ္စတွေလည်းပါတယ်။ ဒီ ရက် ၁၀၀ စီမံချက်နဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးအနှံ့မှာလုပ်နေတဲ့လုပ်နေတဲ့လုပ်ငန်းတွေလည်းပါတယ်။ နောက်သန်းခေါင်စာရင်း ကိစ္စတွေပါတယ်။ နောက်တခုက Birth Certificate ပေါ့နော် မွေးဖွားမှုလက်မှတ်ထုတ်တာတွေပါတယ်။ နောက်တခါ နိုင်ငံသားမှတ်ပုံတင်လုပ်မယ်ဆိုရင် ဘယ်လိုအဆင့်တွေရှိသလဲဆိုတာတွေပေါ့နောက် သူသိချင်တဲ့အချက်အလက် တော်တော်များများကို မေးသွားပါတယ်ခင်ဗျာ။ ကျနော်တို့လည်း လက်ရှိလုပ်နေတဲ့အနေအထားလေးတွေကို ရှင်းပြလိုက်ပါတယ်ခင်ဗျ။”

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကိုတော့ ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။

သီတင်း ၂ ပတ်နီးပါး လာရောက်ပြီး လူ့အခွင့်အရေး အခြေအနေတွေ ကို လေ့လာနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ မြန်မာနိုင်ငံခရီးစဉ်အားလုံးအပြီး ဇူလိုင်လ ၁ ရက်နေ့မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG